ရခိုင်ပြည်နယ်စစ်တွေ ဆိပ်ကမ်းမှ ဘဂ်လားဒေ့ရှ်သို့ ဆန်တန်ချိန်တစ်သောင်း တင်ပို့မည်

ရန်ကုန် ဇူလှိုင်လ ၂၁

ရခိုင်ပြည်နယ်စစ်တွေ ဆိပ်ကမ်းမှ ဘဂ်လားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သောင်း ယခုနှစ်အတွင်း တန်ပို့ရန်စီစဥ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် CEC ဗဟိုအလုပ်မှုဆောင် ၊ ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်းများ အသင်း အထွေထွေ အတွင်းရေးမှူး ဦးဇော်သန့်အောင်ကပြောသည်။

” ရခိုင်ပြည်နယ် စစ်တွေ ဆိပ်ကမ်းကနေပေါ့။ အရင်တုန်းက ဘင်္ဂလားဒေ့ရှ်ကို ပို့တာက ရန်ကုန်ဆိပ်ကမ်းကပဲပို့တာ။ ဆိပ်ကမ်းက ပြီးသွားပြီလေ။ရခိုင်ပြည်နယ်က ဆန်တင်ပို့တာကို။ ဒီနှစ်တန်ချိန် တစ်သောင်းတော့ မှန်းထားတယ်”ဟု ၄င်းကပြောသည်။

ယခု ပေးပို့မှုသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ်က တန်ချိန် ၂၅၀၀ သာ တင်ပို့ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ဧကပေါင်း ဆယ်သိန်းခန့်ရှိသော်လည်း ရှေးယခင်နှစ်များက စိုက်ဧကအားလုံးကို မစိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ယခုနှစ်တွင် မိုးစပါးကို စိုက်ဧကအားလုံးစိုက်ပျိုးနိုင်ရန် ခန့်မှန်းထားကြောင်း ရခိုင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

မိုခါမုန်တိုင်းတိုက်ခတ်ခဲ့စဥ်က ရခိုင်ပြည်နယ်အတွင်းရှိ ဆန်စက်များ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ယခုအခါ ပြန်လည်ပြင်ဆင်မွန်းမံမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

“လုံး၀ပျက်စီးသွားတဲ့ ဆန်စက်တွေလည်းရှိတယ်။ စစ်တွေမှာတော့ လုံး၀ပျက်စီးသွားတာရှိတယ်။ ရခိုင်အများပိုင် ကုမ္မဏီပေါ့နော်။ ရခိုင်အများပိုင် ကုမ္မဏီက လုံး၀ပျက်စီးသွားတယ်။ သူတို့ဆန်စက်က တန်၆၀ကျထင်တယ်။ ခုတော့ သူတို့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်နေပြီ။ ပုဏ္ဏားကျွန်းမှာလည်း ပျက်စီးတယ်။ ခေတ်မီဆန်စက်တွေ ခုနှစ်လုံး ရှစ်လုံးလောက်ရှိတယ်။ အဲဒီအထဲမှာ လုံး၀ လည်ပတ်လို့မရအောင် ပျက်စီးသွားတာရှိတယ်။ တချို့စက်တွေက အမိုးလန်တာ အကာပါသွားတာတို့ တော့ရှိတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် CEC ဗဟိုအလုပ်မှုဆောင် ၊ ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်းများ အသင်း အထွေထွေ အတွင်းရေးမှူး ဦးဇော်သန့်အောင်ကပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏စာရင်းဇယားများအရ ဆန်ပြည်ပတင်ပို့မှု၊ ပို့ကုန် ဝင်ငွေ ရရှိမှု အနေ ဖြင့်၂၀၂၁-၂၀၂၂ ဧပြီလ မှ မတ်လကုန် အထိ ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် -2164681 MT။ပို့ကုန်ဝင်ငွေ USD – 809.135 Million။ ၂၀၂၂-၂၀၂၃ ဧပြီလ မှ မတ်လကုန် အထိ ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် – 2261203 MT။ ပို့ကုန်ဝင်ငွေUSD – 853.472 Million ရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှုသည် အများဆုံး ဖြစ်သည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် အတွက် ဆန်တန်ချိန် (၂.၅) သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၁၀၀၀) ရရှိရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် ရည်မှန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကောင်းကောင်း(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *