ဈေးကွက်သုံးသပ်ချက် (၅.၆.၂၀၂၃) မှ (၉.၆.၂၀၂၃)

ဆန်စပါး

ဒီတစ်ပတ်ဆန်စပါးဈေးကွက်မှာတော့ ဆန်ချောဈေး အချို့ ဈေးငြိမ်နေပြီး ဆန်ကြမ်းဈေး အချို့ အနည်းငယ်မြင့်တက်ပါတယ်။စပါးဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ဈေးကွက်ထဲကို အဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်ကတော့ အေးတယ်လို့ ဝါးတန်းကုန်စည်ဒိုင်ကနေ သိရပါတယ်။ စပါးကတော့ အဝင်ရှိသလောက် အရောင်းအဝယ်ရှိနေပေမယ့်လှောင်လက်တွေ များလို့ အဝယ်ပဲ ရှိတယ်လို့  ဆန်စပါးကုန်သည်တွေက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဆန်ချောအများစု ဈေးငြိမ်နေပေပြီး ရွှေဘိုပေါ်ဆန်းဆန်ကတော့ တစ်အိတ်ကို ၉၃၀၀၀ ကနေ ၁၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ဆန်ကြမ်း ဖြစ်တဲ့ ရက် ၉၀ ဆန်ကလည်း တစ်အိတ်ကို ၇၁၀၀၀ ကနေ ၇၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ သီးထပ်ဆန်ကလည်းတစ်အိတ်ကို ၆၂၀၀၀ ကနေ ၆၄၀၀၀‌ေ ပါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ဧရာဝတိုင်းဈေးကွက်မှာတော့ ဧရာဝတိုင်းပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၂၁၄၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇၀၀၀ ကျပ်ဈေးတက်လာပြီး ၊ဆန်ကတော့ တစ်အိတ်ကို ၈၉၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ ပုသိမ်ဧည့်မထ(မိုး)စပါးက တင်း ၁၀၀ကို ၁၇၂၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၆၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မြောင်းမြပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၂၁၆၇၃၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၈၈၅၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ မြောင်းမြဧည့်မထ(မိုး)စပါးကတင်း ၁၀၀ ကို ၁၇၃၄၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၂၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၇၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေး ကျဆင်းသွား ပါတယ်။

အခြား ဖျာပုံ၊ဒေးဒရဲ၊လပွတ္တာ၊မအူပင်ဈေးကွက်တို့မှာလည်း စပါးတင်း ၁၀၀ ကို အနိမ့်ဆုံးဈေး ၃၀၀၀၀ ကနေ အမြင့်ဆုံးဈေး ၅၀၀၀၀ ထိ ဈေးမြင့်တက်နေသည်။

မတ်ပဲ

မတ်ပဲကတော့ဆက်တိုက်ဈေး မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ ရက်က အိန္ဒိယနိုင်ငံဗဟိုအစိုးရက မတ်ပဲခွဲခြမ်း သိုလှောင်မှု ကို ကန့်သတ်ထုတ်ပြန်လိုက်ပြီး နောက်ပိုင်း ဈေး အနည်းငယ်ပြန်ကျဆင်းသွားခဲ့ပေမယ့် ရက်ပိုင်းအတွင်းဈေးပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေး မြင့်တက်မှု နဲ့အတူ ဈေးဆွဲတင်ရောင်းချမှုတွေအပြင် အိန္ဒိယနိုင်ငံအတွင်း ပဲလိုအပ်ချက်ကြောင့် ဈေး ဆက်တိုက်မြင့်တက်နေ တာလို့လည်း ပဲကုန်သည်အချို့က ဆိုပါတယ်။

အိန္ဒိယအစိုးရက မတ်ပဲထွက်ရှိမှုနှုန်းက ၂၀၂၂-၂၀၂၃ နှစ်အတွင်း တန်ချိန် ၂ဒသမ၇သန်းသာ ထုတ်လုပ်နိုင်မယ်လို့ ကြေညာထားတဲ့အတွက် မတ်ပဲဈေးက ဆက်ပြီး တက်နိုင်ခြေ ရှိဦးမယ်လို့ ပဲကုန်သည်အများစုက သုံးသပ်ထားပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၂၄၁၄၀၀၀ ပေါက်ဈေး ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၈၀၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။FOB ဈေးနှုန်းတွေကတော့ အမေရိကန်ဒေါ်လာ ၉၅၀ ကနေ ၉၇၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ မတ်ပဲက တစ်အိတ်ကို ၂၃၈၀၀၀ ကနေ ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေး တက်လာပါတယ်။

အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊မုံရွာ၊ပြည်တို့မှာလည်း တစ်တင်းကို ၇၇၀၀၀ ကနေ ၇၉၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၅၀၀ လောက်ဈေးတက်ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဆက်တိုက်ဈေး မြင့်တက်နေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက် က မြင့်မားနေသလို ပြည်တွင်း မှာလည်း ပဲလက်ကျန်မရှိခြင်း၊ငွေလဲလှယ်နှုန်းဈေး မြင့်တက်နေခြင်းတို့ကြောင့် ဈေးက မြင့်တက်နေတာ ဖြစ်ပါတယ်။လက်ရှိ အရောင်းအဝယ်ကတော့ ကြိုက်ရောင်း ကြိုက်ဝယ်အနေအထား ဖြစ်နေပြီး ယခုထက် တက်လာမယ့် ဈေးကို စောင့်ရောင်းချနေသူတွေလည်း များပြားတယ်လို့ ပဲကုန်သည်အချို့က ပြောပါတယ်။

ရန်ကုန်ဈေးကွက် မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၂၉၅၀၀၀  ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၇၀၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ FOB ပေါက်ဈေးနှုန်းကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၂၃၀ ကနေ ၁၂၅၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ဒေါ်လာ ၁၁၀ ဈေးမြင့်တက်လာသည်။ 

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀၀ ကျပ် ဈေးမြင့် တက်လာပါတယ်။

အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၁၀၅၀၀၀ ကနေ ၁၀၅၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂၁၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

ကုလားပဲ

ကုလားပဲဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ငွေလဲလှယ်နှုန်းဈေး မြင့်တက်လာမှု နဲ့အတူ ကုလားပဲဈေးက မြင့်တက်နေတာ ဖြစ်ပါတယ်။ ဈေးမြင့်တက်ပေမယ့် အရောင်းမရှိဘူးလို့ ပဲကုန်သည်တွေက ဆိုပါတယ်။ 

လက်ရှိပေါက်ဈေးနှုန်းသည် စံချိန်တင်ဈေး မြင့်တက်နေခြင်းဖြစ်ပြီး ဆက်ပြီး တက်နိုင်ခြေ ရှိကြောင်း ကုန်သည်အချို့ကတော့ခန့်မှန်းထားသည်။ ကုလားပဲတစ်တင်း တစ်သိန်း ထိ ရောက်ရှိနိုင်မလား ဆိုတာ ဆက်ပြီး စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၄၄၁၅ ကနေ ၄၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေးတက်လာပြီး ၊ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၆၆၅  ကနေ ၄၇၅၀  ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ် ဈေးတက်လာပါတယ်။ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၅၈၀၀ ကနေ ၆၀၂၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၇၅ ကျပ်ဈေးတက်လာပါတယ်။ 

မန္တလေးဈေးကွက်မှာတော့ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၈၀၀၀ ကျပ်၊ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၂၆၅၀၀၀ မှ ၂၆၆၀၀၀  ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်၊ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်းကုလားပဲ ၉၂၉ က တစ်တင်းကို ၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀၀ ကျပ် ၊ကုလားပဲ(ဗွီတူး)ကတော့တစ်တင်းကို ၉၀၅၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၅၀၀ ကျပ် ဈေးတက် လာပါ တယ်။

ပဲကြီး ၊ထောပတ်ပဲ

ပဲကြီး နဲ့ ထောပတ်ပဲ ကလည်း ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ပြည်တွင်း ဝယ်လိုအားမြင့်တက်ပြီး လက်ကျန်လျော့နည်းတဲ့အတွက်ဈေးက မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ ထောပတ်ပဲကတော့ ပြည်ပဝယ်လိုအား ရှိနေတာ ဖြစ်တဲ့အတွက် ဈေးကဆက်တိုက် ဈေး  မြင့်တက်နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဈေးတက်ပေမယ့် အတက်နှေးသွားပါတယ်။ဆက်ပြီး တက်နိုင်ခြေကတော့ နည်းတယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။ ပဲကြီးကတော့ဈေးမြင့်တက်နေပေမယ့် အရောင်းအဝယ်မရှိဘူးလို့ နယ်ကုန်စည်ဒိုင်ကနေသိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း၊ရွှေကျွန်း)က တစ်ပိဿာကို ၄၆၉၅ မှ ၅၁၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။မန္တလေးဈေးကွက်မှာ ပဲကြီးက သုံးတင်းဝင် တစ်အိတ်ကို ၂၅၀၀၀၀ ကနေ ၂၇၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ထောပတ်ပဲကတော့ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၄၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၅ ကျပ်ဈေးတက်လာပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၅၀၀၀၀ ကနေ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကိ ၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ပဲလွန်း

ပဲလွန်းကတော့ ရန်ကုန်ဈေးကွက်အတွင်းမှာတော့ အဝင်နည်းပြီး ဈေးအေးနေပါတယ်။မန္တလေးဈေး ကွက်မှာတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။အရောင်းအဝယ်ကတော့ အဝင်ရှိသလောက် အဝယ်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူက တစ်ပိဿာကို ၂၁၃၀ ကနေ ၂၃၇၀ ပေါက်ဈေး၊ ပဲလွန်းနီကတော့ တစ်ပိဿာကို ၂၉၁၅ ကနေ ၃၃၃၅ ပေါက်ဈေးရှိပြီး ရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲလွန်းဖြူက တစ်အိတ်ကို ၁၅၅၀၀၀ ကနေ ၁၆၀၀၀၀  ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ။ပဲလွန်းပြာကတော့ တစ်အိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ တစ်ပတ်အတွင်း နေ့စဉ် ဈေးကွက်ထဲ အဝင်ပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျအပြောင်း အလဲ ရှိနေပါတယ်။ ပုံမှန်အရောင်းအဝယ်ရှိနေပြီး နယ်စုံဒေသတွေကနေလည်း ဆက်တိုက်အဝင်ရှိပါတယ်။ နေ့စဉ် ရန်ကုန်ဈေးကွက်ထဲကို ပိဿာချိန် ၂ သိန်းနီးပါးအဝင်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာကို ၁၆၅၀ ကနေ ၂၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ကျပ်ဈေး တက်လာပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁၅၀၀ ကနေ ၁၉၅၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့တစ်ပိဿာကို ၁၉၅၀ ကနေ ၂၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။

အာလူး

အာလူးကတော့ ဈေးကွက်ထဲ အဝင်နည်းပြီး အဝယ်သွက်နေတဲ့အတွက်ဈေးက ဆက်တိုက်မြင့်တက်နေပါတယ်။ ဈေးကွက်ထဲကို တရုတ်အာလူးအဝင်လည်း နည်းနေတဲ့အတွက် ပြည်တွင်း အာလူးတွေ ဈေးကောင်းရရှိနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ အာလူး(ဟဲဟိုး)က တစ်ပိဿာကို ၂၂၅၀ ကနေ ၂၅၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ် ဈေးမြင့်တက်လာပါတယ်။တစ်ပတ်အတွင်း တစ်ပိဿာကို ၆၀၀ နီးပါးဈေးမြင့်တက်လာ ခဲ့ပါတယ်။

နှမ်းမျိုးစုံ

နှမ်းမျိုးစုံကတော့ ဈေးကွက်ထဲ ဈေးကောင်းရရှိနေပါတယ်။ ဈေးကွက်ထဲ ကို အသစ်တွေ အဝင်ရှိနေပြီး အဝင်နည်းနေသေးတဲ့အတွက် အဝယ်ကလည်း သွက်နေတယ်လို့သိရပါတယ်။ နှမ်းထွက်ချိန် မိုးရွာသွန်းမှုကြောင့် နှမ်းစိုက်ခင်းများ ပျက်စီးမှုတွေရှိခဲ့ပြီး နှမ်းအထွက်နှုန်းလျော့နည်းနိုင်တာကြောင့် နှမ်းဈေးကတော့ ဆက်ပြီး ကောင်းဦးမယ်လို့ နှမ်းကုန်သည်တွေက ဆိုပါတယ်။ 

နှမ်းနက်(စမုံ)

နှမ်းနက်(စမုံ)ကတော့ ပြည်ပ ဝယ်လိုအားရှိတဲ့အတွက်ဈေးက မြင့်တက်လာပါတယ်။မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၃၀၀၀၀၀ ကနေ ၃၄၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၂၉၀၀၀၀ ကနေ ၃၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းဖြူ

နှမ်းဖြူကတော့ အသစ်တွေ ဈေးကောင်းရရှိနေပါတယ်။နှမ်းဖြူ(ဂျပန်)ကလည်း လက်ရှိမှာ အမြင့်ဆုံးဈေး ရရှိနေပါတယ်။တရုတ်နှင့် ဂျပန်က က အဓိကဝယ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ နှမ်းဖြူ(ရိုးရိုး)က တစ်အိတ်ကို ၃၄၀၀၀၀ ကနေ ၃၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။နှမ်းဖြူ(ဂျပန်)ကတော့ တစ်အိတ်ကို ၃၅၀၀၀၀ ကနေ ၃၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀၀ကျပ်ဈေး မြင့်တက်လာပါတယ်။

နှမ်းညို

နှမ်းညိုကလည်း အဟောင်းလက်ကျန်တွေ မရှိတော့ပဲ အသစ်ထွက်ရှိတဲ့ နှမ်းတွေ ဈေးကောင်းရရှိနေပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းညိုအသစ် တစ်အိတ်ကို ၃၀၃၀၀၀ ကနေ ၃၀၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ပန်းနှမ်း

နှမ်းမျိုးစုံဈေးမြင့်တက်ပေမယ့် ပန်းနှမ်းကတော့ ဈေး ကျဆင်းသွားပါတယ်။ဈေးကွက်အတွင်းပစ္စည်းလက်ကျန် မရှိတော့သလို အရောင်းအဝယ်လည်း အေးသွားပြီး ဈေးကျဆင်းသွားတာလို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၀၀၀၀၀ကနေ ၂၀၅၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *