မြေပဲဆံများ ယမန်နှစ်ကထက် ဈေးကောင်းရနေ သော် လည်း မြေပဲဆီ ဝယ်ယူ စားသုံး မှု နည်း

ဇူလိုင်လ ၁၄ 

ပြည်တွင်းပဲဈေးကွက်အတွင်း မြေပဲဆံများ ဈေးကောင်းရနေသော်လည်း ကုန်ချောဖြစ်သည့် မြေပဲဆီကို ဝယ်ယူစားသုံးမှု နည်းကြောင်း မြေပဲဆံ ဝယ်ရောင်းလုပ်ကိုင်သူများ နှင့် ဆုံဆီ ထုတ်လုပ်ရောင်းချသူများ ထံမှ သိရသည်။ 

“နှစ်စဉ်နှစ်တိုင်းကတော့ ဒီအချိန်ဆို ဈေးစတက်ပြီ။ အခု ၆၉၊၆၈ ထက် ထပ်ပြီး တက်ရင်လည်း သိပ်မစားနိုင်ကြတော့ဘူးဗျ။ အခြေခံက စားသုံးသူအနေနဲ့ကျတော့ အခုဈေးက သိပ်အဆင်မပြေလောက်တော့ဘူး။ ပဲဆံအနေနဲ့ဆိုရင်တော့ တောင်သူတွေတော့ အဆင်ပြေပါတယ်။ ကုန်ချောကျတော့ ဈေးမြင့်သွားတော့ မစားနိုင်ကြတော့ဘူး။ ဆီတစ်ပိဿာကို ဆုံဆီဆိုရင် ၁၄၀၀၀၊ စက်ဆီဆိုရင် ၁၃၊ ၁၂ပေါ့ ။ မြေပဲစိုက်တောင်သူတွေ အနေကတေ့ာ အဆင်ပြေပါတယ်။ ပဲဆီကတော့ ကျွန်တော်တို့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေလောက်ပဲ အားထားရတာ။ ဒေသခံတွေကျတော့ မစားနိုင်တော့ စားအုန်းဆီပဲ ဝယ်စားကြတယ်။ မြို့ကြီးတွေကတော့ လူတန်းစားအစုံရှိတော့ အရင် ၁၀ပိဿာစားနိုင်တဲ့သူက အခု ၅ပိဿာလောက်ပဲ စားနိုင်တော့တာ ပေါ့”ဟု ပခုက္ကူ မြေပဲဆံ ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြေပဲဆုံဆီထုတ်လုပ်ရေးမှ ကိုဝင်းမြင့်ဦးကပြောသည်။ 

ယမန်နှစ်က ယခုရာသီအချိန်၌  မြေပဲ-ပဲကြီးဆံ တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀လောက်သာ ပေါက်ဈေးရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ငွေကျပ် ၆၇၀၀မှ ၆၉၀၀ကျပ်အထိ ပေါက်ဈေးဖြစ်ပေါ်နေကြောင်းသိရသည်။အရည်အသွေးအား ဖြင့် မြေပဲအနီဆံ များက ဈေးပိုကောင်းပြီး တစ်ပိဿာကို ၉၀၀၀ထိ ပေါက်ဈေးရှိကြောင်းသိရသည်။

ပဲဈေးကွက်အတွင်း မြေပဲဆံ ဈေးနှုန်းများ ဈေးတန်းတစ်ခုတွင် တည်ငြိမ်နေသော်လည်း လာမည့် လများတွင် ပဲအသစ်များ ထွက်ပေါ်လာပါက ဈေးနှုန်းအပြောင်းအလဲ ဖြစ်နိုင်ကြောင်း ကျောက်ပန်းတောင်းမြို့ သုခအောင်ပွဲရုံမှ ကိုဇော်မျိုးဟိန်းကပြောသည်။ 

“ ရှေ့လလောက်ဆိုရင်တော့ ပဲအသစ်ပေါ်ရင် ဈေးပြန်အေးနိုင်တယ်။ စားအုန်းဆီဈေးကိုလည်း ပြန်ကြည့်ရမယ်ထင်တယ်။ ဝယ်လက်ကလည်း တကယ်လိုအပ်မှ ဝယ်ကြိတ်တာ။ အနီဆံတွေကတော့ အရောင်းအဝယ်သွတ်တယ်။ ပြန့်ဆံတွေကတော့ ဆီကြိတ်ဖို့ဝယ်တာပေါ့။ အနီဆံကတော့ လုပ်ငန်းသုံးပေါ့။ တရုတ် Export ကတော့ လောလောဆယ်မရှိတော့ပါဘူး။ Export ရှိတယ်ဆိုရင်တော့ အဖြူဆံတို့ အနီဆံတို့က Export လိုင်းသွားတာပေါ့။ လောလောဆယ် အရောင်းအဝယ်ဖြစ်နေတာက ပြည်တွင်း လုပ်ငန်းသုံးရယ်။ ဆီစက်တွေရယ်ပေါ့။ တရုတ်ဘက်က လမ်းကြောင်းမပွင့်ဘူးထင်တယ်။ အရင်ကတော့ ကောင်းတယ်”ဟု၎င်းကထပ်မံ ပြောသည်။ 

ပြည်တွင်းမြေပဲဆီဈေးနှုန်းအနေဖြင့် ပြည်ပမှ တင်သွင်းသည့်စားအုန်းဆီ ဈေးအတက်အကျအပေါ်တွင်လည်း မူတည်၍ ဈေးနှုန်းအတက်အကျရှိကြောင်း သိရသည်။

လတ်တလောဈေးကွက်အတွင်းဖြစ်ပေါ်နေသည့် မြေပဲဆီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀မှ ၁၄၀၀၀ကျပ်အထိ ပေါက်ဈေးရှိနေပြီး ပြီးခဲ့သည့် နှစ်ဖြင့် နှိုင်းယှဉ်ပါက တစ်ပိဿာကို ၅၀၀၀ နီးပါး ဈေးမြင့်တက်လာသည်။

မြေပဲ ထွက်ရှိရာ အဓိက နယ်မြေများတွင် တိုက်ပွဲများကြောင့် စိုက်ပျိုး ဧကများ လျော့ နည်း ကာ အထွက်နည်း ပြီး ဈေးမြင့်တက်လာတယ်လို့ ဒေသခံ တွေက ဆိုသည်။

ပြီးခဲ့သည့် အပတ်က စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုး ရေးကော်မတီ အစည်း အဝေး တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ် အတွက် စားသုံးဆီ ထွက်ရှိမှု နှုန်း တန်ချိန် ၆၈၀၀၀၀ ရှိမည် ဖြစ်သောကြောင့် ပြည်တွင်းစားသုံးမှု လုံလောက် မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်က ပြောသည်။ဆီထွက်သီးနှံ များ ဖြစ်သည့် မြေပဲ၊နှမ်း၊နေကြာ၊မုန်ညင်း နှင့် ပန်းနှမ်း ဧက ၈ ဒသမ ၃ သန်းကျော်ကို လည်း စိုက်ပျိုးထားသည်ဟု သိရသည်။

ကောင်းကောင်း(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *