သုံးအပတ်အတွင်း ပဲတီစိမ်း တစ်တင်းလျှင် တစ်သောင်းကျော်ဈေးကျဆင်း

တရုတ်နယ်စပ် ကျယ်ဂေါင် နှင့် သင်္ဘောလိုင်းများမှ အဝယ်နည်းသောကြောင့် ပြည်တွင်းဈေးကွက်တွင် ပဲတီ စိမ်း ဈေးများ ကျဆင်းနေပြီး သုံးပတ်အတွင်း တစ်သောင်းကျပ် ကျဆင်းလာကြောင်း ပဲတီစိမ်းရောင်းချသည့် ကုန်သည်များထံမှသတင်းရရှိသည်။

ရာသီပေါ်စတွင် ပဲတီစိမ်း ထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင် နှစ်သိန်းကျပ် ၊ အညံ့စား ပဲတီစိမ်း သုံးတင်း ဝင်တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်မှ ၁၆၀၀၀၀ ကျပ် ပေါက်ဈေး ရှိခဲ့ပြီး ဇူလိုင်လ ပထမအပတ်တွင် ထိပ်စ တစ်တင်းလျှင် နှစ်သောင်းကိုးထောင်ကျပ်၊ အညံ့စားတစ်အိတ်လျှင် တစ်သောင်းခွဲကျပ် ဈေးကျဆင်းခဲ့သည်။

ယင်းသို့ ကျဆင်းရာမှ ဇူလိုင်လ ဒုတိယအပတ်တွင် နယ်စပ်မှ တရုတ်ဝယ်လက်ရှိသောကြောင့် ပဲတီစိမ်းတစ် အိတ်လျှင်  ထိပ်စ ၁၇၃၀၀၀ ကျပ် ၊ အညံ့စားပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်သို့ ဈေး တက်လာခြင်းဖြစ်ပြီး လေးထောင် နှင့် တစ်သောင်းကျပ်အကြား ဈေးမြင့်တက်လာခြင်းဖြစ်သည်။

ထိုမှတစ်ဆင့် သြဂုတ်လ ပထမအပတ်တွင် ပဲတီစိမ်း တစ်အိတ်လျှင် ထိပ်စ ၁၇၈၀၀၀ ကျပ် ၊ အညံ့စား ၁၇၅၀၀၀ ကျပ်သို့ ထပ်မံဈေးတက်လာပြီး သုံးပတ်ခန့်အကြာတွင် ပဲတီစိမ်းတစ်အိတ်လျှင် ထိပ်စ ၁၆၅၀၀၀ ကျပ် ၊ အလတ်စ ၁၆၀၀၀၀ ကျပ် မှ ၁၅၅၀၀၀ ကျပ် ၊ ပဲတီစိမ်းခွဲခြမ်းအစ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ် ၁၃၀၀၀၀ ကျပ်သို့ ကျဆင်းလာခြင်းဖြစ်သည်။

“ ဒီနှစ်ကတော့ ဘာလို့လဲမသိဘူး။ အခြားသီးနှံတွေ ဈေးတက်ပေမဲ့ ပဲတီစိမ်းတွေကတော့ မတက်ခဲ့ဘူး။ ဈေး ပဲ ဆက်တိုက်ကျလာပဲ။ ပဲတီစိမ်းသမားတွေ ဒီနှစ် ရှုံးကြတယ်။” ဟုမန္တလေး ဝင်းဝင်းပွဲရုံမှ ကိုရဲမိုးက ပြောသည်။

ပဲတီစိမ်းကို တရုတ်နိုင်ငံမှ အဝယ်များပြီး ရန်ကုန်မြို့မှတစ်ဆင့် အိန္ဒိယ နှင့် အခြားနိုင်ငံများသို့ သင်္ဘောလိုင်း ဖြင့် ပြည်ပသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။

ယခုနှစ် ပဲတီစိမ်းပေါ်ချိန်တွင် တရုတ်နိုင်ငံဘက်မှ ဂျူတီကြေးမြင့်မားလာခြင်းကြောင့် ဝယ်လက်နည်းသွားခြင်း ၊ ရန်ကုန်မှ ပဲတီစိမ်း ဝယ်ယူမူမရှိခြင်းတို့ကြောင့် ဈေးများ ကျဆင်းရခြင်းဖြစ်ကြောင့် မန္တလေးမြို့ကုန်သည်များကပြောသည်။

တရုတ်အစိုးရ နှင့် မြန်မာအစိုးရတို့အကြား သဘောတူညီချက်လက်မှတ်မရှိခြင်းကြောင့် တရုတ်နိုင်ငံသို့ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံမှ ပစ္စည်းများသည် တရားမဝင်ဖြစ်နေခြင်း ၊ မြန်မာနိုင်ငံမှ ပစ္စည်းများ တရုတ် နိုင်ငံတွင် ဖမ်းဆီးခံရခြင်းကြောင့် မြန်မာကုန်သည်များ ပဲတီစိမ်း အဝယ်နည်းလာခြင်း ၊ထို့ အပြင် ၎င်းတို့အစိုး ရက အခွန်မဆောင်သည့် တရုတ်ကုန်သည်များကို ဖမ်းဆီးနေသောကြောင့်  ပဲတီစိမ်းဝယ်လိုအားလျေ့နည်း နေခြင်းဖြစ်ကြောင်း  မန္တလေးမြို့ အခြေစိုက် ပဲတီစိမ်းကုန်သည်များကပြောသည်။

မန္တလေးမြို့နည်းတူ ပဲမျိုးစုံ ထွက်ရှိသည့် မကွေးတိုင်းဒေသကြီးတွင်လည်း ပဲတီစိမ်းများ ဈေးကျနေပြီး ပေါ်ဦး ပေါ်စတွင် ပိဿ ၂၀ တစ်တင်းလျှင် ၆၀၀၀၀ ကျော် ပေါက်ဈေးရှိခဲ့သည့် ပဲတီစိမ်းသည် ယခုအခါ ထိပ်စလျှင် ၅၂၀၀၀ ကျပ်သာ ပေါက် ဈေးရှိတော့ကြောင်း မကွေးမြို့ ကုန်သည်များထံမှ သတင်းရရှိသည်။

မန္တလေးမြို့တွင် တရုတ်အဝယ်မရှိသလောက်ရှားနေခြင်းကြောင့် ပဲတီစိမ်းများ ဈေးကျနေပြီး အရောင်း အဝယ် အနည်းငယ်ဖြစ်သော်လည်း မကွေးမြို့တွင် ယခုလ ၁၀ ရက်နောက်ပိုင်းမှစ၍ ဈေးကွက်မရှိတော့ကြောင်းမကွေး မြို့ မြင့်မြတ်တော်ဝင် ပွဲရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ အဓိက ကတော့ တရုတ်က မဆွဲတော့ မန္တလေးက မဝယ်ဘူး။ မန္တလေးက မဝယ်တော့ မကွေးလည်း ပဲတီစိမ်း အရောင်းအဝယ်မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ မကွေးပဲတီစိမ်းက ခရမ်းသုံးခွ ၊ ပျော်ဘွယ် ၊ ရမည်းသင်းကထွက် တဲ့ပဲတွေလောက် အရည်အသွေးသိပ်မကောင်းဘူးလေ။ အဝယ်မရှိတော့အရောင်းလည်းမရှိတော့ဘူး ပိတ်သွား တယ်။” ဟု မြင့်မြတ်တော်ဝင်ပွဲရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးမြို့ ပဲတီစိမ်းဈေးကွက်တွင် တရုတ်အဝယ်လိုက်နေသောကြောင့် မကွေးမြို့ ၊ သပိတ်ကျင်းမြို့ ၊ အောင် လံမြို့ နှင့် ပဲတီစိမ်း အစိုက်များသည့် ဧရာဝတီတိုင်းဒေသကြီးကပါ ပဲတီစိမ်း တင်ပို့ရောင်းချမူများ ရှိနေကြောင်း မန္တလေးမြို့ ပဲမျိုးစုံဈေးကွက်မှ သတင်းရရှိသည်။

မကွေးမြို့ ပဲတီစိမ်းဈေးကွက်တွင် ပွင့်ဖြူ မြို့နယ် ၊ မင်းဘူးမြို့နယ် ၊ မင်းလှ မြို့နယ်တို့မှ ပဲတီစိမ်းအဝင်များပြီး  ရန်ကုန်မြို့ နှင့် မန္တလေးမြို့များတွင် ခရမ်းသုံးခွ ၊ ပျော်ဘွယ် ၊ ရမည်းသင်း ၊ တပ်ကုန်း နှင့် ပခုက္ခူတို့ဘက်မှ ဝင်ရောက်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို အထက်မြန်မာပြည် ၊ အောက်မြန်မာပြည် ဒေသနှစ်ခုလုံးတွင် စိုက်ပျိုးကြပြီး တစ် နိုင်ငံအတိုင်းအတာ အနေဖြင့် ဟတ်တာ ၁ ဒသမ ၂၄ သန်းကျော်စိုက်ကြကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *