မြန်မာ့သကြားဝယ်ယူရန် ဗီယက်နမ်က ထပ်မံကမ်းလှမ်းသဖြင့် လာမည့်ကြံရာသီတွင်တင်ပို့နိုင်ရန် စီစဉ်

ရန်ကုန် ၊စက်တင်ဘာ ၁၂

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သကြားကို ဝယ်ယူရန် ဗီယက်နမ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ ထပ်မံကမ်းလှမ်းမှုရှိကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှသိရသည်။

သို့အတွက်ကြောင့် လာမည့် ကြံရာသီတွင် ဗီယက်နမ်နိုင်ငံကို သကြားတန်ချိန် တိုးမြင့်တင်ပို့ရန် ရည်ရွယ်ထားကြောင်း ၊ နောက်ထပ်လည်း သကြားဝယ်ယူရန် ကမ်းလှမ်းသည့် ပြည်ပနိုင်ငံများရှိကြောင်းသိရသည်။

” ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းတယ်ဆိုတာ ဝိုးအရင်ကဟာဖြစ်ပါလိမ့်မယ်၊အခုကဗီယက်နမ်ကဝယ်ချင်တာပါ၊ ဗီယက်နမ်ကနောက်ထပ်ကုမ္ပဏီတစ်ခုကကမ်းလှမ်းတာပေါ့၊လာမယ့်ကြံရာသီမှရောင်းနိုင်မှာပါ ၊ကမ်းလှမ်းတာတွေကတော့အများကြီးပဲ၊ဒါပေမယ့်ကိုယ့်ဘက်က ပြည်တွင်းစားသုံးမှု ဖူလုံဖို့နဲ့ ဘယ်လောက်ရောင်းနိုင်မလဲဆိုတာကြည့်ရအုံးမယ်၊ချင့်ချိန်ရအုံးမှာပေါ့။ဒီနှစ်က ကမ္ဘာ့ သကြားစျေးကလည်းတက်တော့ ကမ်းလှမ်းတဲ့နိုင်ငံတွေကလည်းများတယ်။ ” ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်ဋ္ဌေးမှပြောသည်။

မြန်မာ့သကြားကို ဝယ်ယူရန် ပြည်ပနိုင်ငံများမှ ကမ်းလှမ်းမှုများရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု ဖူလုံပြီး ပိုလျှံမှသာ ပြည်ပကို တိုးချဲ့တင်ပို့ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ပြည်ပကိုသကြားတင်ပို့မှုအနေဖြင့် ဗီယက်နမ် နိုင်ငံကိုသာ အဓိကအများဆုံးတင်ပို့နေပြီး တင်ပို့ရာ၌လည်း ကြံ မကြိတ်ခင် ကတည်းက ကြိုတင် စာချုပ်ချုပ်ဆိုထားသည့် သကြားတန်ချိန် ကိုသာ တင်ပို့ခြင်းဖြစ်ကြောင်း၊ တန်ချိန် ၈၀၀၀၀ မှ ၉၀၀၀၀ အထိတင်ပို့မှုရှိဟုသိရသည်။

လက်ရှိပြည်တွင်း သကြားစျေးကွက်တွင် သကြားလက်ကျန်နည်းခြင်းနှင့် ကမ္ဘာ့သကြားစျေးအပေါ်လိုက်ပြီး ကုန်သည်များက စျေးကစားနေသဖြင့် သကြားစျေးမြင့်တက်လာနေကြောင်းသိရသည်။

“အခုက သကြားကစက်ရုံတွေမှာသိပ်မရှိတော့ဘူး၊ကုန်သည်တွေလက်ထဲမှာပဲရှိတော့တယ်ဆိုတော့ နည်းနည်းစျေးကစားတဲ့သဘောတွေ့ရတယ်၊ သကြားလက်ကျန်နည်းတဲ့အပေါ် ကစားတဲ့သဘောပေါ့။သကြားစျေးတက်တာ လက်ကျန်နည်းတာ၊ ကမ္ဘာ့သကြားစျေး တက်တာ ဒီ၂ချက်ပဲရှိတယ်။ဒီလိုစျေးကစားတာကို ထိန်းချုပ်ဖို့ဆိုရင် ပြည်အကနေ သကြားတင်သွင်းခွင့်ပြုသင့်တယ် ဘာလို့ဆို ကြံရာသီရောက်ဖို့ကလိုသေးတယ် ” ဟု လုပ်ငန်းရှင်တစ်ဦးမှ သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် ပြည်တွင်းသကြားစျေးသည် ရန်ကုန်ဘုရင်နောင်စျေးကွက်၌ တစ်ပိဿာကို ၃၆၀၀ ကျော်ရှိပြီး လက်လီစျေးကွက်တွင် ၄၀၀၀ ကျပ်ကျော်အထိ စျေးတန်းရှိနေသည်။

ပြည်တွင်း သကြားစက်ရုံများသည် ကြံကြိတ်ဝါးရာသီတွင် သကြားဖြူ ၊ သကြားညို ၊ သန့်စင်သကြား တို့ကို ထုတ်လုပ်ကြောင်း ၊ ယင်းအနက် သကြားဖြူကို ပြည်တွင်းစားသုံးမှု အများဆုံးဖြစ်ပြီး သန့်စင်သကြားကို အချိုရည်ထုတ်လုပ်သည့် လုပ်ငန်းများ၌ အဓိက အသုံးပြုကာ သကြားညိုကိုတော့ ကျန်းမာရေးအတွက် စားသုံးကြကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ကြံကြိတ်ခွဲပြီး သကြားထုတ်လုပ်နိုင်သည့် သကြားစက်ရုံပေါင်း ၂၃ ရုံ ရှိပြီး တစ်နှစ်ကို သကြားတန်ချိန် ပျမ်းမျှ ၄ သိန်း ဝန်းကျင်ထွက်ရှိကြောင်း ၊ ယင်းစက်ရုံများထဲတွင် သန့်စင်သကြားထုတ်လုပ်နိုင်သည့် စက်ရုံ ၂ရုံရှိကြောင်းသိရသည်။

 မြန်မာနိုင်ငံ ကြံစိုက်ပျိုးမှုအနေဖြင့် စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ၊ မြောက်ပိုင်းဒေသနှင့် ရန်ကုန်တိုင်းတို့တွင် အဓိက စိုက်ပျိုးကြပြီး ကြံကြိတ်ခွဲရာသီမှာ နှစ်စဉ် ဒီဇင်ဘာလမှစပြီး ဧပြီလဆန်းပိုင်းအထိ ဖြစ်ဟုသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *