နှစ်ပတ်အတွင်း စားတော်ပဲဈေး သုံးတင်းဝင်တစ်အိတ်လျှင် တစ်သောင်းကျပ် ဈေးတက်လာ

ပြည်တွင်း ပဲ ဈေးကွက်တွင် ပြည်တွင်းစားသုံးသူများ၍ ဝယ်လိုအားများပြီး စားတော်ပဲဈေး နှစ်ပတ်အတွင်း ကျပ် တစ်သောင်းကျပ်အထိ တက်လာကြောင်း ပဲဈေးကွက်မှ စုံးစမ်းသိရှိရသည်။

မန္တလေးမြို့ ပဲမျိုးစုံ ဈေးကွက်တွင် ကျွန်းစားတော်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ၃၈၀၀၀၀ကျပ် မှ ၄၁၀၀၀၀ ကျပ် အကြားရှိပြီး တရုတ်က ဝင်သည့် ယူကရိန်း ၊ ကနေဒါ စားတော်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ၃၅၀၀၀၀ ကျပ်မှ ၃၆၀၀၀၀ ကျပ်အကြား ရှိကြောင်း သိရှိရသည်။

ဇူလိုင်လတွင် စားတော်ပဲဈေး ထိပ်စ သုံးတင်းဝင်တစ်အိတ်လျှင် ၄၁၀၀၀၀ကျော်ရှိရာမှ  နှစ်သောင်းကျပ် ဈေး ပြန်ကျခဲ့ပြီး ဇူလိုင်လ ဝက်ခန့်တွင် တစ်သောင်းကျပ်စီ ပြန်တက်လာကြောင်း ၊ ပဲလက်ကျန်နည်းပြီး အရောင်း အဝယ်ကောင်းနေကြောင်း မန္တလေးမြို့ ပဲဈေးကွက်မှ သတင်းရရှိသည်။

“ဈေးပြန်ကျသွားသေးတယ်။ အခု ပြန်တက်လာတာ။ ပြန်တက်လာတဲ့ဈေးနဲ့ ငြိမ်နေတယ်။ အရောင်းအဝယ်က တော့ ကောင်းတယ်။ ပြည်တွင်းကပဲ ဝယ်တာ။ ရန်ကုန်ကတော့ သင်္ဘောနဲ့ နည်းနည်းပါးပါး ပို့မှာပေါ့။ မန္တလေး ကတော့ မပို့ဘူး။ စားတော်ပဲက ပြည်တွင်းစားသုံးမူမလောက်လို့တရုတ်ကတောင် ပြန်မှာရတယ်။”ဟု မန္တလေး မြို့ ဝင်းပွဲရုံမှ တာဝန်ခံ ကိုရဲမိုးကပြောသည်။

မကွေးမြို့ ပဲဈေးကွက်တွင် ကျွန်းစားတော်ပဲပိဿာ ၂၀ တစ်တင်းတစ်အိတ်လျှင် ၁၄၀၀၀၀ကျပ် ရှိပြီး ဈေးအတက်အကျမရှိဘဲ တစ်လခန့်ရှိနေကြောင်း ၊ ရန်ကုန်မှဆင်း၍ စားတော်ပဲများ ဝယ်ယူနေသောကြောင့် အ ရောင်းအဝယ် ကောင်းနေကြောင်း ၊ အရောင်းအဝယ်ရှိနေသော်လည်း ပစ္စည်း လက်ကျန်နည်းနေကြောင်း မကွေးမြို့ ပဲဈေးကွက်မှ သိရှိရသည်။

“ဈေးငြိမ်နေတာ လချီရှိနေပြီ ၊ အတက် အကျမရှိဘူး။ မကွေးမှာတော့ စားတော်ပဲကို ရန်ကုန်က လာဝယ်နေ ကြတယ်။ ပစ္စည်း အဝင်ပါးတယ်။ လက်ကျန်လောက်ပဲ အရောင်းအဝယ်ဖြစ်နေတာ။”ဟု မကွေးမြို့ မြင့်မြတ် တော်ဝင်ပွဲ ရုံ မှ တာဝန်ခံ ကိုအောင်ဇော်ထွန်းကပြောသည်။

စားတော်ပဲကို မကွေးမြို့ ဧရာဝတီမြစ်အနောက်ဘက် ပွင့်ဖြူမြို့နယ် သရက်တော ၊ ရေချမ်းစင် ၊ သံလှ ၊ ပေါက်ကုန်း ၊ ငှက်ပျော်တော ၊ လေးအိမ် ၊ ရုံးဒေါင် ၊ မင်းရွာ ။ သမင်ပျံ ၊ မင်းဇံ ကျေးရွာများတွင် စိုက်ပျိုးကြ ပြီး ယင်းဒေသများမှ စားတော်ပဲ အဝင်များကြောင်း မကွေးမြို့ ပဲဈေးကွက်မှ သိရှိရသည်။

ရန်ကုန်မြို့ ဘုရင်နောင့် ပဲဈေးကွက်တွင် စားတော်ပဲလုံး တစ်ပိဿ ၆၈၃၀ ကျပ်မှ ၇၅၀၀ ကျပ်အကြားရှိပြီး ဇူလိုင်လအတွင်း ဈေးအတက်အကျ မရှိ ငြိမ်နေသော်လည်း ဇွန်လတွင် တစ်ပိဿလျှင် ကျပ် ၂၀၀ ကျပ် ဈေး တက်လာကြောင်း ဘုရင်နောင့် ပဲဈေးကွက်မှ စုံးစမ်းသိရှိရသည်။

စားတော်ပဲသည် တစ်ရာသီ သီးနှံဖြစ်ပြီး ရှမ်းပြည်နယ် နှင့် အေးသော ဒေသများတွင် ဧပြီလ နှင့် မေလ ဝက် အကြားတွင် စိုက်ပျိုးကြပြီး ၊ မြေပြန့်ဒေသများတွင် အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြသည်။

ကျွန်းစားတော်ပဲကို ဧရာဝတီမြစ်ရိုး တစ်လျှောက် ဗန်းမော် ၊ ကသာမြို့နယ် မှ  ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသထိ စိုက်ပျိုးလေ့ရှိပြီး ကလေး၀ နှင့် မူးမြစ်ဝှမ်းတစ်လျှောက်မှလည်း စားတော်ပဲထွက်ရှိကြောင်း သိရှိ ရသည်။

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *