ရေကြီး ရေလျှံမှုကြောင့် မိုးစပါး စိုက်ဧကပေါင်း ၃ သောင်းကျော် ရေနစ်မြုပ်

သထုံမြို့နယ်တွင်  ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုကြောင့်  စိုက်ပျိုးထားသော မိုးစပါးစိုက်ဧကပေါင်း  ၃၁၈၂၅ ဧက    ရေနစ်မြုပ်မှုဖြစ်ပွားနေ ကြောင်း တောင် သူများထံမှသိရသည်။

ဒုံဝန်း၊ကတိုက်ကလေး၊ မိုးကောင်း၊ ဓနုကတိုက်၊ တောကြီးစသည့် ကျေးရွာအုပ်စုများနှင့် အောင်းစိုင်၊ကျောက်တန်း၊ ဝင်းစိန် အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စုများမှ  မိုးစပါးစိုက်ဧကများ ရေနစ်မြုပ် နေခြင်းဖြစ် ဟုသိရသည်။

” ဇူလိုင်လကုန်လောက်ထဲက စပါးခင်းတွေ ရေမြုပ်နေတာ ခုထိပဲ လုံးလုံးလျာလျားမကျသေးဘူး။ ရေပြန်ကျမှ ပျက်စီးမှုသိရမယ်။နူန်းတွေကျန်ခဲ့ရင်တော့အဆင်မပြေဘူးပေါ့ဗျာ၊ ရေနစ်တာကကြာနေပြီဆိုတော့ စိုးရိမ်တာပေါ့။ ကိုယ်က ရင်းထားရတာ များတယ်” ဟု ဒုံးဝန်းကျေးရွာဒေသခံ တစ်ဦးမှပြောသည် ။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လထဲက မိုးသည်းထန်စွာ ရွာသွန်းမှုများရှိခဲ့သလို ယခုဩဂုတ်လတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် တောင်ကျရေစီးဆင်းမှုများပြီး ဘီးလင်းမြစ်နှင့် ဒုံသမိမြစ်ရေ  မြင့်တက်လာခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ စပါးစိုက်ခင်းများလည်းရေနစ်မြုပ်ခြင်းဖြစ်ဟုသိရသည်။

ယခု သထုံတွေ ရေလွှမ်းမိုးနေသည့် စပါးစိုက်ခင်းများသည် စပါးပင်သက်တမ်း ၁ လ ဝန်းကျင်သာရှိကြောင်း ၊ ရေနစ်မြုပ်မှု အချိန်ကြာသည်နှင့်အမျှ စပါးပင်များ ထိခိုက်ပျက်စီးမှုများ ရှိနိုင်ကြောင်းသိရသည်။

” ဟုတ်တယ် စပါးခင်းတွေရေမြုပ်နေကြတာကြာပြီ။ မိုးကမပြတ်တော့ ရေမကျတဲ့သဘောဖြစ်နေတာပေါ့။ ဘယ်အပင်မဆို ရေနစ်တာကြာရင် အပင်ထိခိုက်တာပဲ၊ ရေကျမှပဲ ပျက်စီးမှုအတိကျသိရမှာပါ ၊မြို့နယ်အုပ်ချုပ်ရေးဘက်ကစာရင်းအရတော့ ရေမြုပ်တာက အကုန်လုံး ဧက ၄၀၀၀၀ ကျော်တယ်၊အဲ့ဒါကို ၉၀၀၀ ကျော်ပြန်ပေါ်လာတယ်၊အခု ၃၀၀၀၀ ကျော်ကျန်နေသေးတာပါ  ” ဟု သထုံဒေသခံ တစ်ဦးမှပြောသည် ။

ရေနစ်မြုပ်နေသည့် စပါးခင်းများ ရေပြန်ကျချိန်တွင် စပါးပင်များပျက်စီးမှုရှိပါက အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် သက်ဆိုင် ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ စီစဥ်နေကြောင်း ၊လက်ရှိတွင် ရေနစ်မြုပ်ဧကများအား.ကွင်းဆင်းစစ်ဆေးမှုများလုပ်နေကြောင်းသိရသည်။

သထုံမြို့နယ်တွင် မိုးစပါးစိုက်ဧက ၁ သိန်း ၃၀၀၀၀ကျော်စိုက်ပျိုးရန်လျာထားကြောင်းသိရသည်။

မိုးစပါးကို စိုက်ပျိုးရာတွင် သက်ကြီးစပါးမျိုးကို  ပြီးခဲ့သည့် ဇွန်လ တွင်စတင်စိုက်ပျိုးကြပြီး သက်တမ်းတိုသည့်စပါးမျိုးကို ၇ လပိုင်းနှင့် ယခုလ ၈လပိုင်းတွင် စိုက်ပျိုးလေ့ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် မေလထဲတွင်လည်း  မြန်မာနိုင်ငံကို ဖြတ်သန်း ဝင်ရောက်ခဲ့သည့်  မိုခါ မုန်တိုင်းကြောင့် ပဲခူးတိုင်း၊ မကွေးတိုင်း ၊ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်းတို့တွင် နွေစပါးစိုက်ခင်း ၊ မတ်ပဲ၊ပဲတီစိမ်း၊နှမ်းအပါအဝင် အခြားသီးနှံစိုက်ခင်းများ အားလုံး သောင်းနှင့်ချီ ရေနစ်မြုပ် ပျက်စီးခဲ့ရကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *