မြေပဲဆီ နှမ်းဆီ တစ်နှစ်အတွင်း တစ်ပိဿာကို ငွေကျပ် ၅၀၀၀ နီးပါးဈေး မြင့်တက်

ဇူလိုင် ၂၈ 

ဒေသအလိုက် နှမ်းနှင့် မြေပဲဆံ ကုန်ကြမ်းရှားပါးချိန် ရောက်ရှိလာခြင်းကြောင့် ပဲဆီ၊ နှမ်းဆီဈေးနှုန်းများ မြင့်တက်လာပြီး ကုန်ကြမ်းရှားပါးခြင်း နဲ့ အတူ နှစ်သောင်းတန် ငွေစက္ကူထုတ်လုပ်မည့် သတင်းကြောင်းများကြောင့် ဈေးတွေက မြင့်တက်လာခြင်း ဖြစ်ကြောင်း      ပဲဆီ၊နှမ်းဆီ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှသိရသည်။ 

ထို့ပြင် မန္တလေးဈေးကွက်မှာ မြေပဲဆီ တစ်ပိဿာကို ၁၃၀၀၀ မှ ၁၄၀၀၀ ကျပ်၊နှမ်းဆီ တစ်ပိဿာကို ၁၂၀၀၀ မှ ၁၃၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေး မြင့်တက်လာ သည်။

ပြီးခဲ့သည့် နှစ်ကာလတူအခြေအနေမှာ  မြေပဲဆီ တစ်ပိဿာလျှင်၉၀၀၀ မှ ၉၅၀၀ ပေါက်ဈေးရှိခဲ့ပြီး နှမ်းဆီက တစ်ပိဿာကို ၇၅၀၀ မှ ၈၀၀၀ ပေါက်ဈေး ရှိခဲ့သည်။တစ်နှစ်အတွင်း ဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ နီးပါးဈေး မြင့်တက်လာခဲ့ခြင်း ဖြစ် သည်။

“ အဓိကတော့ နှစ်သောင်းတန်ပေါ့။ သူ့ဂယက်ကြောင့်လည်း ကုန်ကြမ်းဈေးတက်လာ တာပေါ့။ ကုန်ကြမ်းဈေးမြင့်တော့ မြေပဲဆီ နှမ်းဆီဈေးလည်း နည်းနည်းမြင့်လာတဲ့ သဘောပါ။ အဲဒီကိစ္စလည်း ပါတယ်။ နောက်ပြီးတော့ အခုအချိန်က ကုန်ကြမ်းရှားတဲ့ အချိန်လည်းဖြစ်နေတော့ ။ အသစ်တွေတောင် ၉လပိုင်းကုန် ၁၀လပိုင်းလောက်ဆိုရင် ပေါ်တော့မှာလေ။ ဒီလိုအချိန်ကတော့ နှစ်တိုင်းပဲကတော့ ရှားတယ်။ ဒီလိုအချိန်မှာ ဈေးတက်တာလည်းပါတယ်။ ငွေစက္ကူ ဂယက်ကြောင့်လည်းပါတယ်။ပဲဆီကတော့ ၁၄၀၀၀၊ ၁၄၅၀၀ အခုပေါက်ဈေးပေါ့။ မြေပဲဆံဈေးက အကျမရှိသေးဘူး။ ပြန်ကျဖို့တော့လည်း မလွယ်သေးပါဘူး။ ပဲကလည်းရှားနေတော့။ ဒီဈေးတန်းလောက်ပဲ ဖြစ်နေဦးးမယ်။ ပဲပေါ်ချိန် ရောက်မှ ဈေးပြန်ကျမယ်ထင်တယ်”ဟု ပခုက္ကူမြို့နယ်၊ မြေပဲဆံရောင်းဝယ်ရေးနှင့် ဆီကြိတ်လုပ်ငန်းမှ ကိုဝင်းမြင့်ဦး ကပြောသည်။ 

မြေပဲဆံ အသစ်များက လာမည့် ၉ လပိုင်းမှ သာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ထွက်ရှိမည် ဖြစ်သည့် အတွက် ကြားကာလအတွင်း ဈေးနှုန်း ကျဆင်းနိုင်သည့် အခြေအနေမရှိကြောင့် ၎င်းက ထပ်မံ ပြောသည်။

မြေပဲ S1လုံးဆံ -၁ ပိဿာ-သစ်- ၆၈၀၀ကျပ်မှ  ၇၀၀၀ကျပ်၊ အနီလုံးဆံ ၉၀၀၀ကျပ်မှ ၉၅၀၀ကျပ်ပေါက်ဈေးရှိ နေပြီး   ပြီးခဲ့သည့် နှစ် ဖြင့် နှိုင်းယှဉ်ပါက တစ်ပိဿာကို ၃၀၀၀ နီးပါးဈေး မြင့်တက်လာခဲ့သည်။

ထို့ပြင် လတ်တလောအခြေအနေအရ ကုန်ကြမ်းရှားပါးချိန် ရောက်ရှိနေပြီဖြစ်၍ အခြားသောဒေသများမှ ဝယ်ယူရခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ်များနှင့် အတူ ဈေးနှုန်းတက်လာခြင်းဖြစ်ကြောင်း ညောင်လေးပင်မြို့နယ်၊ မြေပဲဆီ လုပ်ငန်းမှကိုထိုက် ကပြောသည်။ 

“မနှစ်က ဈေးနဲ့ ယှဉ်ရင်တော့ တခြားဆီပေါ့။ မနှစ်က ဘယ်လောက်ရှိတုန်း မြေပဲဆံ တစ်ပိဿာမှ ၅၈၀၀တို့ ။ ၆၀၀၀ဆိုတာ လက်ကုန်ပဲ။ ညောင်လေးပင်ဘက်က မြေပဲဆံ မထွက်တော့ဘူးလေ။ မြေပဲဆံ မထွက်တော့တဲ့ အတွက်ကြောင့် တခြားဒေသတွေက ဝယ်ရတဲ့ အတွက်ကြောင့် ဈေးက ကတော့ကြီးတာပေါ့။ အခုက ပင်ရင်းမှာတောင် ၆၉၅၀တို့ ၇၀၀၀ကျော်တို့ ဖြစ်နေတာ”ဟု၎င်းကပြောသည်။

မြေပဲဆီ၊ နှမ်းဆီ ဈေးနှုန်းများမှာ ဒေသအလိုက် ဈေးနှုန်းကွာခြားချက်များရှိပြီး မြေပဲဆံနှင့် နှမ်း ကုန်ကြမ်းများ ရာသီပေါ်ချိန်တွင် ဈေးနှုန်းအထိုက်အလျောက်ကျဆင်းနိုင်ကြောင်း နတ်မောက်မြို့၊ အောင်ဆန်းရပ်မှ ရွှေပါရမီ ပဲဆီ၊နှမ်းဆီ ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းမှ ဦးဇော်သူ ကပြောသည်။ 

“ပဲဆီ၊ နှမ်းဆီပေါက်ဈေးကတော့ ဒေသအလိုက်ကွာပါတယ်ဗျ။ ကျွန်တော်တို့ဆီမှာတော့ ၁၃၀၀၀၊ ၁၃၅၀၀ရောင်းကြတယ်။ ပေါက်ဈေးကတော့ ဒေသအလိုက်ကွာပါတယ်။  နှမ်းဆီက ၁၂၅၀၀၊ သိပ်တော့မကွာဘူး။ မြေပဲဆံတို့ နှမ်းတို့ကတော့ လှောင်ထားနိုင်တဲ့သူတွေက ဈေးကိုထိန်းထားနိုင်တာပေါ့။ နှစ်စဉ်ကတော့ သီတင်းကျွတ်လောက်ဆို မြေပဲဆံရောနှမ်းရောပေါ်လာတဲ့အချိန်ပေါ့။ ဈေးကနည်းနည်းပြန်ကျနိုင်တယ်။ ဒါပေမယ့် အခုအခြေအနေက ဘယ်လိုပြောရမှန်းမသိဘူး။ နှမ်းလည်း သူပေါ်တဲ့အချိန်ဆို ဈေးကျမှာပေါ့။ မနှစ်က ပဲဆီဈေးက ၁၂၀၀၀၊ အခုက ၁၃၀၀၀၊ နှမ်းဆီလည်း အဲလိုပဲ။ တစ်ထောင်လောက်တော့ တက်တယ်။ စားအူန်းဆီဈေးကလည်း နောက်ကတက်လိုက်လာတော့ စားသုံးသူအတွက်ကတော့ စိုးရိမ်စရာပေါ့။ ပဲဆီ၊နှမ်းဆီ နောက်ထပ် ဈေးတက်လည်း နည်းနည်းပေါ့”ဟု၎င်းကပြောသည်။ 

မန္တလေးမြို့ သီးနှံကုန်စည်ဒိုင်ပေါက်ဈေးများအရ နှမ်းနက်(စမုန်) ၄၅ ပိဿာလျှင် ငွေကျပ် ၃၀၀၀၀၀မှ ၃၄၅၀၀၀ကျပ်၊ နှမ်းဖြူ(JP)  ငွေကျပ် ၃၇၀၀၀၀မှ ၃၈၀၀၀၀ကျပ်။ နှမ်းဖြူ(ရိုးရိုး) ၃၄၅၀၀၀ကျပ်မှ ၃၅၅၀၀၀ကျပ် နှမ်းညို-(သစ် ) ၂၉၀၀၀၀ကျပ်မှ ၂၉၅၀၀၀ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ 

ပြည်တွင်းမှာ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊နှမ်း၊နေကြာ၊မုန်ညှင်း နှင့် ပန်းနှမ်း ဧက ၈ဒသမ ၃ သန်းကျော် ကို စိုက်ပျိုးထားပြီး လာမည့် ဘဏ္ဏာနှစ်အတွက် ဆီတန်ချိန် ၆၈၀၀၀၀ ထွက်ရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောထားသည်။

ကောင်းကောင်း (AMIA)

Leave a Reply

Your email address will not be published. Required fields are marked *