နှစ်စဉ် ပျားရည်ထုတ်လုပ်မှု  တန်ချိန် ၄၀၀၀ မှ ၅၀၀၀ ခန့်ရှိ

မြန်မာနိုင်ငံတွင် ပျားမွေးမြူရေးလုပ်ငန်းမှ နှစ်စဉ် ပျားရည်ထုတ်လုပ်မှု  တန်ချိန် ၄၀၀၀ မှ ၅၀၀၀ ခန့်ရှိကြောင်း မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းမှသိရသည်။

အဆိုပါ ပျားရည် တန်ချိန်များထဲမှ တန် ၂၅၀၀ ကနေ ၃၀၀၀  ခန့်ကို ပြည်ပနိုင်ငံများအနက် ဂျပန် နိုင်ငံကိုအများဆုံးတင်ပို့ရပြီး ကထိုင်း၊ တရုတ် နိုင်ငံ နှင့် ဂျာမဏီနိုင်ငံတို့ကိုလည်း တင်ပို့နေကြောင်းသိရသည်။

”  နိုင်ငံအလိုက်တင်ပို့ရတဲ့ ပျားရည်အမျိုးအစားကွဲပြားပါတယ်။ဒီထဲကမှ ပန်းပေါင်းစုံပျားရည်အမျိုးအစားကို ပိုမိုတင်ပို့ကြပါတယ်။ အရည်အသွေးကန့်သတ်ချက်များကလည်း နိုင်ငံအလိုက်ကွဲပြားကြပါတယ်။ပျားမွေးမြူရေးကို ပုဂ္ဂလိကမွေးမြူသူတွေကမွေးမြူကြပြီး အစိုးရက သင်တန်းတွေနဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းကိုထိန်းကျောင်းပေးပါတယ်။  ” ဟု မြန်မာနိုင်ငံ  ပျားလုပ်ငန်းအသင်းအဖွဲ့ဝင် ဦးအောင်ခိုင်ထွေးမှပြောသည်။

ပြည်တွင်း ၌ ပျားရည်ဝယ်ယူမှုဈေးနှုန်းမှာ တစ်ပိဿာကို  ၄၅၀၀ မှ ၅၀၀၀ကျပ်နှုန်းရှိပြီး ပြည်ပတင်ပို့ ရောင်းချမှုအနေဖြင့် ပျားရည် တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၅၀၀ မှ ၃၀၀၀ အထိ စျေးရကြောင်းသိရသည်။

သို့သော်လက်ရှိတွင်ပျားမွေးမြူရေးလုပ်ငန်းကိုလုပ်ကိုင်ရန်   ရွှေ့ပြောင်းသွားလာမှု အခက်အခဲများ၊ မွေးမြူရေးစရိတ်များ ကြီးမားလာသည့်အတွက်  တိုးချဲ့မွေးမြူမှုနည်းပါးနေသည့်အပြင် မွေးမြူမှုနူန်းသည်ပင် လျော့ကျသွားကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ စာရင်းများ အရ ပျားမွေးမြူသူစုစုပေါင်း  ၁၀၀၀ ခန့်နှင့် ပျားအုံစုစုပေါင်း၂၀၀၀၀၀ ခန့်ရှိသော်လည်း  ၂၀၂၀ နှောင်းပိုင်းတွင် ပျားရောဂါကျရောက်မှုနှင့် ရွှေ့ပြောင်းမွေးမြူရေး အခက်အခဲဲများကြောင့် ၄၀% ခန့်လျော့ကျသွားကြောင်း လေ့လာတွေ့ရှိခဲ့ရခြင်းဖြစ်ဟု သိရသည်။

ပျားမွေးမြူရေးလုပ်ငန်းကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည် နယ်တို့တွင်အဓိက  လုပ်ဆောင်ကြကြောင်းသိရသည်။

ပျားရည်အမျိုးအစား ကွဲပြားမှုရှိသော်လည်းတစ်နိုင်ငံလုံးတွင်ထွက်ရှိသော ပျားရည် ၇ဝ ရာခိုင်နှုန်းမှာ ဆီးပျားရည်ဖြစ် ကြောင်း၊    ထို့ပြင် ပျားဖယောင်း၊ ဝတ်မှုန်၊ ပျားနို့တို့ကိုလည်း ထုတ်လုပ်ရောင်းချကြောင်း၊ ပျားအုံတစ်အုံမှ နှစ်စဉ် ပျားရည်ပိဿာချိန် ၂၅ဝခန့်ထွက်ရှိဟုသိရသည်။

ပျားအုံတစ်အုံတွင် ပျားဘုရင်မတစ်ကောင်၊ ပျားကောင်ရေအနည်းဆုံး ကျပ်သုံးသောင်းခန့်၊ ပျားရည်သိုလှောင်သည့် ပျားသ လက် ၅ချပ်မှ ၈ချပ်အထိပါဝင်ကြောင်းသိရသည်။

မွေးမြူရေးပျားများသည် ဆီးသီး၊ ပန်းနှမ်း၊ လိုင်ချီး၊ နေကြာ စသည့်အပင်များ၊ စိုက်ခင်းများမှ အချိုဓာတ်၊ ဝတ်ရည်တို့ကိုစုတ်ယူကြပြီး ပျားအုံတွင် သွားရောက်သိုလှောင်ကြရာမှ ပျားရည်ဖြစ်ပေါ်လာသည်။

အကယ်၍ စိုက်ခင်းနှင့် ပျားအုံဝေးကွာပြီး ပျားစာမရနိုင်သည့်အခြေအနေမျိုးတွင် မွေးမြူရေးပျားကို သကြားအရည်ဖျော်ပြီးကြွေးရကြောင်း၊ ပျားတစ်အုံအတွက် နှစ်စဉ် သကြားပိဿာ ၂ဝမှ ၂၅အထိကုန်ကျကြောင်းသိရသည်။

ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် လုပ်ငန်းလုပ်ပိုင်ခွင့်လိုင်စင်ကို တစ်နှစ်လျှင်တစ်ကြိမ် လျှောက်ထားရကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *