နှစ်သောင်းကျပ်တန်အသစ်ထွက်ရှိမည့်ဂယက်ကြောင့် ကုလားပဲ ဈေးပြန်တက်

ဇူလိုင် ၂၆ ၊ ၂၀၂၃

အရောင်းအဝယ်ပုံမှန်မရှိသော်လည်း ပြည်တွင်းပဲဈေးကွက်တွင် နှစ်သောင်းကျပ်တန်ထွက်ရှိမည့် ဂယက် ကြောင့် အကျ ဘက်သို့ရှိနေခဲ့သည့် ကုလားပဲများ  ဈေးမြင့်တက်လျှက်ရှိနေ ကြောင်း ကုလားပဲ တင်ပို့ ရောင်းချသူများထံမှ သတင်းရရှိသည်။

မန္တလေးမြို့ ကုန်စည်ဈေးကွက်တွင် ကုလားပဲ ၅၆ ဒသမ ၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ၂၄၀၀၀၀ ကျပ်မှ ၂၅၇၀၀၀ ကျပ်သို့ မြင့်တက်လာခြင်းဖြစ်ပြီး နှစ်ရက်အတွင်း ၁၇၀၀၀ကျပ် ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ကုလားပဲတင်ပို့ ရောင်းချသူများထံမှ သတင်းရရှိသည်။

“ငွေကြေး တန်ဖိုး ကျသွားမှာ စိုးရိမ်လို့ထင်တယ်။ လူတွေ ငွေ မကိုင်ချင်ကြတော့ဘူး။ ပစ္စည်းပဲ ကိုင်ချင်ကြ တော့တယ်။ အဝယ်များပေမယ့် အရောင်းမရှိလို့ ဈေးက နှစ်ရက်အတွင်း အဲ့ဒီလောက်ထိ တက်သွားတာ။အ ရောင်းဝယ်သွက်လို့ မဟုတ်ဘူး။ ငွေဈေးကြောင့် ၉၀ ရာခိုင်နှုန်းလောက်ပေါ့။ ရောင်းမယ်သူတွေလည်း ပစ္စည်း ကိုင်ထားပြီး မရောင်းတော့ဘူး။” ဟု မန္တလေးမြို့ ဝင်းပွဲရုံမှ ကိုရဲမိုးကပြောသည်။

မန္တလေးမြို့ ကုန်စည်ဈေးကွက်တွင် သုံးတင်းဝင် ကုလားပဲ တစ်အိတ်လျှင် ၂၅၀၀၀၀ကျပ် ရှိရာမှ တစ်လအ တွင်း ၂၄၀၀၀၀ကျပ် အထိ ကျဆင်းခဲ့ရာ ဇူလိုင်လကုန်တွင် နှစ်သောင်းတန်ကျပ်အသစ်ထွက်ရှိမည်သတင်း ဂယက်ကြော့ နှစ်ရက်အတွင်း ၁၇၀၀၀ကျပ်သို့ ခုန်တက်လာခြင်းဖြစ်သည်။

ငွေနှစ်သောင်းတန်ကျပ် ဇူလိုင်လကုန် ထွက်ရှိမည်ဖြစ်သောကြောင့် မန္တလေးမြို့ ကုန်စည်ဈေးကွက်တွင် ပဲမျိုးစုံ ဈေးကွက် အစုံအလင် မဖွင့်သည့်မှာ နှစ်ရက်ခန့်ရှိပြီး ဖြစ်သည်။

ထို့အပြင် ကုန်သည်များ ငွေတန်ဖိုးကျမည်ကို စိုးရိမ်သောကြောင့် ကုန်ပစ္စည်းများကို အသည်းအသန် ဝယ် ယူ နေကြသော်လည်း ပစ္စည်း အရောင်းမရှိသောကြောင့် ကုလားပဲဈေးများ တက်လာခြင်းဖြစ်ကြောင်း ပဲကုန်သည် များကပြောသည်။

“ ဈေးက တက်သွားတယ်။ ပေါင်းတည်မှာ တစ်တင်းဝင်တစ်အိတ်ကို သုံးထောင်လောက်တက်တယ်။ ပစ္စည်းအ ဝယ်များပေမယ်လည်း ရောင်းတဲ့သူ မရှိဘူး။ ပစ္စည်းရှိတဲ့သူတွေကလည်း မရောင်းချင်ကြဘူး။ ပစ္စည်းရှားနေ တယ်။ ပြည်ပ အဝယ်မရှိဘဲ မြင့်နေတာ။ ပြည်တွင်းဈေးက ပြည်ပဈေးထက် ၁၀၀၀၀ လောက်ကွာနေတော့ ပြည်ပက ပဲ ပြည်တွင်းရောင်းရင်တောင် မြတ်ဖို့ပဲ။”ဟု ပေါင်းတည်မြို့ မှ ကုလားပဲကုန်သည် ကိုမြတ်ထွန်းက ပြောသည်။

ပေါင်းတည်မြို့ ကုလားပဲ ဈေးကွက်တွင် ပိဿာ ၂၀ တစ်တင်းအိတ် တစ်အိတ်လျှင် ၁၈၈၀၀ ကျပ်ကနေ ၉၂၀၀၀ ကျပ်သို့ ဈေးမြင့်တက်လာပြီး တစ်အိတ်လျှင် ၃၀၀၀ ကျပ်သို့ တက်လာခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့ဈေး ကွက် မှသိရှိရသည်။

“ မကွေးမှာလည်း တက်တယ်။ ငွေကြေးဖောင်းဖွမှု ဂယက်ကြောင့် တက်တာပဲ။ အရောင်းမရှိတာရယ် ၊ လက် ကျန်မရှိတာရယ်ကြောင့် အဝယ်လိုက်ပေမယ့်လည်း အရောင်းအဝယ်က မရှိဘူး။ ပြည်ပ မဆွဲဘဲနဲ့ တက်တာ။” ဟု မကွေးမြို့ မြင့်မြတ်တော်ဝင် ပွဲရုံမှ တာဝန်ခံ ကိုအောင်ဇော်ထွန်းကပြောသည်။

မကွေးမြို့ ကုလားပဲဈေးကွက်တွင် ပိဿာ ၂၀ တစ်တင်းဝင် တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်မှ ၉၉၀၀၀ ကျပ် အ ကြားရှိပြီး တစ်မျိုးလျှင် ၂၀၀၀ ကျပ်သို့ ဈေးတက်လာခြင်းဖြစ်သည်။

စိုက်ပျိုးသူနည်း၍ ယခုနှစ် ပဲပေါ်ရာသီတွင် အထွက်နှုန်းလျော့ခဲ့သောကြောင့် ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်လ တို့ထက် ဇွန်လတွက် ခုနှစ်သောင်းကျပ်အထိ ဈေးမြင့်တက်ရာမှ ဇူလိုင်လအတွင်း အရောင်းအဝယ်အေးရာမှ ဈေးပြန်ကျခဲ့ရာ ယခုကဲသို့ ဈေးတက်လာခြင်းဖြစ်သည်။

ကုလားပဲကို မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး  ၊ မကွေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီးတို့တွင် စက်တင်ဘာလ ၊ နိုဝင်ဘာလတို့တွင် စိုက်ပျိုးပြီး ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်လ တို့တွင် လှိုင်လှိုင်ပေါ်သည်။  မြန်မာနိုင်ငံတွင် ကုလားပဲ စိုက်ဧက တစ်သန်းနီးပါးရှိသည်။

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *