ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အဝယ်လိုက်လာသဖြင့် ဂျင်းတစ်ပိဿာ ၁၅၀၀ ကျပ် ဈေးပြန်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဝယ်လိုက်လာသဖြင့် မြန်မာပြည်ထွက် ဂျင်းတစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ကျပ် ဈေး ပြန်တက် လာကြောင်း ဂျင်းရောင်းချသူများထံမှ သိရှိရသည်။

ဂျင်းဥမ ရာသီပေါ်ချိန် သြဂုတ်လ ပထမအပတ်တွင် ဂျင်းတစ်ပိဿာ ၃၀၀၀ ကျပ်ရှိရာမှ ယခုအခါ ဂျင်းဥမ တစ်ပိ ဿာ ၄၀၀၀ ကျပ်မှ ၄၆၀၀ ကျပ်အကြားရှိလာပြီး ငွေကျပ် ၁၅၀၀ ကျပ် ခုန်တက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လက ဘင်္ဂလားဒေရှ် အဝယ်လိုက်မူကြောင့် ဂျင်းတစ်ပိဿာဈေးလျှင် ငွေကျပ် ၇၅၀၀ ကျပ်သို့ ခုန် တက်လာရာမှ ဇူလိုင်လကုန်တွင် ဈေးပြန်ကျလာပြီး သြဂုတ်လ လယ်တွင် ဈေးပြန်တက်လာခြင်းဖြစ်သည်။

“ဈေးပြန်တက်လာတာ မကြာသေးဘူး။ တစ်ပတ်လောက်ပဲရှိသေးတယ်။ အဝယ်ကတော့ ပုံမှန်ရှိတယ်။  အရမ်း ရောင်းရတယ်။ အခုထွက်တဲ့ဥမ ဂျင်းဆိုရင်ကုန်ခါနီးသလောက်ဖြစ်သွားပြီ” ဟုကလောမြို့နယ်မှ ဂျင်းကုန်သည် ကိုခွန်ထွိုက်ခမ်းကပြောသည်။

အောင်ပန်း ကုန်စည်ဈေးကွက်တွင် ဂျင်းဥမ အခက်ကြီး အသန့်တစ်ပိဿာလျှင် ၅၅၀၀ ကျပ် ၊ ဂျင်းဥမ မြေနီ ဘောင်တုတ် အလတ်စ တစ်ပိဿလျှင် ၄၈၀၀ကျပ် ၊ ဂျင်းဥမ အသေးစတစ်ပိဿာလျှင် ၄၃၀၀ ကျပ် ၊ ထိုးဂျင်း ခေါ် ဂျင်းအပယ်စ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အကြား ဈေးပေါက်လျှက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်မှ အများဆုံး ဝယ်ယူသည် ဂျင်းမှာတစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အကြား ရှိပြီးယခင် တစ်ပိဿာ ၃၅၀၀ ကျပ်မှ ဈေးတက်လာခြင်းဖြစ်ကြောင်း ၊ ယခုလ အတွင်း ဘင်္ဂလားဒေ့ရှ်မှ ဂျင်းတစ်အများအ ပြား ဝယ်ယူခဲ့ကြောင်း ၊ ဝယ်လိုအားက များပြီး ရောင်းလိုအား နည်းသည့်အခြေအနေတွင်ရှိနေကြောင်း အောင် ပန်းကုန်စည်အမျိုးမျိုး ရောင်းဝယ်ရေးက တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဂျင်းဈေးက ဒီထက် ထပ်တက်နိုင်တယ်။ ဈေး ၅၅၀၀ ကျပ်အထိ ဖြစ်နိုင်တယ်။ အခု အောင်ပန်းဈေးကွက်မှာ ဂျင်းတွေ ရှားကုန်ပြီး ဝယ်သူများပြီး ရောင်းသူနည်းနေတယ်။ အချို့ကလည်း ဈေးတက်မလားနဲ့ ထပ်စောင့်ကြ တာလည်း ရှိတယ်။ ဂျင်းက ဝယ်မရသလောက် ရှားသွားပြီ” ဟု အောင်ပန်းကုန်စည်အမျိုးမျိုးရောင်းဝယ်ရေးက တာဝန်ရှိသူတစ်ဦးကပြောသည်။

အောင်ပန်းကုန်စည်ဒိုင်တွင် တောင်ကြီး ၊ ဟဲဟိုး ၊ ပင်းတယ ၊ ရွာငံ ၊ နန့်စမ်၊ လွိုင်လင်ဘက်တို့မှ ဂျင်းများ ဝင် ရောက်လျှက်ရှိပြီး ယခုရက်ပိုင်းအတွင်း ခြောက်ဘီး၊ ထော်လဂျီ၊ဟိုက်ဂျက်ကားများဖြင့်ဂျင်းကုန်ကားဝင်ရောက်  မူလျော့နည်းသွားပြီး ကုန်ကြမ်းဝင်ရောက်မူ လျော့နည်းနေကြောင်း ကုန်သည်များထံမှ သိရှိရသည်။

ဂျင်း ထွက်သည့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဂျင်းတစ်ပိဿာ ၅၀၀၀ ကျပ် အများဆုံးရှိနေပြီး ရန်ကုန်မြို့ ပြည် တွင်း လက်ကားဈေးကွက်တွင် ဂျင်းတစ်ပိဿာ ၈၀၀၀ ကျပ်ရှိသည်။

မြန်မာနိုင်ငံအတွင်း ဂျင်းတက်ဈေးနှုန်းမှာ မတ်လက တစ်ပိဿာ လျှင် ၁၂၀၀ကျပ်မှ ၁၃၀၀ ကျပ်အတွင်း ပေါက် ဈေးရှိရာမှ ဇွန်လတွင် ဂျင်းတစ်ပိဿာလျှင် ၇၅၀၀ ကျပ် ဈေးတက်ခဲ့ပြီး ဇူလိုင်လတွင် ဂျင်းတစ်ပိဿာ  ၃၀၀၀ကျပ် ပြန်ကျလာခြင်းဖြစ်သည်။

ဂျင်းသစ်များပေါ်ချိန်တွင် အောင်ပန်းဈေးကွက်တွင် ဂျင်းများ ကျဆင်းလိမ့်မည်ဟု ကုန်သည်များ ခန့်မှန်းခဲ့ ကြသော်လည်း မူရင်းဈေးအထိ ဈေးကျခြင်းမရှိဘဲ ထပ်မံ မြင့်တက်လာခြင်းဖြစ်သည်။

ဂျင်းကို ဧပြီလတွင် စိုက်ပျိုးပြီး ဇွန်လ နှင့် ဇူလိုင်လ အပင်ပေါက်ချိန်တွင် ဂျင်းဥမ တစ်ကြိမ်ပေါ်ပြီး စက်တင်ဘာ ၊ အောက်တိုဘာလတို့တွင် ဂျင်းတက်တစ်ကြိမ်ပေါ်ကြောင်း ၊ သြဂုတ်လတွင်ပေါ်သည့် ဂျင်းဥမ အရည်အသွေး မှာ အောက်တိုဘာလတွင်ပေါ်သည့် ဂျင်းတက်ထက် အရည်အသွေးမကောင်းကြောင်း ဂျင်းကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဂျင်းတက်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဈေးကောင်းနေပြီး မေလအတွင်းတွင် ၈၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း Myanmartrade.org ဝက်ဆိုက်ဒ်က ဖော်ပြထားသည်။

စိုက်ပျိုးရေး ၊ မွေးမြူးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ဂျင်းစိုက်ပျိုးသည့် ဧရိ ယာမှာ ၁၉၃၃ ဧကရှိပြီး အထွက်နှုန်း ပိဿာ မှာ ၂၆၀၆ ဒသမ ၇၆ ထွက်ရှိသည့်ဟုသိရှိရသည်။

ဂျင်းအများဆုံးစိုက်ပျိုးသော ဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီးစိုက်ဧက ပေါင်း ၁၂၇၈၇ ဧကရှိပြီး ပျမ်းမျှ ၃၂၈၄ ဒသမ ၁၀ပိဿထွက်ရှိပြီး ဒုတိယအများဆုံးစိုက်ပျိုးသည့် ဒေသမှာ ချင်းပြည်နယ်တွင် စိုက်ဧက ၂၄၂၇ ဧက စိုက်ပျိုးကာ ပျမ်းမျှ ထွက်နှုန်းမှာ ၉၆၀ ကျော်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဂျင်းကို တရုတ်နိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၊ ယီမင်နိုင်ငံ ၊ အင်ဒိုနီးရှားနိုင်ငံ ၊ ပါကစ္စတန်နိုင်ငံ ၊ မလေးရှားနိုင်ငံ ၊ စင်္ကာပူနိုင်ငံ နှင့် အာရပ်စော်ဘွားများ နိုင်ငံများသို့တင်ပို့ ကြသည်ဟု စီးပွားကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် အချက်လက်များအရသိရှိရသည်။  

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *