ဈေးကွက်သုံးသပ်ချက် (၂၄.၇.၂၀၂၃) မှ (၂၈.၇.၂၀၂၃)

ဆန်စပါး

ဝါးတန်းဈေးကွက်မှာတော့ ဆန်ဈေးတွေက မြင့်တက်လာပါတယ်။ငွေကျပ် ၂ သောင်းတန် ငွေစက္ကူ ထွက်ရှိမည့် သတင်း ထုတ်ပြန်ပြီးတဲ့နောက် ဈေးမြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ဈေးကွက်ထဲကို ဆန်အဝင်နည်းသွားပြီး အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ငွေဈေးအခြေအနေကြောင့် အရောင်းအဝယ်တွေ ရပ်တန့်သွားခဲ့ပြီး ဝယ်လိုအား များကာ ဈေး မြင့်တက်သွားခဲ့တာ ဖြစ်တယ်လို့ ဆန်ကုန်သည်အချို့က ဆိုပါတယ်။

ဆန်ဈေးတွေ မြင့်တက်လာပေမယ့် စပါးဈေးကွက်မှာတော့ ပုံမှန်အတိုင်း ရှိနေပြီး ဈေးငြိမ်နေပါတယ်။ လက်ကားဈေးကွက်မှာ ဈေးငြိမ်နေပေမယ့် လက်လီဈေးကွက်မှာတော့ ဈေးတွေ မြင့်တက်လာခဲ့တယ်လို့ ဆန်ဝယ်ရောင်းလုပ်ကိုင်သူများက ပြောပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေးတို့ က တစ်အိတ်ကို ၉၁၀၀၀ ကနေ ၉၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊မြောင်းမြပေါ်ဆန်းမွှေးကတော့ တစ်အိတ်ကို ၉၅၀၀၀ ကနေ ၉၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ပေါ်ဆန်းနယ်စုံက တစ်အိတ်ကို ၉၀၀၀၀ မှ ၉၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၁၀၀၀၀၀ မှ ၁၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် အသီးသီးဈေးတက်လာသည်။

ဆန်ကြမ်း ဖြစ်တဲ့ ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၆၂၀၀၀ ကနေ ၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၅၀၀ ကျပ်၊ဧည့်မထ ၂၅ မှတ်တန်ကတော့ တစ်အိတ်ကို ၅၈၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ငစိန်က တစ်အိတ်ကို ၆၁၀၀၀ ကနေ ၆၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ရက် ၉၀ ကတော့ တစ်အိတ်ကို ၇၁၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် အသီးသီးဈေး မြင့်တက်လာသည်။

ဧရာဝတီဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်စပါး၊မြောင်းမြပေါ်ဆန်းစပါး၊ဖျာပုံပေါ်ဆန်းစပါး နှင့် ဒေးဒရဲပေါ် ဆန်းစပါး တို့က တင်း ၁၀၀ ကို ၁၉ သိန်းကနေ ၂၂ သိန်းနီးပါး ပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။

လက်ကားဈေးကွက်မှာ တစ်အိတ်ကို အနိမ့်ဆုံးဈေး ၂၀၀၀ ကနေ အမြင့်ဆုံး ၅၀၀၀ ကြားဈေး မြင့်တက်ပေမယ့် လက်လီဈေးကွက်မှာတော့ တစ်ပြည်ကို ငွေကျပ် ၅၀၀ လောက်ဈေး ထပ်မံ မြင့်တက်လာပြီး တစ်အိမ်ကို ၁၀၀၀၀ နီးပါးဈေး တက်လာပါတယ်။

မတ်ပဲ

မတ်ပဲကတော့ နှစ်ပတ်ဆက်တိုက်ဈေး မြင့်တက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဈေးကွက်ထဲကို အသစ် အဝင် အနည်းငယ်ရှိနေပြီး အဝင်ရှိသလောက် အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ ငွေစက္ကူဂယက်ကြောင့် ကုန်သည်များက စောင့်ကြည့်နေကြတဲ့အတွက် အဝယ်ရှိနေပေမယ့် အရောင်းကတော့ မရှိဘူးလို့ ကုန်သည်အချို့က ဆိုပါတယ်။ ဈေးကွက်အတွင်း ပဲလက်ကျန်လည်း သိပ်မရှိတဲ့ အတွက် ဈေးအတက်အကျ ကတော့ အများကြီး မရှိပေမယ့် နေ့စဉ် ငွေလဲလှယ်ပေါက်ဈေးနှုန်းအတိုင်းတော့ ပြောင်းလဲနေတဲ့အခြေအနေ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၂၉၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၀၀၀၀ နီးပါးဈေး မြင့်တက်လာပါတယ်။

 မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၂၀၀၀၀ ကနေ ၂၂၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဈေးကွက်အတွင်း လက်ကျန်လည်း မရှိတဲ့အတွက် အရောင်းအဝယ်လည်း မရှိသလို ငွေဈေးကြောင့် အတက်အကျ အပြောင်းအလဲကလည်း ထူးခြားစွာ မရှိသည်ကို တွေ့ရပါတယ်။အိန္ဒိယနိုင်ငံ မှာမုတ်သုံကြောင့် မိုးစိုက်ပဲ ဧက လျော့နည်းမယ်လို့ ထုတ်ပြန်ထားပါတယ်။ပဲဈေး ကို ထိန်းချုပ်ရန်အတွက် အိန္ဒိယအစိုးရက အမျိုးမျိုးလုပ်ဆောင်နေခဲ့ပြီး ပြည်တွင်းမှာတော့ လက်တလော အခြေအနေအရ ငြိမ်နေတဲ့ အခြေအနေ လို့ သတ်မှတ်ရနိုင်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို သိန်း ၃၀ ပတ်ချာလည် နဲ့ ၂ ပတ်ဆက်တိုက် ဈေးငြိမ်နေခဲ့ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ဈေးမဖွင့်ပါဘူး။

ပဲတီစိမ်း

ပဲတီစိမ်းက ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိနေပေမယ့် တရုတ်အဝယ်ရှိနေတဲ့အတွက် ဈေးက မြင့်နေပါတယ်။ နေ့စဉ်အဝင်ပေါ်မူတည်ပြီး အတက်အကျ အနည်းငယ်သာ ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၃၃၀ ကျပ်၊ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၆၆၅ မှ ၂၉၇၀ ပေါက်ဈေးရှိနေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၇၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

နယ်ဈေးကွက်တွေ မှာလည်း တစ်တင်းကို  ၄၈၀၀၀ ကနေ ၆၀၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဆက်တိုက်ဈေး မြင့်တက်နေပါတယ်။ ငွေကျပ် ၂ သောင်းတန် ဂယက်ကြောင့် ဈေး မြင့်တက်ပေမယ့် ဈေးကွက်ထဲကို အဝင်နည်းနေပြီး အဝယ်သွက်နေတဲ့အတွက် ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်.။ ပြည်ပကနေတဆင့် ပြန်လည် တင်သွင်းရောင်းချပေမယ့်လည်း လက်ရှိ တည်ငြိမ်မှု မရှိတဲ့ ငွေဈေး ကြောင့် ဈေးက ကျဆင်းသွားတာမျိုးမရှိဘူးလို့လည်း ကုန်သည်များက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၄၃၃၀ မှ ၄၄၂၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေး မြင့်တက်လာပါတယ်။ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၄၁၅ မှ ၄၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာ ကုလားပဲ(ထိုင်ဝမ်) တစ်အိတ်ကို ၂၅၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ကျပ်၊ကုလားပဲ ၉၂၉ ကတော့ တစ်အိတ်ကို ၂၅၉၀၀၀ မှ ၂၆၀၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၀၀၀၀ ကျပ်၊ကုလားပဲ(V2)ကတော့ တစ်အိတ်ကို ၂၅၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊V7 ကတော့ တစ်အိတ်ကို ၂၅၇၀၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၅၀၀၀ ကျပ် အသီးသီးဈေး တက်လာပါတယ်။

ထောပတ်ပဲ

ထောပတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်က အထိ အမြင့်ဈေး နဲ့ ငြိမ်နေရာမှ ဒီတစ်ပတ်မှာတော့ ထပ်ပြီး ဈေး မြင့်တက်လာပါတယ်။ ပြည်ပ ဝယ်ယူမှု ရှိနေတဲ့အပြင် ဈေးကွက်ထဲ အဝင်နည်းတဲ့အတွက် ဈေးတွေ ပြန် မြင့်တက်လာတာလို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄၁၇၀ ကျပ် ရှိနေပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၈၅၀၀၀ ကနေ ၃၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်ကို ၅၀၀၀ ကျပ်ဈေး တက်လာပါတယ်။

စွန်တာပဲ

ဈေးတွေ မြင့်တက်ခဲ့တဲ့ စွန်တာ ပဲကတော့ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲကို အဝင်များနေတဲ့ အတွက်ဈေးတွေ ပြန်ကျဆင်းသွားတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက် တစ်ပိဿာကို ၂၆၉၅ ကနေ ၂၈၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ စွန်တာ (ရိုးရိုး)က တစ်အိတ်ကို ၁၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၁၀၀၀ ကျပ်၊စွန်တာ(ကသဲ)ကတော့ တစ်အိတ်ကို ၁၆၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

စားတော်ပဲ

ပြည်တွင်းစားတော်ပဲကတော့ ဈေးကွက်ထဲ လက်ကျန်မရှိတဲ့အတွက် အတက်ဈေး နဲ့ ဈေးငြိမ်သွားခဲ့ပေမယ့် ပြည်ပကနေတဆင့် တင်သွင်းတဲ့ ကနေဒါ နဲ့ ယူကရိန် စားတော်ပဲတို့ကတော့ ဆက်တိုက်ဈေး မြင့်တက်နေ ပါတယ်။ပြည်တွင်း စားသုံးမှု များတဲ့ ပဲ ဖြစ်တဲ့အတွက် လက်ရှိ ပဲဈေးကွက်မှာ အမြင့်ဆုံး ရရှိနေတဲ့ ပဲလည်း ဖြစ်ပါတယ်။

ပြည်တွင်း စားတော်ပဲ (ကျွန်း)က တစ်အိတ်ကို ၄၀၀၀၀၀ ထိပေါက်ဈေးရှိနေပါတယ်။ ကနေဒါစားတော်ပဲကတော့ တစ်အိတ်ကို ၂၀၀၀၀၀ ကနေ ၂၀၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ ယူကရိန်းစားတော်ပဲကလည်း တစ်အိတ်ကို ၁၈၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၃၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်များနေပေမယ့် အနည်းငယ် မြင့်တက်လာပါတယ်။ ငွေကျပ် ၂ သောင်းတန် ဂယက်ကြောင့် ဈေးမြင့်တက်တယ်လို့ ခန့်မှန်းမှုတွေ ရှိပေမယ့် ပွဲတော်ကာလ ဖြစ်တဲ့အတွက် အဝယ်များပြီး ဈေးမြင့်တက်လာတာ ဖြစ်တယ်လို့ကြက်သွန်ကုန်သည်တွေက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၁၈၀၀ ကနေ ၂၂၅၀ ပေါက်ဈေးရှိပြိး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၁၅၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

ဈေးကွက်ထဲကို နေ့စဉ် ကြက်သွန်နီ ပိဿာချိန် ၂၅၀၀၀၀ ခန့် အဝင်ရှိနေပါတယ်။

ထန်းလျက်

ထန်းလျက်ကတော့ ဈေးကွက်ထဲ အဝင်နည်းတဲ့အတွက် ဈေးတွေ မြင့်တက်လာပါတယ်။ ကုန်ကြမ်းရှားပါးတဲ့ အတွက် ဈေးကောင်းရရှိနေတာ ဖြစ်ပြီး ပွဲတော်ကာလ အဝယ်သွက်တဲ့အတွက် ဈေးမြင့်တက်လာ တာလို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၃၃၅၀ ကနေ ၃၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကနေ ၂၀၀ ကြားဈေးမြင့်တက်လာပါတယ်။

သကြား

သကြားကတော့ ကမ္ဘာသကြားပေါက်ဈေး နှုန်းမြင့်တက်မှုနဲ့အတူ ပြည်တွင်းမှာလည်း အဝင်နည်းတဲ့အတွက်ဈေး တွေ မြင့်တက်လာပါတယ်။ အဝယ်ကတော့ပုံမှန်ရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၃၃၀၀က နေ ၃၃၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *