သိုလှောင်ရုံကုန်အပ်ပြီး တောင်သူများ ငွေချေးနိုင်မည့် စနစ်ကို ယခုဘဏ္ဍာနှစ်စတင်နိုင်အောင် ဆောင်ရွက်နေ

သိုလှောင်ရုံ ကုန်အပ်လက်မှတ်ဖြင့် ချေးငွေ ရယူနိုင်မည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System) ကို ယခု ၂၀၂၃ – ၂၀၂၃ ဘဏ္ဍာနှစ် အတွင်း စတင်နိုင်အောင်  အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှသိရသည်။

အဆိုပါသိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်သည် တောင်သူလယ်သမားများအတွက် သီးနှံပေါ်ချိန်တွင် သိုလှောင်မှုအခက်အခဲ၊ ငွေကြေးလိုအပ်မှု အခြေအနေများကြောင့် သီးနှံစျေးနှုန်း အနိမ့်ဖြင့် ရောင်းချခြင်းမပြုဘဲ သတ်မှတ်ထားသည့် သိုလှောင်ရုံများတွင် လာရောက်အပ်နှံပြီး ဘဏ်မှ ချေးငွေရယူနိုင်သည့် အစီအစဉ်ဖြစ်ကြောင်းသိရသည်။

ထိုသို့ သီးနှံများကိုအပ်နှံထားကာ သိုလှောင်ရုံကုန်အပ် လက်မှတ်ဖြင့်  ဘဏ်မှ ချေးငွေရယူပြီး သီးနှံစျေးကောင်းချိန်မှ သာ သီးနှံပြန်လည်ရောင်းချပြီး ဘဏ်ကို ချေးငွေပြန်လည်ပေးဆပ်ရသည့် စနစ် ဖြစ်ကြောင်းသိရသည်။

“အစိုးရ ကုန်လှောင်ရုံ၊ အစိုးရ ချေးငွေ မဟုတ်ပါ၊ အစိုးရ က အသိအမှတ်ပြုတဲ့ ပုဂ္ဂလိက သိုလှောင်ရုံများမှာ အပ်နှံပြီး ပုဂ္ဂလိကဘဏ်များ မှာ ချေးငွေ ယူနိုင်မယ့် အစီအစဉ်ပါ။၂၀၂၃ – ၂၀၂၄ အတွင်းမှီအောင်ကြိုးစားနေပါတယ် ” ဟု MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်မှပြောသည်။

အဆိုပါ သိုလှောင်ရုံကုန်အပ် ငွေချေး စနစ်တွင် တောင်သူများ သည် သီးနှံပိုင်ရှင် ကုန်အပ်နှံသူများဖြစ်ပြီး သိုလှောင်ရုံပိုင်ရှင် များက သိုလှောင်ရုံကုန်အပ်လက် မှတ်ထုတ်ပေးသူဖြစ်ကာ၊  အစိုးရ နှင့် ပုဂ္ဂလိက ဘဏ်များကမူယင်း သိုလှောင်ရုံကုန်အပ်လက်မှတ်ပေါ် အခြေခံပြီး ချေးငွေ ထုတ်ပေးသူ အဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

” အဲ့ဒီလိုစနစ်မျိုး ရရင်အဆင်ပြေတာပေါ့။ ခုဆိုစပါးပေါ်ချိန်စျေးကျတယ်၊ ကျချိန်မရောင်းဘဲ အပ်ထားမယ်၊အပ်ထားပြီး ဘဏ်ကပိုက်ဆံချေးမယ်၊စျေးကောင်းချိန်ထုတ်ရောင်းမယ်၊အတိုးနူန်းက ဘယ်လိုယူမလဲ အဲ့ဒါတစ်ချက်ကြည့်ရမယ် ” ဟု တောင်သူတစ်ဦးမှပြောသည်။

သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing Syetem) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ (Task Force)  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင် ဘာလ (၉) ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းလည်းသိရသည်။

အဆိုပါစနစ်ကို ပဲခူးတိုင်း ၊ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း နှင့် နေပြည်တော်တို့တွင်း pilot project အဖြစ်စတင်နိုင်ရန်လုပ်ဆောင်နေကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *