စားသုံးဆီ ပြတ်လတ်မှု အထိ ဖြစ်ပေါ်နေ

စားသုံးဆီစျေး မြင့်တက်လာမှုနှင့်အတူ ဆီအရောင်းဆိုင်အချို့တွင် စားသုံးဆီ ပြတ်လတ်မှုများပါ ဖြစ်ပေါ်လာနေကြောင်း ဆီမျိုးစုံ အရောင်းဆိုင်များ ဆီမှသိရသည်။

ထိုသို့ စားသုံးဆီ ပြတ်လတ်သည့်အတွက် အရောင်းအဝယ်လည်း အေးသွားကြောင်း၊ စားသုံးဆီသည် အခြေခံ လူတန်းစားအများဆုံးစားသုံးသည့် ဆီဖြစ်သဖြင့် စားသုံးသူများလည်း အခက်အခဲဖြစ်ရကြောင်းသိရသည်။

” ဒီနေ့ စားဆီ မရသေးပါဘူး။ စားသုံးဆီ စျေးက ၉၀၀၀ ပါ။ပဲအရောက ၉၅၀၀ ကျပ်ပါ။ မနက်ဖန်ရမယ်လို့တော့ပြောတာပဲ။ မနက်မှသေချာသိရမယ်။ အရက်ရက်က တစ်ပိဿာမှ၇၈၀၀ ပါ။ပဲအရောမှာ ၈၀၀၀ ပါ။ အခု ၂၀၀၀၀ တန်ထုတ်မယ်ပြောပြီးနောက် စျေးက တက်သွားတာ။စျေးတက်လည်း စားတဲ့သူက စားတယ်၊အဓိက ဆီပြတ်တာပါ။ဆီပြတ်တော့ကျမတို့လည်း အရောင်းအတာပေါ့။အများဆုံးက စားဆီနဲ့ပဲအရောကိုပဲစားကြတာလေ ” ဟု ပြည်မြို့မှ စားသုံးဆီအမျိုးမျိုး ရောင်းချနေသူတစ်ဦးမှပြောသည်။

ထိုသို့ စားသုံးဆီ စျေးနူန်းမြင့်တက်နေချိန်တွင် လူမှုကွန်ယက်စာများမှတဆင့်လည်း အုပ်စုလိုက် လိမ်ညာပြီး ဆီရောင်းချသည့် သူများပင်ရှိလာကြောင်း ၊ အထူးသတိထားစေလိုကြောင်းဆီရောင်းချသူများက သတိပေးပြောဆို ကြ သည်။

” အသိတစ်ယောက် ၆၅ သိန်းဖိုး အလိမ်ခံရတယ်။ငွေလည်းလွှဲပြီးရော အကုန်ဘလော့သွားတယ် ။ဘာမှဆက်လုပ်လို့မရတော့ဘူး။ ယုံအောက်မက်လုံးတွေပြောပြီး လုပ်သွားတာ။ခုကာလမှာ စျေးအချိုရတိုင်းလည်း မဝယ်နဲ့လေ့လာပါ။အိမ်ရောက်ငွေချေမရရင် ငွေပမာဏများရင် မဝယ်တာအကောင်းဆုံးပဲ ၊စျေးကချိုနေတယ်ဆိုပြီး လောဘတက်မိရင် တော့ လိမ်ရင် ဆုံးရှုံး မှာ မိမိပဲ ” ဟု ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ စားသုံး ဆီမျိုးစုံ ရောင်းချနေသူ ဒေါ်သန့်စင် မှပြောသည်။

စားသုံးဆီကို လိမ်ညာ ရောင်းချပြီး ငွေကြေးလိမ်လည်သူများမှာ အုပ်စုလိုက်လှုပ်ရှားနေပြီး ၎င်းတို့သည် ကားဂိတ်လိုင်းအတုပင် ပြုလုပ်ကာ လိုက်လံလိမ်ညာနေခြင်းဖြစ်ဟုသိရသည်။

” မြဝတီတို့ ၊ ဂိတ်ချငွေချေတို့ ဆို ပြီး ပေါက်စျေးထက်သက်သာနေပြီဆိုရင် မဝယ်ပါနဲ့ ၊ ခုခေတ်ခုအခါ စျေးနူန်းတွေလည်းသိနေတာပဲလေ၊ လိုင်းပေါ်ကနေ မက်လုံးပေးပြီး လိမ်တာကို အချိုအချောင်ရမယ်ထင်ပြီး ဝယ်ရင် ခံရပါလိမ့်မယ်၊ အဖွဲ့လိုက် လိမ်နေကြတာတွေများပါတယ် ၊အိမ်ရောက်ငွေရှင်း ဆိုမှ ယူကြပါ “ဟု နောက်ထပ် ဆီ ရောင်းချသူတစ်ဦးမှပြောသည်။

လက်ရှိ စားသုံးဆီစျေးကွက်တွင် ဒိုင်များမှ စားသုံးဆီလက်ကားရောင်းချပေးနေသည့်စျေးတန်းကပင် တစ်ပိဿာ ကို ၈၅၀၀ ကျပ်မှ ၈၈၀၀ ထိဖြစ် ကျပ်ဖြစ်နေသောကြောင့် လက်လီအရောင်းစျေးကွက်တွင် နေရာဒေသအပေါ်မူတည်ပြီး တစ်ပိဿာကို ၁၀၀၀၀ ကျပ်မှစကနေ ၁၀၀၀၀ ကျပ်အထက်ထိ ရောင်းချနေကြကြောင်းသိရသည်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တွင် စားသုံးဆီစျေးသည် တစ်ပိဿာကိုမှ ၁၈၀၀ ကျပ်ကနေ ၂၅၀၀ သာရှိခဲ့ရာကနေ ၂၀၂၁ ခုနှစ် မှစပြီး စားသုံးဆီစျေးသည် တဟုန်ထိုးမြင့်တက်လာကာ လက်ရှိတွင် တစ်ပိဿာကို ၁၀၀၀၀ ကျပ်နှင့်အထက်ထိပင် စံချိန်တင်မြင့်တက်လာခြင်း ဖြစ်ဟုသိရသည်။ လက်ရှိ ပြည်တွင်း စားသုံးဆီ ထုတ်လုပ် နိုင်မှုအခြေအနေသည် လုံလောက်ဖူလုံမှုမရှိသဖြင့် ပြည်ပကနေ နှစ်စဉ် ဆီတန်ချိန် ၉ သိန်းကျော် တင်သွင်းနေရဆဲဖြစ်သည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *