ရေချိုငါးလုပ်ငန်း ဥပဒေကိုဖျက်သိမ်း

ရန်ကုန်၊ ဇူလိုင် ၃၀

ရေချိုငါးလုပ်ငန်းဥပဒေ ကို ရုပ်သိမ်းလိုက်ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့တွင် အသိပေးကြေငြာခဲ့သည်။

အဆိုပါ ဥပဒေသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) မှ ဥပဒေအမှတ် ၁/ ၉၁ ဖြင့် ၁၉၉၁ ခုနှစ်၊ မတ်လ ၄ ရက်တွင် ပြဌာန်းခဲ့သော ‘ရေချိုငါးလုပ်ငန်းဥပဒေ’ ဖြစ်ကြောင်းသိရသည် ။

အဆိုပါ ရေချိုးငါးလုပ်ငန်းဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၅၃/၂၀၂၃)ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်မှတ်ထိုး၍ ရုပ်သိမ်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

“ဒီဥပဒေမရှိတဲ့ကြားကာလဘယ်လိုထိန်းမှာလဲ ။ သူလင့်ခ်လုပ်ထားတဲ့ အရင်အဟောင်းကိုချိတ်မလား တခါထဲဖော်ပြသင့်တယ်။စီးပွားရေး လုပ်ငန်းရှင် တွေလုပ်ချင်ရာလုပ်ပြီးဝင်လာမှာစိုးရိမ်ရတယ်၊ သဘာဝအရင်းအမြစ်တွေကို ထိမှာစိုးရိမ်ရတယ်။ဥပဒေမရှိဘဲ လုပ်ချင်တာလုပ်ကြကွာလို့တော့မလုပ်လောက်ဘူးလို့ထင်ပါတယ်။ဒီတော့ လုပ်နေတာရှိရင်လည်း မြန်မြန်အကောင်ထည်ဖော်သင့်ပါတယ်။ခုရေချိုငါးလုပ်ငန်းဥပဒေပယ်ဖျက်လိုက်တော့ ဒီအရင်ထဲက အင်း အိုင်တွေ အရင်အဆက်ဆက်ထိန်းခဲ့တာတွေ အကုန်ပါသွားပြီလား မပါသွားဘူးလား အငြင်းပွားဖွယ်ရာတွေရှိတယ်။ ” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရေး လေ့လာစောင့်ကြည့်သူ တစ်ဦးမှ သုံးသပ်ပြောသည်။

ရေချိုးငါးလုပ်ငန်းဥပဒေတွင် အခန်းပေါင်း ၁၄ ခန်းပါရှိ၍ ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးမျိုးပြုန်းတီးမှုကို ကာကွယ်တားဆီးရန်၊ ရေချိုငါးလုပ်ငန်း ရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်က ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန်၊ ငါးလုပ်ငန်းများကို ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း ပြုနိုင်စေရန် ဟူသည့် ရည်ရွယ်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် အခန်း (၂) ပုဒ်မ ၃ တွင် ပြဌာန်းထားကြောင်းသိရ သည်။

အခန်း ၃ တွင်လည်း အငှားဂရန်၊ လိုင်စင်လျှောက်ထားခြင်း၊ ထုတ်ပေးခြင်းနှင့်ပတ်သက်သည့် ပြဌာန်းချက်များလည် ပါရှိကြောင်းသိရသည်။

ရေချိုငါးလုပ်ငန်းသည် မြန်မာနိုင်ငံတွင် အရေးပါသည် အခန်းကဏ္ဍတွင်ရှိပြီး ရေချိုငါး ၊ ရေချိုငါးငပိမှအစ၊ ရေချိုငါးပိကောင်၊ ငါးရံ့ခြောက်၊ ငါးဆားနယ်၊ ငါးချဥ် အစရှိသည်တို့ကို ထုတ်လုပ်ပေးသည့်လုပ်ငန်းဖြစ် ဟုသိရသည်။

ရေချိုငါးလုပ်ငန်းမှထုတ်လုပ်သော ငါးထွက်ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံ၏ အသားငါးကဏ္ဍတွင် ၉၀ ရာခိုင်နူန်း ရှိပြီး ပြည်ပကိုလည်း တင်ပို့ရောင်းချနေရကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၈ ခုနှစ် စာရင်းများအရ ငါးမွေးမြူရေးကန်၂၄၇၀၀၇ ဧက ၊ ပုစွန်မွေးမြူရေးကန် ၂၄၄၃၃၈ ဧက အားလုံး စုစုပေါင်း ၄၉၁၃၄၅ ဧက မွေးမြူ ကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *