ဗဟိုဘဏ် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် သွင်းကုန်ကုမ္ပဏီများသည် ဗဟိုဘဏ်၏ Online Trading ကနေ နိုင်ငံခြားငွေများ ဝယ်ယူနိုင်မည်။

ရန်ကုန် ၊ ဩဂုတ် ၃

ဗဟိုဘဏ် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် သွင်းကုန်ကုမ္ပဏီများသည် ဗဟိုဘဏ်၏ Online Trading ကနေ နိုင်ငံခြားငွေများ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ အသိပေးပြောဆိုလိုက်သည်။

ဗဟိုဘဏ်၏ Online Trading ကနေ နိုင်ငံခြားငွေအရောင်းအဝယ်ကို အရေးကြီးကုန်စည်များနှင့် Payment Due Date ပြည့်ပြီး transaction များ ဝယ်ယူခွင့်ရှိကြောင်း၊ ကုမ္ပဏီတစ်ခုသည် ဘဏ်တစ်ဘဏ်ထက်ပိုပြီး ဝယ်ယူလိုပါကလည်း Import License နှင့် ID မတူသည့် Payment Due ပြည့်ပြီးဖြစ်သည့် transaction ကို တင်ပြထားသည့် ဘဏ်တွင် ဝယ်ယူခွင့်ပြုမည်ဟု ဆိုသည်။

နိုင်ငံခြားငွေ ဝယ်ယူရန် တင်ပြလာသည့် ကုမ္ပဏီများအနေဖြင့် သွင်းကုန်အတွက် Advanced Payment TT ဖြင့် ငွေပေးချေလိုပါက မဖြစ်မနေပေးချေရန် လိုအပ်မှုရှိ/မရှိ စိစစ်ခြင်းနှင့် Case by Case တင်ပြခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်းသိရသည်။

ID က License ရပြီး (၃) လအတွင်းဖြစ်/မဖြစ်နှင့် (၃) လထက်ပိုပါက License သက်တမ်း တိုးထားခြင်းရှိ/မရှိ စိစစ်ခြင်း၊ Non-License ကုန်စည်များ၏ transaction အတွက်နိုင်ငံခြားငွေ ဝယ်ယူလိုပါကလည်း စီး/ကူးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် HS Code နှင့် စိစစ်ခြင်းများ လုပ်ဆောင်မည် ဖြစ်ကြောင်းသိရသည် ။

ချေးငွေအတိုးပြန်လည်ပေးဆပ်ရန် အတွက်ဖြစ်ပါကလည်း ဗဟိုဘဏ်မှ ခွင့်ပြုထားသည့် Repayment Schedule နှင့် စိစစ်မည် ဖြစ်သဖြင့် AD လိုင်စင်ရဘဏ်များအနေဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီစေရန် သက်ဆိုင်သည့် အထောက်အထားကို တောင်းခံစိစစ်ပြီးမှသာ Online Trading Platform ကို တင်ပြပြီး Online Trading ငွေလဲလှယ်နှုန်းဖြင့် ရောင်းဝယ်ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကအသိပေးထားသည်။

” သူတို့စည်းကမ်းချက်နဲ့ညီရင် ဝယ်လို့ရတယ်၊သူတို့ကလည်းစစ်ဆေးမယ် အဆင်ပြေရင် ရောင်းပေးမယ် ။ရောင်းတဲ့နေရာမှာလည်းကိုယ်လိုချင်သလောက်တော့မရဘူး။သူတို့တနေ့ရောင်းပေးမယ့်ပမာဏ အပေါ်မူတည်ပြီး ရမယ်။ စျေးကတော့ ၂၀၀၀ ကျော်နဲ့ရောင်းနေတယ်။ များများသာရောင်းပေးနိုင်ရင် အကုန်ပိုအဆင်ပြေမှာပါ။ အခုကတော့အကန့်အသတ်တွေကများနေသေးတော့အဆင်မပြေဘူး ” ဟု ရန်ကုန်မှ စီးပွားရေး လုပ်ငန်း ရှင်တစ်ဦးမှာပြောသည်။

ဗဟိုဘဏ်၏ Online Trading ကနေ နိုင်ငံခြားငွေအရောင်းအဝယ်နှင့်ပတ်သက်ပြီး AD လိုင်စင်ရဘဏ်နှင့် လုပ်ငန်းရှင်များလိုက်နာရမည့် စည်းကမ်းချက်များကို ဗဟိုဘဏ်သည် မနေ့က ဩဂုတ်လ ၂ ရက်နေ့တွင် သတိပေး ကြေငြာခဲ့ခြင်းဖြစ်သည်။

Import License ခွင့်ပြုရက်စွဲ ID ရက်စွဲထက်နောက်ကျနေခြင်း၊ လိုင်စင်ကုန်စည်ဖြစ်စေ ၊ Non License ကုန်စည်ဖြစ်စေ ID သက်တမ်း 6 လထက်ကျော်နေခြင်း၊ တူညီသည့် Import License နှင့် ID ကို ထပ်မံတင်ပြခြင်း ၊Import License သည် ၂၀၂၂ ခုနှစ်အတွင်း ခွင့်ပြုချက်ရထားခြင်း (သို့) သက်တမ်း တိုးထားသည့် ကုမ္ပဏီ များကိုအနေဖြင့် နိုင်ငံခြားငွေ ဝယ်ယူခွင့်ရရှိမည်မဟုတ်ကြောင်းသိရသည်။

အလားတူ သီလဝါအထူးစီးပွားရေးဇုန်ရှ် ကင်းလွတ်ဇုန် (Free Zone)တွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီ များလည်း နိုင်ငံ ခြားငွေဝယ်ယူခွင့်တွင် မပါဝင်ဟု သိရသည် ။

အကယ်၍ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက AD လိုင်စင်ရဘဏ်များ ကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး Online Trading ငွေလဲလှယ်နှုန်းနှင့် ရောင်းဝယ်ခြင်းမရှိသည့် လုပ်ငန်းရှင်ကိုလည်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ကိုပိတ်သိမ်းသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

ဩဂုတ်လ ၂ ရက်နေ့ ဗဟိုဘဏ်၏ အွန်လိုင်း နိုင်ငံခြားငွေ ရောင်းဝယ်ရေးစနစ်တွင် လုပ်ငန်းရှင်များကို ငွေလဲနူန်း ၂၄၉၇.၉ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်ရောင်းချပေး ခဲ့ပြီး ဘဏ်အချင်းချင်းရောင်းဝယ်မှုအနေဖြင့် ၂၁၈၁.၈ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၆ သန်းကျော်ရှိခဲ့ဟု ဗဟိုဘဏ်ထုတ်ပြန်သည့် စာရင်းအရသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *