ယခုနှစ် မိုးစပါးစိုက်ရာသီ စက်မောင်းခများ ၂ ဆဈေးတက်သွား၊အလုပ်သမားငှားရမ်းခနှင့် စိုက်ပျိုးရေးဆေးများလည်းစျေးတက်သဖြင့် တောင်သူများ အခက်တွေ့

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လယ်ယာမြေ ထွန်စက် နူန်းထားများ မြင့်တက်သွားသည့်အပြင် အလုပ်သမားငှားရမ်းခများလည်း မြင့်တက်သွားသဖြင့် စပါးစိုက် တောင်သူများ  အခက်အခဲကြုံနေရကြောင်း သိရသည် ။

လယ်ထွန်စက်ငှားရမ်းခသည် ယခင်နှစ်မိုးတွင်း စပါးစိုက်ပျိုးရာသီတွင်  တစ်ဧကကို ၃၆၀၀၀ ကျပ် တန် နှင့် ၅၀၀၀၀ ကျပ် အထိဆိုပြီး စက်မောင်းခ အမျိုးစား ၂မျိုး သာရှိသော်လည်း လက်ရှိတွင် တစ်ဧကကို ၅၀၀၀၀ ကျပ် တန်နှင့် ၁၀၀၀၀၀ အထိ ဆိုပြီး စျေးနူန်း မြင့်တက်သွားခြင်းဖြစ်ဟု ပဲခူးအနောက်ခြမ်း၊ ပြည်ခရိုင်ရှိ တောင်သူများထံမှ သိရသည်။

” စက်မောင်းခ ကတော့အတော်လေးတက်သွားတာ ပါဗျာ၊သူက ၂ မျိုးရှိတယ်၊ ဘန်း မောင်းရင် စျေးနည်းတယ် ။ချိတ် မောင်းရင် စျေးများတယ်ပေါ့။ချိတ်ဆိုရင် ၂ ဆတက်တာ။စျေးတက်လို့ မမောင်းချင်လို့လဲမရဘူးလေ။စပါးကအချိန်နဲ့လုပ်ရတာ။ပြီးတော့နွားတွေကလည်းမရှိကြတော့ ဒုက္ခပိုရောက်တယ်။ဆီစျေးတက်လို့တက်တာလက်ခံပေမယ့် ၅၀၀၀၀ ကနေ ၁ သိန်းကတော့လွန်ပါတယ်ဗျာ ” ဟု ပြည်မြို့နယ်၊စပါး တောင်သူတစ်ဦးဖြစ်သူဦး ဇော်မင်း မှပြောသည်။

ထို့ပြင် အလုပ်သမားငှားရမ်းခသည်လည်း ယခင်နှစ်မိုးရာသီတွင် မနက်ခင်း ၆ နာရီမှ ၉ နာရီခွဲအထိ စပါးခင်းထဲ မြက်ကောက်ပါက ၂၀၀၀ ကျပ်သာရှိသော်လည်း လက်ရှိတွင် မနက်ခင်း ၆ နာရီမှ ၉ နာရီအထိကိုမှ ၂၅၀၀ ကျပ်အဖြစ်စျေးနူန်းတက်သွားခြင်းဖြစ်ဟု ဟိရသည်။

ယခုနှစ်တွင် မြေဩဇာ စျေးသည်လည်း အရင်နှစ်ထက် ၂၀၀၀၀ ကျပ်ဝန်းကျင်မြင့်တက်သွားသလို စိုက်ပျိုးရေးဆေးဖြစ်သည့် ပေါင်းမြက်ဆေး၊ မှိုဆေး စသဖြင့် စျေးနူန်းများမြင့်တက်သွားသဖြင့် တောင်သူများစိုက်ပျိုးစရိတ်ကုန်ကျမှုသည် မြင့်နေကြောင်းသိရသည်။

” လယ်တွေက ဆေးလဲဖြန်းရတယ်၊ လူနဲ့လည်း မြက်ကောက်ငှားရတယ်။အခု ၁၃ ဧကရှိတာကို မြက်ကောက်က ၇ သိန်းကျော်ကုန်သွားပြီ၊အဲ့ဒါမြက်မရှင်းသေးဘူး။ နောက်တကျော့ ထပ်ကောက်ရအုံးမယ်၊ဆေးလည်းဖြန်းရအုံးမယ်။ခုနှစ်ကုန်ကျစရိတ်ပိုများတယ်။တချို့ဆို ၁၀ တိုးနဲ့ချေးငှားပြီး လယ်လုပ်ကြရတာ။နွေစပါးက အမြတ်တော်တော်ရပြီး မိုးစပါးက စပါးအထွက်ကလည်းနည်းတော့ မရှုံးအောင်လုပ်နေရတယ် ” ဟု ပေါင်းတည်မှ တောင်သူတစ်ဦးဖြစ်သူ ဦးဝင်းမြင့် မှပြောပြသည်။

ယခင်က မိုးစပါးစိုက်ပျိုးရန်အတွက် လယ်ယာမြေထွန်ယက်ခြင်းကို နွားများအသုံးပြုပြီး ဆောင်ရွက်ကြသော်လည်း ယခုနောက်ပိုင်းတွင် နွားအစား လုပ်ငန်းမြန်ဆန်သည့် လယ်ထွန်စက်များကို ပြောင်းလဲအသုံးပြုလာကြခြင်းဖြစ်သည်။

လယ်ထွန်စက်ငှားရမ်းခများကိုမူ မိုးစပါးရိတ်သိမ်းချိန်ရောက်မှသာ ပေးရခြင်းဖြစ်သောကြောင့် တောင်သူများမှ စက်ဖြင့် ထွန်ယက်လာကြခြင်းလည်းဖြစ်ဟုသိရသည်။

မိုးစပါးစိုက်ပျိုးရာတွင် ယခင်က စိုက်ပျိုးရေ အလုံအလောက်ရရှိသဖြင့် ပျိုးထောင်စိုက်ပျိုးကြသော်လည်း နောက်ပိုင်းတွင် ရာသီဥတု မမှန်ခြင်း၊ ဆည်ရေရရှိမှုမရှိခြင်း များကြောင့် ပျိုးထောင်စိုက်ပျိုးခြင်းအစား အခြောက်ကြဲစနစ်ဖြင့် ထွန်ယက်ကာ စပါးအခြောက်ကြဲစိုက်ပျိုးလာကြကြောင်းသိရသည်။

လက်ရှိ ပဲခူးတိုင်း အနောက်ခြမ်းတွင် မိုးစပါးကို မှော်ဘီ၊ မှော်ဘီဆန်း၊ ရတနာတိုး၊ကရင်မ၊ထိုင်းနှံကောက်၊ဗျော့ထွန်း ၊ စပါးကြီး ၊ကျောက်ရွေး၊ GW 11 ၊ ဆင်းသွယ်လတ် ၊ မနောသုခ စသဖြင့် နေရာဒေသ မြေအမျိုးအစားပေါ်လိုက်ပြီး စပါးထွက်နူန်းကောင်းသည့် စပါးမျိုးများကို စိုက်ပျိုးကြကြောင်းသိရသည်။

လက်ရှိတွင် မိုးစပါးကို စိုက်ပျိုးပြိးကြသည့် နေရာများလည်းရှိသလို ယခုမှ နွေစပါးကိုရိတ်သိမ်းသည့်ဒေသတွင်လည်း မိုးစပါးစိုက်ပျိုးရန် ယခုမှ စက်မောင်းခြင်းကိုစတင်လုပ်နေကြကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *