အမြတ်ငွေ  ၁ဝ ရာခိုင်နှုန်းထက်ပိုပြီး မရောင်းရန် ဆီဆိုင်များကို ထပ်မံသတိပေး

စားအုန်းဆီကို လက်ကားရည်ညွှန်း ဈေးဖြင့် ရောင်းချပေးနေသောကြောင့်  စားသုံးသူလက်ထဲအရောက် ရောင်းချသည်အထိ  အမြတ်ငွေကို ၁၀ ရာခိုင်နှုန်းထက် မပိုသော ဈေးဖြင့်သာ ရောင်းချကြရန် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်းမှ ထပ်မံသတိပေးခဲ့ကြောင်းသိရသည်။

ဆီဈေးထိန်းချုပ်သည့်အနေဖြင့် ပြည်တွင်းရှိ လက်ကားကုန်သည်များ၊ ဆီဒိုင်များ၊ အရောင်းဆိုင်ကြီးများကို အစိုးရ၏ လက်ကား ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေသောကြောင့် အဆိုပါ ဆိုင်ကြီးများအနေဖြင့် လက်ကား ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချပြီး  စားသုံးသူလက်ထဲသို့ တစ်ဆင့်ခံ ပြန်လည်ရောင်းချသူများအနေဖြင့်မူ အထွေထွေ ကုန်ကျစရိတ်များပါ ထည့်ပေါင်းပြီး ၁၀ ရာခိုင်နှုန်းထက် အမြတ်တင်မရောင်းချရန် သတိပေးခြင်းဖြစ်ဟုသိရသည်။

ထိုသို့  စားအုန်းဆီများကို လက်ကားစျေးဖြင့်ရောင်းချပေးထားသည်ဟု ပြောဆိုမှုအပေါ် ဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးမှ” ဆီကို ဝယ်မရပါဘူး။ဝယ်ရတော့လည်း သူတို့ပြောတဲ့ လက်ကားစျေးနဲ့မရပါဘူး။မရတော့ ဝယ်ပြီးမရောင်းရဲလို့ဆိုင် အရောင်းရပ်ထားရတယ်။ကိုယ်ကစျေးအမြင့်နဲ့ဝယ်ပြီး အနိမ့်နဲ့ရောင်းလို့မှမရတာ၊အခုက သတ်မှတ်စျေးထက်မြင့်ရင် ဖမ်းမယ်ဆိုတာကလည်းရှိတော့ မရောင်းရဲဘူး ” ဟု ပြောပြသည်။

ဆီလုပ်ငန်းရှင် အသင်းမှထုတ်ပြန်သည့်စားအုန်းဆီ လက်ကားရည်ညွှန်းဈေးသည် ယခု စက်တင်ဘာလ ၄ ရက်မှ ၁ဝ ရက်နေ့ထိ စားအုန်းဆီလက်ကားရည်ညွှန်းဈေး တစ်ပိဿာ ငွေကျပ် ၄၁၆ဝ ဖြစ်သော်လည်း လက်ရှိပြင်ပ ဆီစျေးကွက်တွင် ဝယ်ယူမရသည့် အခက်အခဲကြုံနေရပြီး ကျေးရွာများတွင်မူ တစ်ပိဿာ ၉၀၀၀ ကျပ်အထိပင် စျေးရှိနေသေးကြောင်းသိရသည်။

” မြို့ပေါ်က တန်းစီနိုင်သူပဲရတယ်၊ ရောင်းတာကလည်း ဆိုင်တိုင်းကမဟုတ်တော့ အဆင်မပြေဘူး။အခုက စားအုန်းဆီက အပြင်ဆိုင်တွေမှာမရှိတော့ဘူး ပဲရောဆိုပြီး ရောင်းနေကြတယ် ၊ ရွာကလူတွေကတော့ အတက်စျေးနဲ့ပဲဝယ်နေရပါတယ် ” ဟု စားသုံးသူ တစ်ဦး မှပြောသည်။ 

လက်ရှိတွင် ဆီလုပ်ငန်းရှင်အသင်းမှ စားအုန်းဆီကို လက်ကားစျေးဖြင့် ရောင်းချပေးသည့်နေရာများမှာ   ရန်ကုန်မြို့ရှိ ဘုရင့်နောင်၊ ညောင်ပင်လေးဈေးနှင့် မြို့နယ်များရှိ ဈေးများ၊ ရပ်ကွက်အတွင်းရှိ အရောင်းဆိုင်များအပြင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းခွဲများရှိရာ မြို့နယ်များဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ပြည်၊ တောင်ကြီး၊ မြင်းခြံ၊ ရွှေဘို၊ ပခုက္ကူ၊ အောင်လံ၊ ကျောက်ပန်း တောင်း၊ မိတ္ထီလာ၊ ပုသိမ်၊ မော်လမြိုင်၊ ရမည်းသင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ညောင်ဦး၊ မြိတ်၊ ကောင့်သောင်း၊ ထားဝယ်၊ လားရှိုး၊ ဘားအံ၊ စစ်တွေနှင့် မြစ်ကြီးနား စသည့် မြို့နယ်များတွင်လည်း ရောင်းချပေးလျက်ရှိပြီး အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက်လည်း ဆက်လက်ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်များမှ အရောင်းဆိုင်များအနေဖြင့် လက်ကားရည်ညွှန်း ဈေးဖြင့် ဝယ်ယူရရှိခြင်း မရှိပါက “စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့” သို့ ဖုန်းနံပါတ် ၀၉-၇၅၇၄၈၂၉၁၂ နှင့် ၀၉-၇၅၆၅၇၅၂၁၆ တို့မှတစ်ဆင့် ရုံးချိန်အတွင်း တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

အဆိုပါ “စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့” သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

ပြည်တွင်းစားအုန်းဆီဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် အဖွဲ့ဝင် (၂၉)ဦးပါသည့်  စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကိုလည်း ဩဂုတ်လ ၂၈ ရက်နေ့တွင်  ဖွဲ့စည်းထားပြီး ဆီတင်သွင်းသော ကုမ္ပဏီများ၏နေ့စဉ်ဆီရောင်းချရေးကို စီမံနေကြောင်းသိရသည်။

ပြည်တွင်းစားသုံးမှုတွင် စားသုံးဆီ လုံလောက်မှုမရှိသည့်အတွက် နှစ်စဥ် မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံမှာ ဆီတန်ချိန် ၉ သိန်းတင်သွင်းနေရကြောင်းသိရ သည်။

.ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *