အကောက်ခွန်ကင်းလွတ် တင်သွင်းခွင့် ကာလကို သက်တမ်းတိုးရန် တောင်းဆိုမှု ထိုင်းဘက် မှ ခွင့်မပြု

မြဝတီလမ်း မြေပြိုမှုကြောင့် ကုန်သွယ်မှုရပ်တန့်ခဲ့ရသဖြင့်  မြန်မာ့ ပြောင်းဆန်များကို ထိုင်းနိုင်ငံသို့  အကောက်ခွန်ကင်း လွတ် ခွင့်ဖြင့်  တင်သွင်းခွင့်ကာလကို သက်တမ်းတိုးပေးရန် ထိုင်းဘက်ကို တောင်းဆိုခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း မြန်မာ နိုင်ငံ ပြောင်းလုပ်ငန်းရှင် များအသင်းမှသိရသည်။

ထိုင်းနိုင်ငံရှိ အစာစပ် စက်ရုံများမှ ၎င်းတို့၏ ပြောင်းလက်ကျန်သည်  လုံလောက်မှုရှိ သည့်အပြင် ထိုင်းနိုင်ငံ၏ပြောင်းပေါ်ချိန်သို့လည်း ရောက်ရှိနေသောကြောင့်  ပြောင်းလိုအပ်ချက် မရှိကြောင်း တင်ပြသဖြင့် ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ် ပြောင်းတင်ပို့ခွင့် သက်တမ်းကို  ထပ်မံတိုးမပေးခြင်းဖြစ်ကြောင်း  သိရသည်။

” အသင်းက နူတ်အားဖြင့်ပဲ ပြောခဲ့တာရှိတယ်၊ စီး/ ကူးဘက်ကတော့ စာနဲ့တောင်းဆိုတယ်၊ဒါပေမယ့် သက်တမ်းတိုးဖို့ခွင့်မပြုဘူးလို့သိရပါတယ်။ ထိုင်းကပေးတဲ့စျေးကိုဘယ်သူမှပေးပြီးမဝယ်နိုင်ဘူး၊တခြားနိုင်ငံတွေက ဝယ်လည်း စျေးသက်သာမှဝယ်တယ်၊ စျေးကြီးနေရင်ဝယ်မှာမဟုတ်ဘူး ” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ကိုဖြိုးကိုကိုနိုင်မှပြောသည်။

 မြန်မာ့ ပြောင်းကို ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်သည့် ကာလမှာ  ဖေဖော်ဝါရီလမှစပြီး ယခု သြဂုတ်လ ၃၁ ရက် နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် သက်တမ်းတိုးပေးရန်တောင်းဆိုခြင်းဖြစ်ဟုသိရသည်။

အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်သက်တမ်းကုန်ဆုံးပါက မြန်မာ့ပြောင်းကို တရုတ် နိုင်ငံနှင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံ တို့ကို တင်ပို့မည်ဖြစ်ကြောင်းသိရသည်။

” တရုတ်နဲ့ ဗီယက်နမ်၊  ဖိလစ်ပိုင် သူတို့သုံးခုက သိပ်တော့မကွာပါဘူး မတိမ်းမယိမ်းပါဘဲ ၊တရုတ်ကတော့ သူတို့မူဝါဒါအရ ဝယ်ရင်လည်း  အများကြီး ဝယ်တယ်၊ သူတို့မူဝါဒခက်ခဲရင်တော့အများကြီးမဝယ်ဘူး။အဲ့ဒါဆိုရင်တော့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ကဝယ်လိမ့်မယ် ၊အာရှလမ်းတိုက်ပွဲဖြစ်လို့ ကုန်သွယ်မှုရပ်ရတာ ခုတံတားပြိုလို့ရပ်ထားရတာတွေကြောင့် သက်တမ်းတိုးဖို့တောင်းဆိုတာကို မရဘူးလို့သိရတယ် ” ဟု ပြောင်းလုပ်ငန်းရှင် တစ်ဦးမှ ပြောသည်။

မြဝတီ အာရှလမ်းတွင် သြဂုတ်လ ၈ ရက်နေ့တွင်  မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် ယင်းအချိန်မှစပြီး ထိုင်းကို ပြောင်းတင်ပို့မှု ရပ်တန့် ခဲ့ကြောင်း ၊ လက်ရှိတွင် အာရှလမ်း ပြန်လည်သွားလာခွင့်ပြုလိုက်ပြီဖြစ်သောကြောင့် သြဂုတ်လ ၂၆ ရက်နေ့တွင် ပြောင်းဆန်များပြန်လည်ကုန်သွယ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ထိုင်းကိုအခွန်ကင်းလွတ်ခွင့်ဖြင့်  အစေ့ထုတ်ပြောင်း  တင်ပို့ခွင့်မှုမှာ ဖေဖော်ဝါရီမှ ဩဂုတ်လအလယ်ထိ ပြောင်း တန်ချိန်ပေါင်း  တန်ချိန် ၁.၇ သန်းဝန်းကျင်တင်ပို့ထားနိုင်ကြောင်း၊ မြန်မာ့ပြောင်းကို ထိုင်းကိုအများဆုံးတင်ပို့ခြင်းဖြစ်ဟုသိရသည်။

လက်ရှိ ထိုင်းဘက်တွင် ပြောင်းတစ်ကီလိုကို ၁၁ ဘတ်ဝန်းကျင်ရှိကြောင်း သိရသည်။ပြည်တွင်းမှာတော့  စီပီပြောင်းတစ်အိတ်ကို ငွေကျပ် ၆၂၀၀၀ မှ ၆၃၀၀၀ ပေါက်ဈေးရှိပြီး ‌ ဈေးပြန်လည် မြင့်တက်လာခဲ့သည်။

အစေ့ထုတ်ပြောင်းကို ပြည်တွင်းရှိ  မွေးမြူရေးအစာစက်ရုံများမှ မွေးမြူရေးအစာအတွက် အသုံးပြုကြသလို   ၊ မွေးမြူ ရေး သမားမှ လည်း အစာအဖြစ် သုံးကြကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *