၁၈ ရက်ကြာ ရပ်တန့် ထားသည့် မြဝတီအာရှလမ်း ပိုင်း ယနေ့ ပြန်ဖွင့်

မြေပြိုကျမှုကြောင့် သွားလာခွင့်ပိတ်ထားခဲ့သည့် မြဝတီ အာရှလမ်းအား  ယနေ့ဩဂုတ်လ ၂၅ ရက်နေ့တွင် ကားများ ဖြတ် သန်း သွားလာခွင့်ပြုလိုက်သည့်အတွက် ထိုင်း မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်းသိရသည်။

ထိုင်း မြန်မာ  နယ်စပ်ကုန်သွယ် ရေးသည်  မြဝတီ – ကော့ကရိတ် အာရှလမ်း၊ ထို့ကော်ကိုးလမ်း  ပြိုကျမှုဖြစ်ပွားခဲ့သည့်  ဩဂုတ် လ ၇ ရက်နေ့ မှစပြီး  ရပ်တန့်လုနီးဖြစ်သွားခဲ့ရသဖြင့် ရက်ပေါင်း ၁၈ ရက်ကြာရပ်တန့်ခဲ့ပြီး မှ ယခုကဲ့သို့ ပြန်လည်ကုန်သွယ်ခွင့်ရရှိခြင်းဖြစ်ဟုသိရသည်။

” ခုမနက်ကစပြီး ကုန်ကား တွေရော ၊ ကားလေးရော အကုန် ဖြတ်လို့ရပါပြီ။ ကုန်ကားတွေ အကုန်ဆင်းလာကြပါပြီ။ ကုန် သွယ်မှု ပြန်လုပ်နိုင်ပြီ။ လမ်းခရီးကတော့ ဂရုစိုက်မောင်းရမှာပါ။ ကုန်သွယ်မှုရပ်ထားရတဲ့အချိန်က နစ်နာမှု ဆုံးရှုံး မှု တွေကတော့ ရှိခဲ့တာပေါ့။ ” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးမှပြောသည်။

မြဝတီ ကော့ကရိတ် အာရှလမ်းတွင်  မြေပြိုကျမှုများ ဖြစ်ပွားခဲ့သည့် နေရာများတွင် ပြုပြင်မှုများပြုလုပ်ပြီးသည့်အပြင် လမ်း ပြိုကျခဲ့သည့်နေရာ၌လည်း ဘေလီတံတားထိုးခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်သောကြောင့် ကုန်ကား အပါအဝင် ကားလေး၊ဆိုင်ကယ် အားလုံးကို ဖြတ်သန်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“ဒီနေ့ လမ်းပြန်ဖွင့်တယ်။ ကားကြီးကားလေး အကုန် ပေးဖြတ်တယ်။အတက်အဆင်း သိပ်မလွယ်လို့ အခု လမ်းပိုင်းကို ထပ်ပြီး ပြင်ဆင်မှုလုပ်ပေးနေလို့ လမ်းကို ခဏ  ပြန်ပိတ်ထားပါတယ်၊ ကားလေးဆိုင်ကယ်ရောပါ၊ခုညနေလောက် ဖြတ်လို့ရမယ် သိရပါတယ်။ ” ဟု ကောကရိတ်မှာ ရောက်ရှိနေသည့် ကားသမားတစ်ဦးမှပြောသည်။

လက်ရှိ မြဝတီ အာရှလမ်းတွင် မြဝတီ ကုန်သွယ်ရေး ဇုန်ကိုသွားရောက်မည့် ကုန်ကား အများအပြား ရှိကြောင်းသိရသည်။

မြဝတီ ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှု မလုပ်နိုင်ခဲ့သည့်အချိန်တွင် ထိုင်းမှ မြန်မာသို့ သွင်းကုန်ပစ္စည်း အများစုသည်  စျေးနူန်းမြင့်ခဲ့ကြောင်း ၊ လက်ရှိတွင်  ကုန်သွယ်မှုပြုလုပ်နိုင်ပြီဖြစ်သဖြင့်  သွင်းကုန်ပစ္စည်း စျေးနူန်း များ ပြန်လည်ကျဆင်းရန်လိုအပ်ကြောင်း ပြည်သူများမှပြော သည်။

” အာရှလမ်း ပိတ်လို့ ကုန်ကားတွေသွားမရတော့ဘူးလဲဆိုရော စျေးတွေခုန်တယ်တယ်။ ရှိပြီးသားပစ္စည်းကို စျေးတက်ရောင်းကြတယ်ါတက်စျေးဝယ်ရလို့ စျေးတက်ရောင်းတာ လက်ခံပေးမယ့် လက်ထဲရှိပြီးသားကိုစျေးတက်ရောင်းတာ မဖြစ်သင့်ဘူး။အခုလမ်းလည်းပြန်ဖွင့်ပြီဆိုတော့ တက်နေတဲ့စျေးတွေပြန်ချပေးကြပါ၊ ” ဟု ပြည်သူတစ်ဦးဖြစ်သူ မနီလာဝင်းမှပြောသည်။

  ထိုင်းမှ မြန်မာ ကို တင်သွင်းသည့် သွင်းကုန်ပစ္စည်း များမှာ မွေးမြူရေးအစာ ၊  မွေးမြူရေးဆေးဝါး၊ စက်ပစ္စည်း၊  စက်ဘီး စာရေးကိရိယာ၊ ကားအပို ပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပို ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ စားသောက်ကုန်၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ အထည်ချုပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)၊ စက်နှင့် စက်ပစ္စည်း ကိရိယာ၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ အားကစားပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဆေးပစ္စည်းနှင့် အိမ်သုတ်ဆေးတို့ဖြစ်ပြီး မြန်မာဘက်မှ ထိုင်းကို  တင်ပို့နေသည့် ပစ္စည်းများမှာ  လယ်ယာထွက်ကုန်ပစ္စည်း ၊ ရေထွက်ပစ္စည်းများ ကို အဓိကတင်ပို့နေဟုသိရသည်။

ညိုပြာဝိုင်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *