ဆန်နှင့်စပါးသိုလှောင်သူများ စက်တင်ဘာလတွင် မှတ်ပုံတင်ရမည်

ဆန် ၊ စပါး သိုလှောင်မှုနှင့် ပတ်သက်ပြီး မှတ်ပုံတင်ခြင်းလုပ်ငန်းကို  စက်တင်ဘာလမှစပြီး အွန်လိုင်း စနစ်ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှသိရသည်။

ဆန်စပါး သိုလှောင်မှု မှတ်ပုံတင်ခြင်းလုပ်ငန်းကို Online မှ ဆောင်ရွက်နိုင်ရန် Digital Platform တည်ဆောက်နေမှုမှာ  စက် တင်ဘာလဆန်းတွင် ပြီးစီးမည်ဖြစ်ကြောင်း ၊ မှတ်ပုံတင်ခြင်းကို စက်တင်ဘာလ မှစပြီး ဒီဇင်ဘာလအတွင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကနဦးသတင်းများအရသိရသည်။

“အွန်လိုင်းကနေ မှတ်ပုံတင်ရမယ်လို့တော့သိတယ်။၉ လပိုင်း၁၅ ရက်နေ့လောက်ကနေ စမယ် ၊ ၁၂ လပိုင်းအတွင်း အပြီးမှတ် ပုံတင်ရမယ်ပေါ့။အဲ့လိုတော့သိထားတယ်။ဘယ်လိုပုံစံ တွေလုပ်ရမယ်၊ဘာတွေလိုအပ်မယ်ဆိုတာတော့သေချာမသိရသေးဘူး။ လှောင်မယ့်ပွဲရုံတွေပဲလား တော့မသိသေးဘူး။ပွဲရုံတွေဆိုလည်း သူတို့ကလိုင်စင်ရှိပြီးသားတွေပဲလေ ” ဟု ဆန်လက်လီ လက် ကားရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးမှပြောသည်။

အွန်လိုင်းမှ မှတ်ပုံတင်ရန်လိုအပ်သူများမှာ ဆန် အိတ်ရေ ၁၀၀၀ ( တန်ချိန် ၅၀) သိုလှောင်မည့်သူများနှင့် စပါးတင်းအရေ အတွက် ၅၀၀၀ နှင့်အထက် သိုလှောင်သူများ ဖြစ်ကြောင်းသိရသည်။

” အဓိက ဆန် နဲ့စပါး ဘယ်လောက်သိုလှောင်ထားလဲဆိုတာကို သိဖို့ လုပ်တဲ့သဘောပေါ့။ ခုလိုစာရင်းတွေကောက်တာက လွတ်လပ်မှုမရှိတဲ့သဘောပဲ။ ဒီတော့ မှတ်ပုံမတင်ရအောင် ဆန်အိတ်ဆို ၁၀၀၀ အောက်ပဲလှောင်မယ်၊စပါးဆို ၅၀၀၀ မပြည့်အောင်လှောင်ကြမှာပေါ့။ “ဟု ဆန်ကုန်သည်တစ်ဦးမှသုံးသပ်ပြောသည်။

ဆန်နှင့် စပါးသိုလှောင်မှုအတွက် မှတ်ပုံတင်မှုရှိမရှိကို စစ်ဆေးကြပ်မတ်နိုင်ရန်အတွက် ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံ တင်ခြင်းဆိုင်ရာအစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ကို ဖွဲ့စည်းထားပြီးဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

Online မှ မှတ်ပုံတင်ခြင်း၊ သိုလှောင်ရုံများနှင့်သိုလှောင်မှု များကိုမြေပြင်ကွင်းဆင်းပြီး လိုက်လံစစ်ဆေး အတည်ပြုခြင်းကိစ္စအား  အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သောကြောင့်  သိုလှောင်မှုနှင့် အရောင်း အဝယ်စာရင်းမှတ်တမ်းများကို အထူး အလေးပေး ပြင်ဆင်ထားရန်မြန်မာနိုင်ငံဆန်စပါအသင်းချုပ်မှအသိပေး ပြောဆိုထားသည်။

ရွှေဘိုပေါ်ဆန်းဆန်များကို တစ်အိတ်လျင် (၁၅၀,၀၀၀-၁၆၀,၀၀၀)ကျပ် ရောင်းဈေးခေါ်ကာ ရောင်းချနေမှုများကို မလုပ် ဆောင်ဘဲ  တစ်အိတ်လျင် (၁၂၅,၀၀၀) ကျပ်ထက် မပိုသောနှုန်းဖြင့်သာ ဈေးလျော့ချရောင်းရန်၊  ဧရာဝတီပေါ်ဆန်းအုပ်စုများကိုလည်း  ၉၀၀၀၀ မှ ၁ သိန်းအထိသာရောင်းရန်၊ ရက် ၉၀ဆန်များကိုလည်း တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်ထက်မပိုသောနှုန်းဖြင့် ဈေးလျှော့ချ ရောင်းရန် အသိပေးထားသည်။

သို့သော် ပြင်ပ လက်လီစျေးကွက်တွင် ရွှေဘိုပေါ်ဆန်း မွှေးတစ်အိတ်ကို ၁၇၀၀၀၀ အထက်ထိစျေးပေါက်နေပြီး ဧရာဝတီပေါ်ဆန်းက ၁ သိန်းအထက်မှာရှိကြောင်း ၊ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေအနေနဲ့ ဆန်ဝယ်ယူတဲ့အခါမှာ.အမြင့်စျေးဖြင့်သာဝယ်ယူရသည့်အတွက် စျေးလျှော့ချရောင်းရန် မဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

” အမြင့်စျေးနဲ့ဝယ်ရပြီး စျေးလျှော့ရောင်းပေးဖို့ဆိုတာဖြစ်မှမဖြစ်နိုင်တာ။ ဒီနေ့ အကျစျေးနဲ ဝယ်လို့ရရ်  ဒီနေ့ စျေးချရောင်းပေးလို့ရတယ်။ လျှော့စျေးနဲ့ဝယ်မရဘဲ လျှော့ရောင်းဖို့ပြောတော့ ဆန်ဆိုင်တွေက ဘယ်လိုလုပ်ရမလဲ ” ဟု ဆန်ရောင်းချသူတစ်ဦးမှ မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဆန်ဈေး၊ စပါးဈေးသည် မကြာမီ စပါးပေါ်ချိန်ရောက်မည်ဖြစ်ခြင်း၊ ပြည်တွင်းဆန်လက်ကျန်၊ စပါးလက်ကျန် ဖူလုံပိုလျှံလုံလောက်ခြင်း၊ ပို့ကုန်တင်ပို့မှုများ လျှော့ချထားပြီး ပြည်တွင်းစားသုံး မှုမရှိသည့် ပေါင်းဆန်သာ ပြည်ပတင်ပို့မှု ရှိနေခြင်းတို့ကြောင့် ဆန်ဈေး၊ စပါးဈေးသည် ဆက်လက်မြင့်တက်မည် မဟုတ်ဘဲ ဈေးကျဆင်းမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ညိုပြာဝိုင်(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *