ကိုယ့်အား ကိုယ်ကိုး၍ မျိုးသန့်ပွားများနည်း

ကိုယ့်အား ကိုယ်ကိုး၍ မျိုးသန့်ပွားများနည်း

ကိုယ်အားကိုယ်ကိုး၍ မျိုးသန့်ပွားများ ကိုယ့်မျိုးကိုယ်ထားနိုင်ရန်၊ မဖြစ်မနေသိရှိ လိုက်နာဆောင်ရွက်သင့်သည့် အဓိက (၁၀) ချက် ကို အောက်တွင် ဖော်ပြလိုက်ရပါသည်-

မြေရွေးချယ်ခြင်း

မျိုးသန့်စပါး စိုက်ပျိုး ထုတ်လုပ်ရန်၊ မြေသြဇာ ထက်သန်သော လယ်မြေကို ရွေးချယ်သင်‌့သည်။ ယခင် စိုက်ပျိုးသည့် အတွေ့အကြုံ အရ စပါး အထွက်ကောင်းသောမြေ ဖြစ်ရမည်။ ရေသွင်း ရေထုတ် လွယ်ကူရမည်။ စိုက်ပျိုး ထုတ်လုပ်ရမည့် စပါးမျိုးနှင့် တူညီသည့် စပါးမျိုးကို စိုက်ပျိုးခဲ့ပြီး ပိုးမွှားရောဂါ ကျရောက်မှု မရှိခဲ့သည့် လယ်‌မြေ ဖြစ်ရပါမည်။ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ သစ်စိမ်း-မြေသြဇာ ကဲ့သို့ စပါးနှင့် မတူညီသည့် ယာသီးနှံများ စိုက်ပျိုးခဲ့သည့် လယ်‌မြေကို အလေးပေး ရွေးချယ်သင့်ပါသည်။

မျိုးစေ့ရွေးချယ်ခြင်း

မျိုးအဖြစ် အသုံးပြုမည့် စပါးမျိုးစေ့သည် မျိုးစစ်မျိုးမှန် မျိုးကောင်းဖြစ်၍ မျိုးကွဲကင်းစင်သည့် မျိုးသန့်ဖြစ်ရမည်။ အစေ့တွင်းစာ ပိုမိုပါရှိသည့် အောင်မြင်ပြည့်ဖြိုးသော စပါးမျိုးစေ့များကို ရရှိစေရန် ဆားရည်စိမ်၍ မျိုးရွေးချယ် နိုင်သည်။ သို့မဟုတ်ပါက ရိုးရှင်း၍ လွယ်ကူသည့် ရေသန့်တွင် မျိုးစေ့များကို သုံးကြိမ် ရွေးချယ်၍ အဖျင်းအမှော်နှင့် လုံးပိန် လုံးညှပ် မျိုးစေ့များကို ဖယ်ထုတ်ထားသည့် အောင်မြင်ပြည်‌့ဖြိုးသော မျိုးစေ့များ ဖြစ်သင့်ပါသည်။ စပါးမျိုးသည် အပင်ပေါက် ရာခိုင်နှုန်း ၈၀ ကျော်ရပါမည်။

ထွန်ရေးတမန်း ပြုပြင်ခြင်း

မျိုးသန့်စိုက်ပျိုး ထုတ်လုပ်မည့် လယ်‌မြေကို ထယ်ရေးနက်၍ တမန်းညက်အောင် ပြုပြင်ရမည်။ တမန်း ပုပ်၍ မြေမျက်နှာပြင် ညီညာအောင် ကြမ်းရိုက်‌ မြေညှိရမည်။ တမန်းပုပ်အောင် ထွန်ယက် မှသာ ပေါင်းမြက်ပင် များ၊ ပေါင်းမြက် စေ့များ ရှင်သန်နိုးကြား ပြန်လည် ပေါက်ရောက်လာမှုကို ကာကွယ်နိုင်မည်။ ‌မြေ မျက်နှာပြင် ညီညာ သဖြင့် ရေသွင်းရေထုတ် လွယ်ကူ စေမည်။ ထပ်မံ ပေါက်လာနိုင်သည်‌့ ပေါင်းမြက်စေ့များကို ရေဖြင့် ဖုံးလွှမ်း ကာကွယ် နိုင်မည် ဖြစ်ပါသည်။

စိုက်ပျိုးခြင်း

မျိုးသန့်ပွားများ ထုတ်လုပ်ရာတွင် ပျိုးသက် ၁၅ မှ ၂၀ ရက်သား ရှိသော ပျိုးသက်ငယ်ပျိုး များကို အသုံးပြုရန် ဖြစ်သည်။ ပျိုးပင်ငယ် များသည် သန်စွမ်းရမည်။ ပိုးမွှားရောဂါ ကင်းရှင်းရမည်။ ပေါင်းမြက်ပင်များ ရောနှော ပါဝင်လာခြင်း မရှိစေရပေ။ ပျိုးပင်ငယ်များကို စိုက်ခင်း၌ တန်းကြား ပင်ကြား အကွာအဝေး ၉ လက်မ x ၉ လက်မ တွင် လက်ဆ ၂ ပင်နှုန်းဖြင့် စိုက်ပျိုးရမည်။ ကွင်းဆင်း စစ်ဆေးရန်နှင့် မျိုးကွဲ နှုတ်ပယ်မှု လွယ်ကူစေရန် ၆ တန်း ၁ တန်း လှပ် စိုက် စနစ်ကို အသုံးပြုရန် လိုပါသည်။

မြေဩဇာသုံးစွဲခြင်း

စပါးပင် ဖြစ်ထွန်း ပွင့်သီး အောင်မြင်ရန် အတွက် နိုက်ထရိုဂျင်၊ ဖော့စဖာရပ်၊ ပိုတက်စီယမ်၊ ဆာလဖာနှင့် ဇင့်ဓာတ် များ ပြည့်စုံစွာရရှိရန် လိုအပ်ပါသည်။ အဆိုပါ အာဟာရဓာတ် ပါဝင်သော ဓာတ်မြေသြဇာ များကို ထည့်သွင်းရန် လိုအပ်သည်။ ထည့်သွင်းရာတွင် အာဟာရ အချိုးအစား ကိုက်ညီရမည်။ စပါးမျိုး အလိုက် စပါးပင်၏ သက်တမ်းနှင့် အညီ ‌မြေခံထည်‌့ခြင်း၊ အပင်ပေါ်မှ အလီလီခွဲ၍ ကောက်ပင်လှန် ချိန်ထည့်ခြင်း၊ စပါးပင် မှို့ကပ်ချိန်ထည့်ခြင်း၊ အနှံ ထွက်ချိန် ထည့်ခြင်း တို့ကို မှန်ကန်စွာ ဆောင်ရွက်ရန် ဖြစ်ပါသည်။

ပေါင်းမြက်နှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း

မျိုးသန့် စပါးခင်းကို ယေဘူယျ အားဖြင့် ကောက်စိုက်ပြီး ရက်ပေါင်း ၃၀ အတွင်း ပေါင်းမြက် လုံးဝ ကင်းစင် အောင် ဆောင်ရွက်ရန် လိုသည်။ စိုက်ပြီး တစ်ပတ်မှ ၁၀ ရက် အတွင်း ပေါင်းသတ်ဆေး သုံးစွဲခြင်း၊ လက်တွန်းကြား ပေါင်းလိုက် ကရိယာဖြင့် အနည်းဆုံး နှစ်ကြိမ် တမန်းနှိုး၍ ပေါင်းမြက် သုတ်သင်ခြင်း၊ လက်ပေါင်း အနည်းဆုံး တစ်ကြိမ်လိုက်ခြင်း တို့ကို ဆောင်ရွက်ရန်ဖြစ်သည်။ ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရန် ကြိုတင် ကာကွယ်ခြင်း၊ ကျရောက်ပါက ထိရောက်သော ပိုးသတ် ဆေး၊ ရောဂါ ကာကွယ်ဆေးများဖြင့် နှိမ်နင်းခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်ရန် ဖြစ်ပါသည်။

မျိုးကွဲ နှုတ်ပယ်ခြင်း

စပါးပင်ပွား အများဆုံး ထွက်ချိန်တွင် မျိုးကွဲနှုတ်ပယ်ခြင်း လုပ်ငန်းကို ထိရောက်စွာ စတင် ဆောင်ရွက်ရန် လိုသည်။ ကောက်ပင်များကို ၆ တန်း တစ်တန်းလှပ်၍ စိုက်ပျိုးထားရာ လှပ်ထားသော တန်းကြား အတွင်း မျိုးကွဲ ပယ်သူက ဝင်ရောက်၍ ကွင်းဆင်း စစ်ဆေးရန် ဖြစ်သည်။ စိုက်သည့် မျိုးထက် အပင်အရပ် အနိမ့်အမြင့်ခြားနားသော စပါးပင်၊ အပင်ဖြစ်ထွန်းမှု ပုံစံ မတူညီဘဲ ပင်စည် စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့် အကျယ်၊ ပင်စည်မှ အရွက်ထွက်ပုံ ထောင့်အကျဉ်းအကျယ် ကွာခြား သော အပင်တို့ကို ဖယ်ရှားရပါမည်။ ပန်းပွင့်ချိန်တွင် ပုံမှန် ထက်စော၍ ပန်းပွင့်သော စပါးပင်နှင့် နောက်ကျ၍ ပန်းပွင့်သော စပါးပင်တို့ကို ဂရုပြု၍ တူညီမှုမရှိသော စပါးပင် မှန်သမျှ မျိုးကွဲအဖြစ် ပယ်ရန် ဖြစ်သည်။ ထွက်လာသော စပါးနှံနှင့် အလံရွက်၏ အတိုအရှည် ထောင့်အကျဉ်း အကျယ်တို့ကို စစ်ဆေးပြီး မျိုးကွဲ ကုန်စင်အောင်ပယ်ရန် လိုပါသည်။

ပိုးမွှားရောဂါ ကျရောက်သော စပါးပင်၊ သန်စွမ်းဖြစ်ထွန်းမှု မရှိသော စပါးပင်များကို မျိုးကွဲအဖြစ် သတ်မှတ် ကာ နှုတ်ပယ်ရန် လိုမည် ဖြစ်သည်။ ဆက်လက်၍ ရင့်မှည့်ချိန်တွင် ရင့်မှည့်မှု စောလွန်း ခြင်း၊ နောက်ကျ လွန်းခြင်း၊ စပါးလုံးပုံ သဏ္ဍာန် အရွယ်အစား အရောင်တူညီမှု မရှိခြင်း စပါးလုံး၌ အမြီးပါခြင်း၊ မပါခြင်းတို့ကို စစ်ဆေးကာ မျိုးကွဲပယ်ရန် ဖြစ်ပါသည်။

ရိတ်သိမ်းခြင်း

မျိုးသန့် စပါးခင်း၌ စပါးနှံများရှိ စပါးစေ့များ၏ ၈၀ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးဝါရောင် ပြောင်းချိန်သည် ပြည့်စုံသည့် ရင့်မှည့်ချိန် ဖြစ်သည်။ ဤအချိန်တွင် စပါးရိတ်သိမ်းရန် ဖြစ်ပါသည်။

ချွေလှေ့၊ သန့်စင်၊ အခြောက်လှမ်းခြင်း

မျိုးသန့် စပါးကို မချွေလှေ့မှီ သုံးစွဲမည့် ချွေလှေ့စက်၊ ချွေလှေ့တလင်း၊ ပုံး၊ အိတ် စသည်‌့ အသုံးအဆောင် ပစ္စည်း အားလုံးတွင် အခြားမျိုးကွဲ စပါးစေ့များတွယ် ညိကပ်တွယ်နေခြင်း မရှိစေရန် သေချာစွာ စစ်ဆေးဖယ်ရှားရန် လိုသည်။ ချွေလှေ့သန့်စင်ပြီး မျိုးသန့် စပါးစေ့များကို အစိုဓာတ် ၁၂ မှ ၁၄ ရာခိုင်နှုန်းသို့ ရောက်သည်ထိ အ‌ခြောက်လှမ်းရန် လိုသည်။ ၎င်းနောက် မျိုးစေ့ အဆင့်ခွဲခြား သတ်မှတ်ကာ လေဘယ် ချိတ်ဆွဲထားရန် ဖြစ်ပါသည်။

သိုလှောင်ထိန်းသိမ်းခြင်း

အဆင့်အတန်း ခွဲခြားပြီး လေဘယ် ချိတ်ဆွဲထားသော မျိုးစေ့များကို လေလုံပိတ်၍ သိုလှောင်ရန်ဖြစ်သည်။ မျိုးစေ့ ထည့်သွင်း ထားသည့် အိတ်၊ ပုံး၊ ပုပ် စသည့် ထည့်သွင်း ပစ္စည်းများကို အေးမြ‌ ခြောက်သွေ့ပြီး သန့်ရှင်းသော မျိုးစေ့ခန်း၊ အဆောက်အဦ အတွင်း စနစ်တကျ သိုလှောင်ထားရှိ ရပါမည်။ ကိုယ်ပိုင် မျိုးသန့်မျိုးစေ့ ထုတ်လုပ်ရန် လုပ်ကိုင် ဆောင်ရွက်နည်းအဆင့်ဆင့် ပါဝင်သော အချက် (၁၀) ချက်ကို စိုက်ပျိုးသူ တောင်သူ လယ်သမားများ၊ ပုဂ္ဂလိက မျိုးစေ့ ကုမ္ပဏီများ၊ မျိုးစေ့ ထုတ်လုပ်လိုသော အဖွဲ့အစည်းများ လိုက်နာဆောင်ရွက်သင့်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *