ပဲပုတ်ဈေး တည်ငြိမ်မူမရှိ တစ်လအတွင်း နှစ်သောင်းကျပ်အထိ ဈေးမြင့်တက်

တရုတ်ဝယ်ယူမူ ပုံမှန်မရှိသော်လည်း စိုက်ဧကလျော့နည်းလာပြီး ပြည်တွင်းစားသုံးမူမြင့်လာသောကြောင့် ပဲ ပုတ်ဈေးနှုန်းမှာ တည်ငြိမ်မူ မ ရှိဘဲ တစ်လအတွင်း ၁၁၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ ဈေးမြင့်တက်လာကြောင်း မန္တလေးမြို့ ပဲမျိုးစုံဈေးကွက် မှသတင်းရရှိသည်။

မန္တလေးမြို့ ပဲမျိုးစုံဈေးကွက်တွင် ပြီးခဲ့သည့် ဇူလိုင်လက ပဲပုတ်စေ့ သုံးတင်းဝင် တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ် မှ ၁၅၈၀၀၀ ကျပ်အကြားရှိရာမှ သြဂုတ်လ ၃၁ ရက်တွင် ဒေသအလိုက်ထွက်ရှိသည့် ပဲပုတ်အမျိုးအစားအပေါ် မူတည်ပြီး ပဲပုတ်စေ့ သုံးတင်းဝင်တစ်အိတ်လျှင် ၁၇၁၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ် အကြားသို့ဈေးမြင့်တက်လာ ခြင်းဖြစ်သည်။

“တစ်ရက် နဲ့ တစ်ရက်က ဈေးက မတည်ဘူး။ ပြီးခဲ့တဲ့ တစ်ရက် ၊ နှစ်ရက်က ငြိမ်သေးတယ်။ အခု တစ်နေ့ နဲ့ တစ်နေ့ မတူဘူး။ ဈေးပြန်တက်နေတယ်။ မိုးညှင်းထိပ်ဆိုရင် ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်က ၁၇၂၀၀၀ ကျပ်ပဲရှိ ရာကနေ အခုဆိုရင် ၁၈၀၀၀၀ ကျပ်ကို ချက်ခြင်းတက်လာတယ်။” ဟု ပဲပုတ်စိုက်ပျိုးရောင်းဝယ်ရေး ပွဲရုံမှ ဦး ကျော်ကြီးကပြောသည်။

မန္တလေးမြို့ ပဲပုတ်ဈေးကွက်တွင် မိုးညှင်း ထိပ်စ ပဲပုတ်စေ့ သုံးတင်းဝင်တစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ် ၊ မိုးမိတ် ပဲပုတ်စေ့ သုံးတင်းဝင်တစ်အိတ်လျှင် ၁၇၅၀၀၀ ကျပ် ၊ နောင်ချို ၊ ကျောက်မဲ ပဲပုတ်စေ့ သုံးတင်းဝင်တစ်အိတ် လျှင် ၁၇၀၀၀၀ ကျပ် ၊ တောင်ကြီး ၊ သီပေါ ပဲပုတ်စေ့ သုံးတင်းဝင်တစ်အိတ်လျှင် ၁၇၁၀၀၀ ကျပ်မှ ၁၇၂၀၀၀ ကျပ် အကြား ရှိကြောင်း မန္တလေးမြို့ ဈေးကွက်မှ သတင်းရရှိသည်။

တရုတ်က အဝယ်မရှိသော်လည်း ပဲပုတ်စေ့ အရောင်းအဝယ်လိုက်၍ ဈေးနှုန်းများတည်ငြိမ်မူမရှိဘဲ ဈေး တက်နေသည့် အနေထားတွင် ရှိနေကြောင်း ၊ မန္တလေးမြို့ဈေးကွက်သို့ မိုးမိတ်များ ပဲပုတ်စေ့များ အဝင်များ နေပြီး မိုးညှင်း ပဲပုတ်စေ့မှာ အရောင်းအဝယ်အရမ်းဖြစ်၍ ပစ္စည်းရှားနေကြောင်း ကုန်သည်များကပြောသည်။

“ ဗမာ ပဲပုတ်ကတော့ အဝယ်မလိုက်တော့ ဈေးအလှုပ်ရှားကြီးမရှိဘူး။ ရှမ်းပဲပုတ်ကတော့ အဝယ်လိုက်တော့ ဈေးလှုပ်တယ်။ export မရှိပေမဲ့လည်း ပြည်တွင်းမှာတင် အရောင်းအဝယ်ဖြစ်နေတယ်။ အသစ်ပေါ်တဲ့ရာသီ ရောက်ပြီးတော့ ပဲပုတ်တွေ ဈေးပြန်ကျနိုင်တယ် ထင်ပါတယ်။ မိုးမိတ်ကတော့ တစ်လအတွင်း နှစ်သောင်း လောက် ဈေးတက်သွားတယ်။” နုနုသင်း ပဲမျိုးစုံ ရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပဲပုတ်ကို ပဲပြား ၊ ပဲနို့ ၊ ပဲလိတ်ခြောက် ၊ ပဲပြားခြောက် ၊ မာလာဟင်း ၊ ကြက် တောင်ပံအတု နှင့် ဆီကြိတ် ရာ တွင် အသုံးပြုပြီး တစ်နိုင်ငံလုံးမှ ထွက်ရှိသည့် ပဲပုတ်များသည် မန္တလေးမြို့သို့ အများဆုံးဝင်ပြီး မန္တလေးမြို့မှ ရန်ကုန်သို့ တစ်ဆင့်ပြန်လည် ရောင်းချကြကြောင်း သိရှိရသည်။

ဇူလိုင်လက ပဲပုတ်စေ့ သုံးတင်းဝင်တစ်အိတ်လျှင် ၁၅၅၀၀၀  ကျပ်မှ ၁၅၈၀၀၀ ကျပ်ရှိရာမှ သြဂုတ်လ တတိယ အပတ်တွင် ပဲပုတ်စေ့ သုံးတင်းဝင်တစ်အိတ်လျှင် ၁၆၈၀၀၀ ကျပ်မှ ၁၆၉၀၀၀ကျပ် အထိ ဈေးရှိရာမှ သြဂုတ်လ ၃၁ရက်တွင်ဒေသအလိုက်ထွက်ရှိသည့် ပဲပုတ်စေ့ အမျိုးအစားကိုလိုက်ပြီး သုံးတင်းဝင်တစ်အိတ်လျှင် ၁၇၁၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ်သို့ ဈေးမြင့်တက်လာခြင်းဖြစ်သည်။

ပဲပုတ်အဓိကစိုက်ပျိုးသည့်ဒေသမှာရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးစိုက်ဧက၏ ၅၀ ရာခိုင်နှုန်းစိုက်ပျိုးကြသည်။ ရှမ်းပြည်နယ်အပြင် မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေ သကြီး နှင့် ကချင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြသည်။

ပဲပုတ်သီးနှံကို တောင်ပေါ်ဒေသများတွင် မေလ ၊ ဇွန်လ တို့တွင် စိုက်ပျိုးကြပြီး မြေပြန်ဒေသတွင် သြဂုတ်လနှင့် စက်တင်ဘာလ မြစ်ရေကျချိန်တို့တွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် ပဲပုတ်စိုက်ဧက ၃၂၁၄၃၈ ဧက ရှိပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် စိုက်ပျိုးခဲ့သော၃၄၃၈၄၅ ဧက နှိုင်းယှဉ်ပါက စိုက်ဧက နှစ်သောင်းကျော် လျော့နည်း လာခြင်းဖြစ်သည်။

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *