ဘင်္ဂလားဒေ့ရှ်ကို ငါး တင်ပို့မှု မောင်တောကုန်သွယ်ရေးစခန်းကသာ အဆင်ပြေ

ရန်ကုန်၊ စက်တင်ဘာ ၁၃

စစ်တွေကုန်သွယ်ရေးစခန်းကနေ  ဘင်္ဂလားဒေ့ရှ်ကို    ရေချို၊ရေငန်ငါး တင်ပို့မှုသည်  အဆင်မပြေနိုင်ကြောင်း နယ်စပ် ကုန်သည်များထံမှသိရသည်။

ဘဂင်္လါးဒေ့ရှ်ကိုတင်ပို့နေသည်ရေထွက်ပစ္စည်းမှာ ရန်ကုန် ၊ဒလ၊ တွံတေးနှင့်အခြားမြို့နယ်အချို့မှ ငါးများက အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှ ထွက်သည့်ငါးက ၅ ရာခိုင်နူန်း ဝန်းကျင် သာတင်ပို့ရကြောင်းသိရသည်။

ထို့ကြောင့် ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်မှုကြာမြင့်သည့်အပြင် စစ်တွေ မှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည်ဆိုပါကလည်း  အချိန် ၁ ရက်နီးပါး ကြာမြင့်နိုင်သောကြောင့် ငါးများပျက်စီးမည်ကို စိုးရိမ်ရသဖြင့် စစ်တွေကုန်သွယ်ရေးစခန်းသည် ငါးတင်ပို့ရန်အဆင်မပြေနိုင်ခြင်းဖြစ်ဟုသိရသည်။

” တခြားကုန်ခြောက်ပစ္စည်းတွေအတွက်တော့ ကုန်သွယ်ရေး ပိုလုပ်နိုင်မှာမှန်ပါတယ်။ဒါပေမယ့် ရေထွက်ပစ္စည်း ကျတော့စိုးရိမ်စရာရှိတယ်။အခုကမိုးတွင်းလည်းဖြစ်တော့ပိုဆိုးတာပါပေါ့။ငါးစိမ်းပို့ရတာဆိုတော့ အရည်အသွေးပိုင်းထိခိုက်မှာ စိုးရိမ်ပါတယ်။ခုထိ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ခိုင်မာတဲ့ စျေးကွက်မရသေးပါဘူး ။ မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ကိုက နီးတယ်နာရီပိုင်းပဲကြာတယ်၊စစ်တွေကနေဆိုရင် ရေတက်တာဘာညာဆို အခြေအနေကြည့်ရသေးတယ်။လမ်းကြောင်းကရှည်တယ်၊ ” ဟု မောင်တောနယ်စပ် ကုန်သည်တစ်ဦးမှပြောသည်။

စစ်တွေကုန်သွယ်ရေးဇုန်မှ ဘင်္ဂလားဒေ့ရှ်ကို ကုန်သွယ်မှုပြုရန်အတွက် ကြာမြင့်ချိန်သည် လမ်းခရီးအပေါ်မူတည်၍ ၁၂ နာရီမှ ၂၄ နာရီအထိ ကြာမြင့်မှုရှိနိုင်ပြီး မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ကိုမူ အချိန် ၁ နာရီဝန်းကျင်သာကြာမြင့်သဖြင့် ကုန်သွယ်မှု ပိုမိုမြန်ဆန်ကြောင်းသိရသည်။ 

 ဘင်္ဂလားဒေ့ရှ်ကို ငါးတင်ပို့ရောင်းချရာတွင်  တည်ငြိမ်သည့် စျေးကွက်မရှိသေးသဖြင့် ယင်းနိုင်ငံရှိ စျေး ပွဲရုံများ မှတဆင့်  ကိုယ်စားလှယ်ကြေး ၄  ရာခိုင်နူန်းယူပြီး ငါးများကို  စျေးထဲတွင် ပြန်လည်းရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။

” ငါးတွေက ရန်ကုန် ကြည့်မြင်တိုင်ကနေ တခါထဲရေခဲရိုက်ပြီးလာတယ်၊ကားကလည်းအဲကွန်းကားနဲ့ဆိုတော့ ကိစ္စမရှိဘူး၊မောင်တောရောက်တာနဲ့ ဟိုဘက်ပို့ဖို့က ၁ နာရီပဲကြာတော့ ပျက်စီးမှာလဲမပူရဘူး။ စစ်တွေကကျတော့ ရန်ကုန်ကနေသာ လမ်းကနီးပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကျတော့ အချိန်ကြာလို့စိုးရိမ်တာပါ။ ကုန်ခြောက်တွေအတွက်ကတော့ တော်တော်အဆင်ပြေပါတယ်၊ ဒါကြောင့်မောင်တောကနေပဲတင်ပို့ခွင့်ပေးစေချင်တာပါ ၊နောက်ပြီး ငါးကို တန်ဘယ်လောက် ဝယ်ပါမယ်ဆိုပြီး ပို့နေရတာလည်းမဟုတ်ပါဘူး၊စျေးကလည်းအမှန်မရှိသေးဘူး ” ဟု နောက်ထပ် ကုန်သည်တစ်ဦးမှပြောသည်။

ယခင်က ရေထွက်ကုန်ပစ္စည်းဖြစ်သည့် ရေချို၊ရေငန်ငါး ကို မောင်တောကုန်သွယ်ရေးစခန်းမှသာ ဘင်္ဂလားဒေ့ရှ်ဘက်ကို တင်ပို့ကြတာဖြစ်ကြောင်းသိရသည်။

သို့သော် စက်တင်ဘာလ ၄ ရက်နေ့မှစပြီး အဆိုပါ ရေချို ရေငန်ငါး အပါအဝင်   စိုက်ပျိုးရေးလယ်ယာထွက်ကုန်ဖြစ်သည်  ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံနှင့် ကြက်သွန်နီ တို့ကို စစ်တွေကုန်သွယ်ရေးဇုန်မှ သာကုန်သွယ်ခွင့်ပြုကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ကို အဓိက တင်ပို့နေသည့် ရေထွက်ပစ္စည်းများမှာ  ငါးမြစ်ချင်း ၊ငါးသလောက် ၊ငါးခေါင်းပွ၊ ငါးစုံလေးခြောက်၊ငါးနီတူ ၊ငါးကုန်းညိုခြောက်၊ပုဇွန်ခြောက်တို့ဖြစ်ဟု သိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *