မြန်မာ့ဖရဲသီးများ တရုတ်ပြည်သို့တင်ပို့၍ အဆင်မပြေခြင်းကြောင့် ပြည်တွင်း၌သာရောင်းချနေရ

မြန်မာနိုင်ငံမှ ထွက်ရှိသော ဖရဲသီးများကို နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်ပြည်သို့ တင်ပို့၍ အဆင်မပြေခြင်းကြောင့် ပြည်တွင်း၌သာရောင်းချနေရကြောင်းဖရဲသီး တင်ပို့ ရောင်းချသူများ ထံ မှ သတင်းရရှိသည်။

“အခြေအနေကတော့ သူ့ရာသီလည်း မဟုတ်လို့ပါ။ တရုတ်ဘက်ကလည်း ထွက်နေတယ်ဆိုတော့ ။ ဒီဘက်က ကုန်ကျ စရိတ်နဲ့က အထဲ၀င်လို့ အဆင်မပြေဘူး။ အဲဒါကြောင့် မူဆယ်မှာပဲ ရောင်းတယ်။ ဒေသတွင်းပဲ ရောင်းနေရတယ်။ တင်ပို့တဲ့ အခါမှာတော့ ကုန်ကျစရိတ်တွေက တော်တော်များပါတယ်။ ပြောပြလို့မရတဲ့ ဟာတွေရော ပြောပြလို့မရတဲ့ ဟာတွေရော အစုံပဲပေါ့နော်။ ကုန်ကျစရိတ်ကတော့ များတယ်။ ယွမ်စျေးကလည်းမြင့်တယ်။ အရောင်းအ၀ယ်က ဖြစ်ရင်တော့ တမျိုးပေါ့။ ပို့ကုန်တွေတင်ရတဲ့ အခြေအနေ ကလည်း သိပ်အဆင်မပြေတော့ဘူး။ ဂျူတီဖိုးမှာ ကုန်ကျစရိတ် ပိုများသွားတဲ့ သဘောတော့ရှိတာပေါ့။ အခုကတင်ပို့တာမရှိပါဘူး”ဟုမူဆယ် သစ်သီးဝလံကုန်စည်ဒိုင်မှ အတွင်းရေးမှူးဖြစ်သူ ဦးစိုင်းခင်မောင်ကပြောသည်။

အဆိုပါ ၁၀၅မိုင် နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် တရုတ်ပြည်သို့ဖရဲသီးတင်ပို့မှုကို ယခုနှစ်ရာသီအတွက် စတင်ခြင်းမရှိသေးပဲ လာမည့်အောက်တိုဘာလမှသာ စတင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

မူဆယ်နယ်စပ်မှ တရုတ်သို့ ဘဏ္ဍာနှစ်အလိုက် ဖရဲသီး တင်ပို့မှု စာရင်းများအရ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော် ကန်ဒေါ်လာ ၃၅ သန်းကျော်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သိန်းခွဲကျော် ကန်ဒေါ် လာ သန်း ၃၀ ကျော် ရရှိခဲ့ကြောင်းသိရသည်။

လက်ရှိ တရုတ်ပြည်သို့တင်ပို့ရောင်းချရခြင်းမရှိသောကြောင့် မန္တလေးသီးနှံစျေးကွက်တွင်လည်း ဖရဲသီးများပုံအောလျက်ရှိပြီး တချို့သောပွဲရုံများမှ လက်ခံရောင်းချခြင်းမရှိ ကြောင်း မန္တလေး ရွှေဝင်းဝင်းပွဲရုံပိုင်ရှင်ကပြောသည်။

“တချိူ့ကတော့အရှူံးခံပြီးဒီမှာရောင်းနေကြတာ။ ရတဲ့စျေးနဲ့မှေးပြီးရောင်းနေကြတာ။ ဖရဲသီးကတော့ သူ့ဝိတ်ချိန်နဲ့သူ စျေးနှူန်းကအစားစားပဲ။ ကုန်သည်တစ်ဦးနဲ့တစ်ဦးမတူတော့ ဖရဲသီးက ဘယ်ဥစ္စာဘယ်လောက်ပါလို့ပြောလို့မရဘူး။ ကားတစ်စီးရောက်ပြီဆိုရင် ရောက်တဲ့ဟာကိုစျေးဖြတ်ပြီးရောင်းရတာဆိုတော့လေ။ ပြည်တွင်းမှာပုံနေတဲ့သဘောပါပဲ။ တရုတ်ပြည်မပို့ရတော့လေ။ စျေးကတော့တချို့ကိုအရှုံးကိုခံပြီးရောင်းနေကြတာ။ စျေးကောင်းလားမေးရင် မကောင်းဘူးပြောရမှာပဲ။ အရင်နှစ်ကဒီအချိန်ဆို နှစ်ထောင်ပေါက်တဲ့ဟာက အခုကတစ်ထောင်နဲ့ရတဲ့သဘောပဲ။ ပစ္စည်းကတအားပုံနေတော့ တချို့ပွဲရုံတွေဆိုရင် လက်တောင်မခံဘူး။ ကျွန်တော်တို့ဆီဝင်တာကနယ်အစုံကဝင်တယ်”ဟု၄င်းကထပ်မံ ပြောသည်။

တောင်ကြီးမြို့ ဟေမန်ဦးပွဲရုံကပိုင်ရှင်က”ဖရဲသီးကလောလောဆယ်မရောင်းသေးဘူး။ ပစ္စည်းကဖြုန်းအားမသွက်ဘူးဖြစ်နေလို့။ အရောင်းလည်းမသွတ်ဘူး။ ရေကြီး၊မိုးများဖြစ်နေတော့လေ”ဟုပြောသည်။

ယခုနှစ်နွေရာသီတွင် တရုတ်နိုင်ငံ၌ ဖရဲသီးလက်ကားဈေးသည် ၁၃ နှစ်အတွင်း အလားတူကာလထက် အမြင့်ဆုံးသို့ ရောက်ရှိ ခဲ့ပြီးဇွန်လတွင် တရုတ်တစ်နိုင်ငံလုံး၏ ဖရဲသီးပျမ်းမျှလက်ကားဈေးသည် တစ်ကီလိုဂရမ် ၄ ဒသမ ၀၁ ယွမ်သို့ ရောက်ရှိခဲ့ကြောင်းသတင်းများအရသိရသည်။

ကိုဗစ် စတင် ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်မှ စတင်ကာ ဖရဲသီးတင်ပို့မှု လျော့နည်းသွားခဲ့ပြီး တရုတ် နယ်စပ် စခန်းများ ပိတ်ထားမှုကြောင့် အနည်းငယ်သာ အရောင်းအဝယ် ဖြစ်ပြီး ဖရဲ‌တောင်သူ အများအပြား အရှုံးပေါ်မှုများ ရှိခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုသည် စုစုပေါင်း စိုက်ဧက (၆၃၈၈၅) ဧက၊ ရိတ်သိမ်းဧက (၆၃၈၈၅) ဧက၊ ပျမ်းမျှအထွက်နှုန်း (၁၉.၈၇) တန်ဖြစ်ပြီး စုစု ပေါင်းထွက်ရှိမှုမှာ တန်ချိန် (၁၂၆၉၄၇၉) တန်ခန့် ထွက်ရှိ ကြောင်း သိရှိရပါသည်

လက်ရှိ ပြည်တွင်း သီးနှံစျေးကွက်အတွင်း ဖရဲသီးတစ်လုံးလျှင် ငွေကျပ် ၁၀၀၀ မှ ၂၀၀၀အထိ ပေါက်စျေးရှိကြောင်းသိရသည်။

ကောင်းကောင်း(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *