ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အဝယ်နည်းသွား၍ ဂျင်းတက်ဈေး ပြန်ကျဆင်း

မြန်မ့ာချင်းတက် (ဂျင်း) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အဝယ်နည်းသွားသောကြောင့် ဂျင်းတက် စျေး တစ်ပိဿာကို အနိမ့်ဆုံး ၂၀၀၀ ကျပ်အထိ ပြန်လည်ကျဆင်းလာနေ ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ ချင်းတက်လိုအပ်ချက်ကို ပြီးခဲ့သည့် ဇွန်လ နှင့် လက်ရှိ ဇူလိုင်လအတွင်း ၌ ချင်းတက် တန်ချိန်အများအပြားကို စျေးကောင်းပေးကာ တင်သွင်းခဲ့ပြီးနောက် လက်ရှိတွင် ချင်းအဝယ်ကို မရှိသလောက် ရပ်လိုက်သဖြင့် ပြည်ပစျေးကွက် လည်းကျသွားသလို ပြည်တွင်းချင်းတက်စျေးလည်း ကျဆင်းသွားခြင်းဖြစ်ဟုသိရသည်။

” သူတို့လိုအပ်တဲ့ပမာဏရသွားလို့စျေးချသွားတာပေါ့။အရင် ၁ လ၊ ၂ လောက်တုန်းက ဂျင်းအလိုရှိတယ်ဆိုတော့ သူတို့ဘက်က စျေးတင်ပေးတယ်၊ဒေါ်လာလည်းရောင်းပေးတယ်၊သူတို့အလိုရှိတော့ ချင်းတက် စျေးရခဲ့တယ်။ အခုကျသူတို့က လိုအပ်တာသွင်းပြီးပြီဆိုတဲ့အခါကျတော့ အခု အလိုသိပ်မရှိတော့ ဘူးဆိုတော့ စျေးကျတာပေါ့။ခုရက်ဆို ဘင်္ဂလားဒေ့ရှ်ဘက်မှာ တစ်ကီလို ၂၀၀ အောက်ကျသွားပြီ ” ဟု မောင်တောနယ်စပ် ကုန်သည်တစ်ဦးဖြစ်သူ ဦးအောင်နိုင်မှပြောသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မြန်မ့ာချင်းတက် တင်ပို့မှုအနေဖြင့် နေ့စဥ်ပုံမှန် တင်ပို့နိုင် ခြင်း ပင်မရှိကြောင်း ၊ တင်ပို့သည့်အခါတွင်လည်း အခြားသောကုန်စည်ပစ္စည်းများနှင့်ရောနှောပို့ဆောင်နေရသည့်အခြေအနေ ဖြစ်ကြောင်း သိရသည်။

ယခင် ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာ့ချင်းတက် များ အဝယ်လိုက်ချိန်တွင် ဘင်္ဂလားဒေ့ရှ်စျေးကွက်တွင် မြန်မာ့ ချင်းတက် တစ်ကီလိုကို ၃၀၀ တာကာ ဝန်းကျင် စျေးတန်းရှိခဲ့ပြီး လက်ရှိတွင်မူ ချင်းတက် တစ်ကီလိုကို ၁၈၀ ၊ ၁၉၀ တာကာ သာရှိတော့ကြောင်း စျေးကွက်အရသိရသည်။

အလားတူ ပြည်တွင်းစျေးကွက်တွင်လည်း ယခုလ ဇူလိုင်လ ပထမအပတ်တွင် ချင်းတက် တစ်ပိဿာ ၁၀၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး လက်ရှိတွင် ချင်းတက် တစ်ပိသာကို အနိမ့်ဆုံး ၂၀၀၀ ကျပ် အထိပြန်လည်ကျဆင်းပြီး အမြင့်ဆုံးစျေး ၅၀၀၀ ကျပ်အထိသာ စျေးတန်းရှိတော့ကြောင်းသိရသည်။

” ဂျင်းတက်က သိပ်မသန့်တာ ၊ မချောတာက ဒိုင်တိုက်ရိုက် ၁၅၀၀ ရှိတယ်၊ ၂၀၀၀ ရှိတယ်။အစားစားပေါ့။ အသန့် အချောကတော့ ခုအမတို့ပြန်ဖြန့်တာ ၅၀၀၀ စျေးပါ၊ လက်လီပေါ့။ လက်ကားဆို စျေးသပ်သပ်ရှိပါတယ်။ ဒါကခုရက်လေးပြန်တက်တာပြောရမယ်။အရင်ရက်က ၃၅၀၀ ရောင်းတာပါ။ ခုလထဲအစလောက်မှာပဲ ဂျင်း၁ပိသာ ၁၀၀၀၀ အထိရောင်းရသေးတယ်လေ။အဲ့တုန်းက အဝယ်ကတော့ သိပ်မရှိခဲ့ပါဘူး။” ဟု ပြည်မြို့မှ ဂျင်း၊ ကြက်သွန်နီ ကုန်ခြောက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ မမျိုးကပြောသည်။

မြန်မာ့ချင်းတက်စျေးသည် ခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လ အတွင်းက တစ်ပိဿာလျှင် ၁၂၀၀ ကျပ် မှ ၁၅၀၀ ကျပ်အတွင်းသာ ဈေးတန်း ရှိခဲ့ဟုသိရသည်။

ချင်းတက်ကို ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တွင် အဓိကစိုက်ပျိုး ကြပြီး စိုက်ခင်းဧကအနေဖြင့်မူ ၁၅၀၀၀ ဧက အထက်ရှိကြောင်းစိုက်ပျိုးရေးဦးစီးဌာန သတင်းများအရ သိရသည်။

မြန်မာ့ ချင်းတက်ကို ဧပြီလတွင် စိုက်ပျိုးလေ့ရှိ ပြီး ဇွန်လ နှင့် ဇူလိူင်လ တို့တွင် ဂျင်းတက်တစ်ကြိမ်ပေါ်ကြောင်း ၊ ယင်းနောက် စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် နောက်တစ်ကြိမ်ထပ်မံ တူးဖော်ရကြောင်းသိရသည်။

မြန်မာ့ချင်းတက်ကို ပြည်ပပို့ကုန်အဖြစ် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ချ်နိုင်ငံကိုသာ အဓိက အများဆုံးတင်ပို့နေရခြင်းဖြစ်ဟုသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူး‌ယူဖော်ပြခြင်း မပြုလုပ်ပဲ Share ပေးခြင်းဖြင့် ကူညီပါ)

Leave a Reply

Your email address will not be published. Required fields are marked *