နယ်စပ်မှတင်သွင်းသည့်  မြေဩဇာ၊ ပိုးသတ်ဆေးအပါ ကုန်ပစ္စည်း ၇ မျိုးကိုသာ နိုင်ငံခြားငွေ ရောင်းပေးမည်

ပြည်ပမှ ဓာတ်မြေဩဇာ ၊ ပိုးသတ်ဆေးအပါအဝင် သွင်း ကုန်ပစ္စည်း ၇ မျိုးကိုသာ Online Trading အစီအစဉ် ဖြင့်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကော်မတီ (FESC)က နိုင်ငံခြားငွေ  များရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နယ်စပ်ကုန်သွယ်ရေးမှ တင်သွင်းမည့်ကုန်စည် (၇) မျိုးအတွက် နိုင်ငံခြားငွေ ရောင်းပေးမှာဖြစ်ပြီး ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ၊ ဆိုလာ၊တေေယာဉ်ယန္တယားများ၊ သံ ၊ သံမဏိ နှင့် ကော်စေ့ တို့ ဖြစ်ကြောင်းသိရသည်။

” စိုက်ပျိုးစရိတ်တွေ မြင့်လို့ စပါးစျေးမြင့်တယ်၊ ဆန်စျေးမြင့်တယ်၊ တခြားစိုက်ပျိုးရေးထွက်ကုန်တွေလည်းဒီလိုပဲ ပြောကြတော့ သူတို့က မြေဩဇာနဲ့ပိုးသတ်ဆေးကို ရောင်းပေးမယ်ဆိုပြီးလုပ်တဲ့သဘောထင်တယ်။ အရင်က ကုန်ပစ္စည်းအကုန်လုံးကို ရောင်းပေးတာ၊အခုက ၇ မျိုးပဲရောင်းပေးတော့မယ်ဆိုပြီး ထပ်လျှော့ချလိုက်တာပါ  ” ဟု လုပ်ငန်းရှင် တစ်ဦးမှသုံးသပ်ပြောသည်။

ဒေါ်လာရောင်းချပေးခြင်းကို FESC မှ  အတည်ပြုထားသည့်  Draft License များ ကိုသာ ခွင့်ပြုပေးမည်ဖြစ်သဖြင့်  FESC No. နှင့်အတူ  Online Matching တွင် မှတ်ချက်တင်ပေးရန်လိုအပ်ကြောင်း၊ဘဏ်များအနေဖြင့်လည်း  သွင်းကုန်လုပ်ငန်းရှင်များတင်ပြလာချိန်တွင် စာရွက်စာတမ်းများတောင်းခံပြီး   FESC No. မှန်ကန်မှုရှိမရှိကို  သေချာ စစ်ဆေးပြီး  တင်ပြပေးရန်လည်း လိုအပ်ကြောင်း အားလုံး မှန်ကန်ပါက လိုအပ်သည့် နိုင်ငံခြားငွေကို ဝယ်ယူခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။

အခြားသော သွင်းကုန် ပစ္စည်းအမျိုးအစားများကိုမူ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စစ်ဆေးပြီးမှသာ ဒေါ်လာရောင်းချပေးမည်ဖြစ်ကာ ငွေပမာဏ နည်းလျှင် တစ်ကြိမ်တည်းထုတ်ရောင်းပေးမည်ဖြစ်ပြီး ငွေပမာဏများပါက ခွဲပြီးရောင်းချပေးမည်ဟုသိရသည်။

လက်ရှိတွင်  တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနှင့် ထိုင်း မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ငွေပေးချေမှုအတွက် ဒေါ်လာအပြင် သက်ဆိုင်ရာနိုင်ငံငွေကြေးဖြစ်သည့်  ထိုင်းဘတ်နှင့် တရုတ်ယွမ်ကို အသုံးပြုခွင့်ပေးထားကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *