ဆက်တိုက်ဈေးမြင့်တက်နေသည့် နှမ်းဈေးများ ပြန်ကျ

မိုးနှမ်း အသစ်များ ရိတ်သိမ်းနေပြီး စျေးကွက်အတွင်း အသစ်များ ဝင်ရောက်နေသည့်အတွက် ပြည်တွင်း နှမ်းစျေးဆက်တိုက်ကျဆင်းလာကြောင်း နှမ်းကုန်စည်ဒိုင်များမှသိရသည်။

ထို့ပြင် တရုတ်နိုင်ငံမှလည်း မြန်မာ့နှမ်းကို ဝယ်လိုအား နည်းသွားသည့်အတွက် စျေးတန်းက အကျဘက်ကိုဦးတည်နေကြောင်းသိရသည်။

” နှမ်းစျေးကဆက်တိုက်ကျမှာပဲ၊ နှမ်းအသစ်တွေကပေါ်နေပြီဆိုတော့လေ၊ ဝယ်တာလည်းနှမ်းကတရုတ်တစ်ပေါက်ပဲရှိတာ၊တရုတ်ဝယ်လို အားကရှိတော့ရှိတယ် အရမ်းမများဘူး။မြန်မာပြည်ကလည်းနှမ်းကပေါ် နေတော့ ကျမှာပဲ။ ” ဟု အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌဦးအောင်မိုးမှပြောသည်။

လက်ရှိတွင် ပဲခူးတိုင်း အပါအဝင် မန္တလေးတိုင်း ၊မကွေးတိုင်းရှိ မိုးနှမ်းစိုက်ဧကများ နှမ်းများရိတ်သိမ်းနေကြကြောင်း ၊ မိုးနှမ်းများ စျေးကွက်အတွင်းကို စတင်ဝင်ရောက်လာနေခြင်းဖြစ်ဟုသိရသည်။

တရုတ်နိုင်ငံသည် မြန်မာနှမ်းကို ဝယ်ယူရာတွင် စျေးသက်သာပြီး အက်ဆစ်အောင်သည့်နှမ်းကိုသာ ဝယ်ယူခြင်းဖြစ်ကြောင်း၊ နှမ်းကို ကီလိုဂရမ်ဖြင့် ဝယ်ယူခြင်းဖြစ်ဟုသိရသည်။

“အက်စစ်မကောင်းတာကစျေး မကောင်းတာ၊အက်စစ်အောင်တာကစျေးကောင်းတယ်၊သိုလှောင်ထားတဲ့နှမ်းက အက်စစ်မအောင်တော့ဘူး၊ဂျပန်ကတော့အရင်ကဝယ်တယ်အခုသိပ်မဝယ်တော့ဘူး။ ” ဟု နှမ်းကုန်သည်တစ်ဦးမှပြောသည်။

 တစ်ပတ်အတွင်း မန္တလေး စျေးကွက်တွင်  မိုးနှမ်းအသစ်များဖြစ်သည့် နှမ်းဖြူရိုးရိုးက ၃၈၅၀၀၀ ကျပ်မှ ၄၀၁၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ မှ ၁၅၀၀၀ ကျပ် ၊ နှမ်းဖြူဂျပန်က ၄၁၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ် နှမ်းညိုက ၃၀၅၀၀၀ မှ ၃၁၀၀၀၀ ကျပ်ရှိပြီး ၈၀၀၀ ကျပ်၊ နှမ်း စမုံနက်က ၂၈၅၀၀၀ ကျပ်မှ ၃၆၅၀၀၀ ကျပ်ဈေး ရှိပြီး ၁၀၀၀၀ ကျပ် ‌အသီးသီးဈေးကျဆင်းသွားသည်။

မကွေးတိုင်း အောင်လံကုန်စည်ဒိုင်စျေးကွက်တွင် နှမ်းနက် စမုံက တစ်အိတ်ကို ၂၇၅၀၀၀ မှ ၃၅၀၀၀၀ ‌ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားသည်။

ပြည်တွင်းမှ ထွက်ရှိသည့် နှမ်းအမျိုးအစားထဲတွင်  ပြည်ပကို  နှမ်းနက် (စမုံ)ကိုသာ အဓိကတင်ပို့ ရပြီး  အက်စစ်အောင်သည့် နှမ်းကိုသာ  ဝယ်လိုအားပိုကောင်းကြောင်း ၊ ယခု ဘဏ္ဍာနှစ်တွင် ပြည်ပကို  နှမ်းတန်ချိန် ၂ သိန်းကျော် တင်ပို့ရောင်းချသွားရန်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  စီစဥ်နေကြောင်း  သိရသည်။

နှမ်းကို ပြည်တွင်းစားသုံးမှုအနေဖြင့် နည်းပါးပြီး အဓိကသုံးသည်မှာ  နှမ်းယိုမုန့်လုပ်ငန်း၊နှမ်းဆီကြိတ်ခြင်း၊ လက်ဖက်သုပ်ထဲတွင် ထည့်သွင်းစားသုံးခြင်း  စသည့် မုန့်လုပ်ငန်းအနည်းစု၌သာ သုံးစွဲမှုရှိကြောင်းသိရသည်။

နှမ်းကို မိုးရာသီ နှင့်  ဆောင်းသီးနှံအဖြစ် တစ်နှစ်ကို၂ကြိမ်စိုက်ပျိူးမှုရှိပြီး တစ်နှစ်အထွက်နူန်းအနေဖြင့် တန်ချိန် ၂သိန်းကျော်ကနေ ၃ သိန်းနီးပါးရှိကြောင်း ၊ စိုက်ပျိုးသည့်ဒေသများမှာ မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းတို့တွင်  အဓိကစိုက်ပျိုးပြီး တိုးချဲ့ဒေသအဖြစ် ကယားပြည်နယ်အပါအဝင် ကျန်ဒေသအချို့တွင်  စိုက်ပျိုးမှုရှိကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *