ဈေးကွက်သုံးသပ်ချက် (၂၂.၅.၂၀၂၃) မှ (၂၆.၅.၂၀၂၃)

ဆန်စပါး

ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆက်တိုက်ဈေးမြင့်တက်နေခဲ့တဲ့ ဆန်အများစု ဈေးတွေက ငြိမ်သွားပါတယ်။ နယ်ဈေးကွက်မှာတော့ ဈေးကွက်ထဲ နွေစပါးတွေ ဝင်နေပေမယ့် စပါးဈေးက ငြိမ်သွားပြီး ဆန်ဈေးတွေ အနည်းငယ် ထပ်ပြီး တက်လာပါတယ်။အရောင်းအဝယ်တွေလည်း အေးသွားပြီး ဆန်အဝင်လည်း ပုံမှန် ရှိနေတယ်လို့  သိရပါတယ်။

ရန်ကုန်ဈေးကွက် မှာ မြောင်းမြပေါ်ဆန်းဆန်က တစ်အိတ်ကို ၈၅၀၀၀ ကနေ ၉၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်ကတော့တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အခြားဆန်တွေကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်း ငြိမ်နေပါတယ်။

ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၂၀၇၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၆၁၀၀၀ ကျပ်ဈေးတက်လာပြီး ၊ဆန်က တစ်အိတ်ကို ၈၈၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ ၊ပုသိမ်ဧည့်မထစပါး ကတော့တင်း ၁၀၀ ကို ၁၆၅၆၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀၀ ကျပ်ဈေးတက်လာကာ ၊ဧည့်မထဆန်ကတော့တစ်အိတ်ကို ၆၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။

အခြား မြောင်းမြ၊ဒေးဒရဲ၊ဖျာပုံ၊လပွတ္တာပေါ်ဆန်းစပါး တို့ကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်း ငြိမ်နေပြီး ဆန်ဈေးကတော့ တစ်အိတ်ကို အနိမ့်ဆုံးဈေး ၁၀၀၀ ကနေ ၃၀၀၀ ကြားဈေးမြင့်တက်လာပါတယ်။

ဈေးကွက်ထဲ အဟောင်းလက်ကျန်တွေမရှိတော့ပေမယ့်ဈေးတွေက မြင့်တက်နေခဲ့ပါတယ်။အသစ်စပါးတွေ ကတော့ အဝင်ရှိသလောက် အဝယ်ရှိနေတယ်လို့ နယ်ဆန်စပါးရောင်းဝယ်တဲ့ကုန်သည်တွေက ဆိုပါတယ်။

မတ်ပဲ

မတ်ပဲကတော့ဒီတစ်ပတ်မှာ အနည်းငယ်အပြောင်းအလဲရှိပါတယ်။ဆက်တိုက်ဈေးမြင့်တက်နေခဲ့ရာမှ ဒေါ်လာ ဈေး အနည်း ငယ်ကျဆင်းသွားတဲ့အပြင် အိန္ဒိယနိုင်ငံအတွက် မတ်ပဲဈေးကျဆင်းသွားတဲ့ အတွက်ပြည် တွင်း မတ်ပဲဈေးတွေ ပြန်ကျဆင်းသွားခဲ့ပါတယ်။ဒါပေမယ့် ၂ ရက်အတွင်း ဈေးပြန်မြင့်တက် လာခဲ့ပြီး မတ်ပဲက ဆက်ပြီး တက်နိုင်ဦးမယ်လို့ အိန္ဒိယပဲဈေးကွက် သတင်းမှာဖော်ပြထားပါတယ်။

အိန္ဒိယအစိုးရကတော့ မတ်ပဲဈေးမြင့်တက်တာတွေနဲ့ပတ်သတ်ပြီး အရေးယူတာတွေ မြန်မာအစိုးရနဲ့ G to G ဝယ်ယူနိုင်ဖို့ ဆောင်ရွက်တာတွေ စသဖြင့် ဘက်ပေါင်းစုံက ဆောင်ရွက် နေပေမယ့် ပဲဈေးက မကျဆင်းနိုင်တဲ့  အတွက် ဘရာဇီးနိုင်ငံက မတ်ပဲတွေကို တင်သွင်းဖို့ ဆွေးနွေးညှိုနှိုင်းတာတွေ လုပ်နေတယ်လို့ အိန္ဒိယအစိုးရ က တာဝန်ရှိသူ တစ်ဦး က ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ဖော်ပြောဆိုထားကြောင်း  Current Content က ဖော်ပြထားတဲ့ ဘာသာပြန်သတင်းတစ်ပုဒ်ကနေ သိရပါတယ်။

မြန်မာ့မတ်ပဲတွေကို လာမယ့် ၂၀၂၅ ထိ တင်သွင်းခွင့်ရဦးမှာ ဖြစ်ပြီး အဆိုပါ ပြောဆိုချက်တွေဟာ အဆမတန် မြင့်တက်နေတဲ့ မတ်ပဲ ဈေးကို ထိန်းချုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ မှာ အိန္ဒိယအစိုးရဟာ မတ်ပဲတင်ပို့ရောင်းချတာတွေ နဲ့ပတ်သတ်ပြီး အမျိုးမျိုးသော မူဝါဒတွေ ထုတ်ပြန် ပြီး ဈေးတွေကို ထိန်းချုပ်တာတွေ ပြုလုပ်ခဲ့ပေမယ့် မြန်မာပြည်တွင်းမှာ မတ်ပဲ အထွက်နှုန်းလျော့နည်းတာတွေ သွင်းအားစု မြင့်တက်တာတွေ ၊ပြည်တွင်းငွေလဲလှယ်နှုန်းမြင့်တက်လာတာတွေ ၊အိန္ဒိယနိုင်ငံတွင်း မတ်ပဲလိုအပ် ချက် မြင့်မားလာတာတွေကြောင့် ဈေးက လက်ရှိမှာ အမြင့်ဆုံးအခြေအနေထိရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၂၂၆၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁၅၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။FOB ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၉၂၀ ကနေ ၉၄၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၁၈၀၀၀ကနေ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊မုံရွာ၊ပြည်တို့မှာလည်း တစ်တင်းကို ၇၁၀၀၀ ကနေ ၇၄၀၀၀ ကြားပေါက်ဈေးရှိနေပြီး အတက်ဈေးနဲ့ပဲ ဈေးငြိမ်နေပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဆက်တိုက်ဈေးမြင့်တက်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ်ဈေးပြန်အေးသွား ပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးအတက်အကျကြောင့် ဈေး အပြောင်းအလဲ ဖြစ်သွားခဲ့ပေမယ့် FOBဈေးနှုန်းကတော့ ဈေးမြင့်တက်နေပါတယ်။ အိန္ဒိယပဲသတင်းတွေမှာလည်း ပဲစင်းငုံနီဟာ ဆက်ပြီးတက်နိုင် မယ်လို့သုံးသပ်ထားသလို ပြည်တွင်း ပဲကုန်သည်တွေကလည်း ပဲလက်ကျန်လျော့နည်းနေတဲ့ ပဲစင်းငုံနီ ဟာ လက် ရှိမှာ  ဈေးကျဆင်းနိုင်ဖို့ မရှိဘူးလို့ ခန့်မှန်းထားကြပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၆၇၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၀၀၀ လောက်သာ အတက်ရှိပါတယ်။FOB ဈေးကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၀၄၀ ကနေ ၁၀၈၀ပေါက်ဈေးရှိပြီး တစ်တန်ကို ဒေါ်လာ ၄၀လောက်ဈေးမြင့်တက်လာခဲ့ပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၅၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။

အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၈၄၀၀၀ ကနေ ၈၄၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်အတွင်းမှာ ထိပ်စ ဈေးတွေ ငြိမ်နေပြီး ဝါးခယ်မ ဈေးကတော့ ဆက်တိုက်ဈေး တက်လာ ပါတယ်။နယ်ဈေးကွက်တွေမှာတော့ ပဲတီစိမ်း ထိပ်စတွေက အဝင်မရှိတော့ပဲ ပဲတီစိမ်း အညာတွေသာ ဈေးကွက်ထဲ အဝင်များနေပြီး ဈေးက အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ပုံမှန်အရောင်းအဝယ် ရှိနေပြီး နေ့စဉ် အဝင် ပေါ်မူတည်ပြီး အတက်အကျရှိနေတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၈၃၀ ကျပ်၊ပဲခူးရွှေဝါက တစ်ပိဿာကို ၃၆၃၀ ကျပ် နဲ့ တစ်လနီးပါး ဈေးငြိမ်နေပါတယ်။  ဝါးခယ်မကတော့ တစ်ပိဿာကို ၂၃၆၅ ကနေ ၂၇၇၀ ပေါက်ဈေးရှိပြီး ၃၅ ကျပ်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း အထက်စတွေ ဖြစ်တဲ့ ရွှေဝါတို့က အရောင်းအဝယ်မရှိပဲ ပဲတီစိမ်း အညာက တစ်အိတ်ကို ၁၇၅၀၀၀ က နေ ၁၉၂၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၅၀၀၀ ကနေ ၆၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ပုခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၅၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်ထပ်လာခဲ့ပြီး  တစ်ပတ်အတွင်းမှာတော့ အတက်ဈေးနဲ့ပဲ ဈေးပြန်အေးသွားပါတယ်။အမြင့်ဆုံးဈေး ရောက်ရှိနေတာဖြစ်လို့ အရောင်းရှိနေပေမယ့် အဝယ် ကိုတော့ကုန်သည်တွေက စောင့်ကြည့်နေကြတဲ့အတွက် အဝယ်အေးပြီး ဈေးအေးသွားလို့လည်း သိရပါတယ်။

မုန်တိုင်းနောက်ဆက်တွဲ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးကွက်ထဲကို အဝင်နည်းတဲ့အတွက် ဈေးတွေ အဆမတန် မြင့်တက်လာခဲ့သလို အခြားပဲဈေးတွေလည်း မြင့်တက်လာတာကြောင့်လည်း ဖြစ်တယ်လို့ ပဲကုန်သည် အချို့ကပြောပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၃၉၅၀ ကနေ ၄၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ကျပ်ဈေးတက်လာပြီး ၊ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၀၈၀ ကနေ ၄၁၇၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၅၁၀၀ ကနေ ၅၃၇၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၅ ကျပ်ဈေးတက်လာပါတယ်။ 

မန္တလေးဈေးကွက်မှာတော့ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၂၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၂၃၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်၊ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၂၃၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း ကုလားပဲ ထိုင်ဝမ် က တစ်တင်းကို ၇၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ်၊ကုလားပဲ ၉၂၉ က တစ်တင်းကို ၇၈၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။

စားတော်ပဲ

စားတော်ပဲကတော့ လက်ရှိမှာစံချိန်တင်မြင့်တက်နေပြီး အမြင့်ဆုံးဈေး ရောက်ရှိနေပါတယ်။ပြည်တွင်း စားသုံးမှု များတဲ့ ပဲ လည်း ဖြစ်ပြီး စိုက်ဧကလည်း အများအပြား မရှိတဲ့ အတွက် ဈေးက ပိုကောင်းရရှိနေတာ ဖြစ်ပါတယ်။ ပြည်ပ ကနေ တင်သွင်းတဲ့ စားတော်ပဲ (ကနေဒါ)တွေကတော့ ဈေးသက်သာပေမယ့် ပြည်တွင်း စားတော်ပဲက အရည်အသွေးပိုကောင်းတာ ဖြစ်လို့ စားသုံးမှုလည်း များတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ စားတော်ပဲ တစ်ပိဿာကို ၆၆၆၅ ကနေ ၇၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေး တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၈၀၀၀ ကနေ ၄၀၀၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၁၁၅၀၀၀ ကနေ ၁၁၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေး တက်လာပါတယ်။

စီပီပြောင်း 

ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်မြင့်တက်လာခဲ့တဲ့ စီပီပြောင်းက ဒီတစ်ပတ်မှာတော့ အနည်းငယ်ပြန်ကျဆင်းသွား ပါတယ်။တစ်ပတ်အတွင်းအတက်အကျတည်ငြိမ်မှု မရှိပဲ နေ့စဉ်အဝင်ပေါ်မူတည်ပြီး ဈေးအတက်အကျ ဖြစ်နေပါတယ်။ထိုင်းဘတ်ငွေဈေးတွေ မြင့်တက်လာတဲ့အတွက်ကြောင့် ပြောင်းဈေး အနည်းငယ်မြင့်တက်လာခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ အမြင့်ဈေးနဲ့ အရောင်းအဝယ်များလာတဲ့အတွက်ဈေးချဝယ်ယူတာတွေ ရှိလာတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၂၁၀ ကနေ ၁၂၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၆၁၀၀၀ ကနေ ၆၁၅၀၀ ‌ေပါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၀၃၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ တရုတ်ဘက်ကနေ ဝယ်ယူမှု ရှိလာတဲ့အတွက်ဈေးက ပြန်မြင့်တက်လာပါတယ်။ရန်ကုန်ဈေး ကွက်ထဲကို  ပုံမှန်ကားအဝင်ရှိနေပေမယ့် နယ်ဈေးတွေမှာတော့ အဝင်အနည်းငယ်လျော့တယ်လို့ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာကို ၁၉၀၀ ကနေ ၂၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေး တက်လာပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁၅၀၀ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး တက်လာပါတယ်။

အာလူး

အာလူးဈေးကလည်း တက်လာပါတယ်။ဈေးကွက်ထဲကို အောင်ပန်းအာလူးတွေ အဝင်မရှိပဲ ဟဲဟိုးအာလူးတွေ အဝင်ရှိနေပါတယ်။တရုတ်အာလူးတွေ ဈေးကွက်ထဲကို အဝင်နည်းနေတဲ့အတွက် ပြည်တွင်းအာလူးတွေ ဈေး အနည်းငယ်မြင့်တက်လာတာလို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ အာလူး(ဟဲဟိုး)က တစ်ပိဿာကို ၁၇၀၀ ကနေ ၁၉၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကနေ ၃၀၀ ကြားဈေးမြင့်တက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *