စားအုန်းဆီ ၁.၇ သန်းကျော်  ကို ဆီအရောင်းဆိုင်များသို့ ရောင်းချပေးမည်

စားအုန်းဆီ စျေးအဆမတန်မြင့်တက်နေမှုကို ထိန်းရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော နူန်းတစ်ခုဖြစ်လာစေရေးအတွက် စားအုန်းဆီ ၁.၇ သန်းကျော်ကို ဆီအရောင်းဆိုင်များကိုရောင်းချပေး မည်ဟုမြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းMEODA မှသိရသည်။

လက်လီလက်ကားကုန်သည်များအနေဖြင့် ဝယ်ယူရရှိသည့် စားအုန်းဆီကို ပြန်လည်ရောင်းချသည့်အခါ  အထွေထွေကုန်ကျစရိတ်နှင့် အသားတင်အမြတ်ငွေ ၂ရာခိုင်နှုန်း သာပေါင်းစပ်ပြီး ပြန်လည် ရောင်းချရမည်ဖြစ်သည်။

စားအုန်းဆီများ  စားသုံးသူလက်ဝယ်သို့ရောက်ရှိချိန်အထိ အဆင့်ဆင့်ရောင်းချရာတွင် အသားတင်အမြတ်ငွေ ၁၀ ရာခိုင်နှုန်းထက်ကျော်လွန်ရောင်းချခြင်း မပြုရန်နှင့်  ရောင်းချသည့်အခါတွင် တာဝန်ယူမှုတာဝန်ခံမှုအပြည့် ဖြင့် ဈေးနှုန်းများကိုရောင်းချပေးရမည်ဖြစ်ကြောင်း သိရသည်။

” ဈေးကွက်မှာ စားအုန်းဆီဈေးက လွန်ကဲစွာ မြင့်တက်နေတယ်၊ လက်လီ လက်ကား ကုန်သည်တွေအနေနဲ့  အဆင့်ဆင့် အမြတ် များစွာမယူပဲရောင်းချပေးဖို့ တာဝန်ရှိပါတယ်။ စားသုံးဆီများ ဈေးမြင့်တက်နေတာက စားသုံး ဆီ ကဏ္ဍမှာ ပါဝင်တဲ့ ဆီလုပ်ငန်းရှင်အားလုံးမှာ တာဝန်ရှိတယ်။  စားအုန်းဆီဈေးကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ လက်ကားရည်ညွှန်းဈေး အနီးမှာ သာရှိအောင်  ဆောင်ရွက်ရပါမယ်။ဒါကြောင့် လက်ကားရည်ညွှန်းဈေးနဲ့ ရောင်းချပေးပါမယ် ” ဟု MEODA မှ တာဝန်ရှိသူ တစ်ဦးမှပြောသည်။

လက်ရှိတွင် စားအုန်းဆီ ၁.၇ သန်းကျော်ကို စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီ ၁၁ ခုက ရည်ညွန်းစျေးဖြင့်ရောင်းချပေးနေကြောင်း ၊ ယင်းအပြင်စားသုံးဆီ အများပိုင်ကုမ္ပဏီက လက်ကျန်ရှိ စားအုန်းဆီတန်ချိန်  ၄၇၁တန် (၂၆၂၂ပေပါ)၊ ပိဿာအားဖြင့် ၂၈၈၄၃၅ပိဿာကို လက်ကားရည် ညွှန်းဈေးဖြင့် ရောင်းချ ပေးမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများအနက် ဆီအများဆုံးတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီကြီးဖြစ်သည့်  Six Winner Brother Co; Ltd ကလည်း ၎င်းတို့အစီအစဥ်ဖြင့်  ကုမ္ပဏီရှိ ဆီလက်ကျန် တန်ချိန် ၃၃၆၈.၅၆၁ တန် (၁၈၇၅၃ပေပါ) ပိသာအားဖြင့် ၂ သန်းကျော်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

” တစ်ပိဿာ ၄၄၀၀ နဲ့ ရောင်းပေးနေတယ် ။ အပြင်ကစျေးနဲ့ ထက်ဝက်ကွာတော့ ဝယ်ကြတယ်။တန်းစီရတယ် အလုအယက်ပဲ ဝယ်ကြတယ်။ လိုချင်သလောက်တော့ ဝယ်လို့မရသေးပါဘူး။အပြင်မှာက ခုစျေးပြန်ကျလည်း မကျသေးဘူး။  ” ဟု စားသုံးသူ ပြည်သူတစ်ဦးဖြစ်သူ ဒေါ်သန္တာထွန်း မှပြောသည်။

လက်ရှိ စားအုန်းဆီစျေးကွက်တွင် လက်ကား စျေးအနည်းငယ်ပြန်ကျသော်လည်း လက်လီစျေးကွက်တွင် တစ်ပိဿာကို ၁၂၀၀၀ ကျပ်ထိရောင်းချမှုရှိနေသေးကြောင်း၊အလားတူထိုင်းမှတင်သွင်းနေသည့် နေကြာဆီ ၊ဟင်းသီးဟင်းရွက်ဆီ၊ပဲပိစပ်ဆီစျေးနူန်းများလည်း မြင့်တက်လာနေကြောင်းသိရသည်။

စားအုန်းဆီများ တင်သွင်းရာတွင် ကျသင့်ငွေ၏  နိုင်ငံခြားငွေအမေရိကန်ဒေါ်လာ ၅၀ရာခိုင်နှုန်းကို တစ်ဒေါ်လာ  ၂၁၀၀ကျပ် ဖြင့် ဗဟိုဘဏ်မှ ရောင်းချပေးသလို  ကျန် ၅၀ရာခိုင် နှုန်း ကိုလည်း တစ်ဒေါ်လာ ၂၉၂၀ ကျပ်ဖြင့် ရောင်းချပေးသော် လည်း  စားအုန်းဆီစျေး အဆမတန်မြင့်တက်ခြင်းသည် နိုင်ငံတော်၏ အထောက်အပံ့များ အရာမထင်သလိုဖြစ်နေရဟု ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် မှ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။

“ကမ္ဘာ့စျေးကျလည်း မြန်မာနိုင်ငံ မှာ ကျသွားတာမတွေ့ရဘူး။စီးပွားရေး လုပ်ငန်းတွေ ရသင့်ရထိုက်တဲ့အမြတ်ကိုပဲဆောင်ရွက်ဖို့လိုတယ်။အမြတ်ကို ၁၀ %  ထားမှာလား ၊အမြတ် ၂၀ %  ထားမှာလား ၊၂၅ % ထားမှာလား၊ ၂ဆ မြတ်ချင်တာကတော့ မဖြစ်သင့်တဲ့အနေအထားပေါ့ ၊အစိုးရပံ့ပိုးတဲ့ နူန်းနဲ့လည်းလဲနေရတယ်၊  ဒါကိုသယ်ယူပို့ဆောင်ရေးစရိတ် တက်လို့ ၊ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တက်လို့ဆိုပြီး ဈေး တက် ရောင်းတာက နိုင်ငံတော်ရဲ့ စေတနာနဲ့ ပံ့ပိုးပေးထားတဲ့ ဆောင်ရွက်မှုတွေက အရာမထင်တဲ့ ပုံစံမျိုးပေါက်နေတဲ့ အနေအထား ဖြစ်ပါတယ် ” ဟုဝန်ကြီးမှပြောသည်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အမြတ်ကိုလွန်ကဲစွာဦးစားပေးလွန်းသည့် လုပ်ငန်းရှင်များ မဖြစ်စေဘဲ  ရသင့်ရထိုက်သည့် အမြတ်ကိုပဲ ဆောင်ရွက်ရန် ၊  သမာသမတ်ကျပြီးစီးပွားရေးကျင့်ဝတ်ကို လိုက်နာသည့် စီးပွားရေးအသိုက်အဝန်းဖြစ်ရန် လိုအပ်ကြောင်း တဆက်တည်းပြောဆိုခဲ့သည်။

စားအုန်းဆီ စျေးနူန်းသည်  ၂၀၂၁ ခုနှစ် မတိုင်မီက တစ်ပိသာကို ၁၈၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိသာရှိခဲ့ပြီး ၂၀၂၁ နောက်ပိုင်းတွင် စားအုန်းဆီ စျေးသည် တဖြေးဖြေးမြင့်တက်လာခဲ့ရာ လက်ရှိတွင် ၁၀၀၀၀ ကျပ်ကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပဲ ဆီ၊နှမ်းဆီများ ထွက်ရှိသော်လည်း ယင်းပမာဏသည် ပြည်တွင်းစာသုံးမှုအတွက်   လုံလောက်မှုမရှိသည့်အတွက် ပြည်ပမှ စားအုန်းဆီ တန်ချိန် ၉ သိန်းဝန်းကျင်ကို နှစ်စဥ်  တင်သွင်းနေရဆဲဖြစ်သည်။

ယခုလို စားအုန်းဆီ စျေးမြင့်တက်နေချိန်တွင် ဆီအရောင်းဆိုင်အချို့သည် စားအုန်းဆီ ရောင်းချမှုကို ယာယီအရောင်းရပ်ထားမှုများလည်းရှိကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *