ကုန်စျေးနူန်းများ မြင့်တက်နေဆဲဖြစ်

အခြေခံ စားသောက်ကုန် ကုန်စျေးနူန်းအပါအဝင် ကုန်စျေးနူန်းမြင့်တက်နေမှုကို ထိန်းသိမ်းဆောင်ရွက်ရန် ပြည်ထောင်စုကုန်စျေးနူန်းတည်ငြိမ်ရေးကော်မတီကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ကြောင်း ကြေငြာခဲ့သည်။

အဆိုပါ ကော်မတီသည် အခြေခံစားကုန်ပစ္စည်းဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်း ဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ခြင်း၊ အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်းစားသုံးရန် လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏကို ချိန်ဆပြီး ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ခြင်း ၊ဒေသအလိုက် ကုန်ဈေးနှုန်း တည်ငြိမ်ရန် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများကို လုပ်ဆောင်မည်ဟု ဆိုသည်။

အခြေခံစားကုန်များ ထုတ်လုပ်မှုတိုးချဲ့နိုင်ရေးအတွက်လည်း လိုအပ်ပါက ကူညီပံ့ပိုးမှုများ၊ ညှိနှိုင်း ဖြည့်ဆည်းပေးခြင်း၊ အခြေခံစားကုန်ပစ္စည်းများ ကို ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့် ကိစ္စများကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ခြင်း၊ အခြေခံစားကုန်ပစ္စည်းထုတ်လုပ်မှုတွင် အဓိကဖြစ်သည့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍများကို လည်း ထုတ်လုပ်မှုတိုးတက်ရန် လိုအပ်သည့်းများ ပံ့ပိုးမှုပေးခြင်း၊ တစ်နိုင်စိုက်ပျိုးရေးနှင့် တစ်နိုင်မွေးမြူရေးကိုပါ အားပေးခြင်းစသည့် စည်းရုံးရေး၊ စီးပွားရေးနည်းလမ်းများဖြင့်လည်း ဆွဲဆောင်သွားမည် ဟုဆိုသည်။

အဆိုပါ ကော်မတီ ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှ ” ကော်မတီ ဖွဲ့ပြီးကြောင်း သတင်းတွေတက်မှ အခုဆိုဆန်စျေးက ပိုတောင်တက်လာတယ်။ ဘယ်လိုထိန်းမှာလဲ စိတ်ဝင်စားစရာကောင်းနေပြီ။ခုထိတော့ ဘာမှထပ်ကြေငြာတာ မတွေ့သေးဘူး။သူတို့ပြောထားတဲ့အချက်တွေ တကယ်လုပ်နိုင်မလုပ်နိုင်စောင့်ကြည့်ရမှာပဲ။ကုန်စျေးနူန်းတက်တာ တနိုင်ငံလုံး ထိတဲ့ကိစ္စပါ။တကယ်ထိန်းနိုင်ရင် တနိုင်ငံလုံး ဝမ်းသာရမယ့်ကိစ္စပါ။ဒါပေမယ့် တကယ်ဖြစ်နေတာက အဲ့လိုစာတွေထုတ်ရင် စျေးကပိုပိုတက်နေတာ ခက်တယ်။ ” ဟု သုံးသပ် ပြောဆိုသည်။

အဆိုပါ ကော်မတီကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးအောင်နိုင်ဦးက အဓိကဦးဆောင် မည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ၊ဆောက်လုပ်ရေး၊စွမ်းအင်ဝန်ကြီးဌာန၊သမဝါယမဝန်ကြီးဌာန၊စက်မှုဝန်ကြီးဌာန၊ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊အလုပ်သမားဝန်ကြီးဌာန တို့အပြင် ဗဟိုဘဏ်၊ရန်ကုန် နှင့် နေပြည်တော်၊ မန္တလေး စည်ပင်သာယာရေးကော်မတီ ၊UMFCCI တို့ ပါဝင်ကြောင်း သိရသည်။

” စာက ဒိတ်ကြည့်ရတာ ဖွဲ့တာက ဇွန်လထဲက ဖွဲ့ပြီး ဇူလိုင်လကုန်မှ ထုတ်ပြန်တာ တွေ့ရတယ်။ အဲ့ဒါဆို သူတို့ဖွဲ့ပြီးထဲက ဘာလုပ်နေကြလဲ မေးစရာရှိပါတယ်။ဘာလို့ဆို ကုန်စျေးနူန်းတွေ တက်တာ ဘယ်လောက်ကြာပြီလဲ ၊အခုဆိုပိုတက်လာတယ်။မြန်မာက ဆန်ထွက်တဲ့နိုင်ငံဖြစ်ပြီး ဆန်စျေးမတရားတက်နေတာ အတော်လေးဆိုးပါတယ်။ ဆန်ဆိုတာ နေ့တိုင်း အိမ်တိုင်း လူတိုင်း အတွက်မရှိမဖြစ်တဲ့အရာပါ။ ကုန်စျေးနူန်းတွေ တက်တာ လူထုကိုအတော်ထိပါတယ်။ဖြစ်နေတာက ကုန်စျေးနူန်းတွေ သာတက်ပြီး လုပ်ခလစာ ၊လူတသ်ယောက်နေ့စဥ်ဝင်ငွေက လုံးဝတက်မလာတော့ ဝင်ငွေနဲ့ထွက်ငွေ မမျှဘဲ အကုန်ဒုက္ခရောက်နေရတာ ” ဟု ရန်ကုန်အခြေစိုက်. ဆန်မျိုးစုံနဲ့ ဆီရောင်းဝယ်ရေးလုပ်ကိုင်နေသူ တစ်ဦးမှ ပြောသည်။

အဆိုပါ ပြည်ထောင်စုကုန်စျေးနူန်းတည်ငြိမ်ရေးကော်မတီကမူ ကုန်စျေးနူန်းများ တည်ငြိမ်ရေးအတွက် ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးမည့်ဒေသကို သ ယ်ယူရာတွင် သယ်ယူစရိတ် ကြီးမြင့်ခြင်း၊ ကြားခံအဆင့်များပြားခြင်း၊ သယ်ယူရာ လမ်းခရီးတလျှောက် မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများ မဖြစ်စေရေး ကုန်စည်စီးဆင်းမှုမှန်ကန်ရေးနှင့် လုံလောက်စွာဝင်ရောက်ရေး အပါအဝင် အဝင်အထွက်မှန်ကန်ရေး ကို ညှိနှိုင်းပေါင်းစပ်သွားမည်ဟု ဆိုသည်။

ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် လည်း ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာအောင် နည်းလမ်း ရှာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါး ဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်း မဖြစ်အောင်လည်း ကြိုတင်စီမံဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင်မူ ပြည်တွင်းဆန်စျေးသည် အမြင့်ဆုံး စံချိန်တင် စျေးတန်းတစ်ခုကို ရောက်ရှိနေသလို အခြားသော ဆေးဝါးပစ္စည်း၊ အခြေခံ စားသောက်ကုန် ပစ္စည်းများ စသဖြင့် ကုန်ပစ္စည်းအားလုံး စျေးနူန်းမြင့်တက်လာနေကြောင်း စားသုံးသူများဆီမှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှထုတ်ပြန်သည့်ရန်ကုန် ဝါးတန်း ဆန်စပါး ကုန်စည်ဒိုင် မှထုတ်ပြန် ဆန်စျေးကွက်တွင် ဇူလိုင်လ ၃၁ ရက် ၂၀၀၀၀ ကျပ်ထုတ်အပြီးကစပြီး ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်ကို ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိခုန်တက်သွားပြီး အခြားဆန်စျေးများသည်လည်း ၁၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိတက်သွားသည်ကိုတွေ့ရသည်။ စားသုံးဆီ စျေးနူန်းသည်လည်း လက်လီ ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်နှင့်အထက်ထိ စံချိန်တင်မြင့်တက်သွားပြီး ကြက်ဥတစ်လုံးကို ၈၀၀ ကျပ်အထိရှိလာသည်။ 

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *