ပြည်တွင်း အာလူး ပစ္စည်းပြတ်၍ တရုတ်အာလူးများ ဈေးကွက်ဝင်ရောက်

အာလူးအသစ်ထွက်သည့် ရာသီမဟုတ်သောကြောင့် ပြည်တွင်းစားသုံးသူဈေးကွက်တွင် တရုတ်အာလူးများ ဝင်ရောက်နေပြီး အာလူးဈေးကွက် ဈေးငြိမ်နေကြောင်း အာလူးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများထံမှသတင်း ရရှိသည်။

အောင်ပန်းကုန်စည်ဈေးကွက်တွင် ပြည်တွင်းမှ ထွက်ရှိသည့် အာလူးဟောင်းများ ဈေးကွက်ဝင်နေသော်လည်း အရောင်းအဝယ်အေးကာ ကျဈေးဖြင့် ငြိမ်နေသည့်မှာ ဆယ်ရက်ခန့်ရှိနေကြောင်း အောင်ပန်းမြို့ အာလူးကုန် သည်များထံမှသတင်းရရှိသည်။

အသစ်မထွက်သေးသည့် ရာသီတွင် အာလူးအဟောင်း OK အမျိုးအစားမှာ တစ်ပိဿလျှင် ၂၄၀၀ ကျပ် ၊ မျက် နီ အာလူးအမျိုးအစား တစ်ပိဿလျှင် ၂၂၀၀ ကျပ် ၊ အရည်သွေးညံ့ အာလူး တစ်ပိဿလျှင် ၁၇၀၀ ကျပ် ဈေး ရှိကြောင်း အောင်ပန်းဈေးကွက်မှသတင်းရရှိသည်။

ပြီးခဲ့သည့် ဆယ်ရက်ခန့် က ( သြဂုတ်လ နောက်ဆုံးအပတ်) အာလူးဈေးမှာ တစ်ပိဿလျှင် ၃၀၀၀ ကျပ်အထိ ဈေးတက်ခဲ့ရာမှ စက်တင်ဘာလ ဒုတိယအပတ်တွင် ဈေးပြန်လည်း ကျဆင်းပြီး ဈေးကွက်ငြိမ်နေကြောင်း အောင်ပန်းဈေးကွက်မှသတင်းရရှိသည်။

“ ဈေးကျသွားပါပြီး ၊ အခုက ဈေးကွက်အေးတယ်။ အရောင်းအဝယ်ပါးတယ်။ ပြည်တွင်းက သိပ်မဝယ်ကြ တော့ ဘူး။ အရင်က အိတ် ၃၀ ၊ ၄၀ မှာတဲ့သူတွေ အခုလျော့မှာကြတယ်။ အရောင်းအဝယ်က မကောင်းပါဘူးဗျာ” ဟု နန်းမေဇော်အာလူးပွဲရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့ နှင့်မန္တလေးမြို့တို့တွင်ပြည်တွင်းမှအာလူးများဈေးကွက်ဝင်ရောက်ခြင်းမရှိဘဲ ပေါက်ဈေးမရှိကြောင်း ၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် တရုတ်အာလူးများသာ ဝင်ရောက်နေပြီး မန္တလေးမြို့တွင် တရုတ်အာလူး တစ်ပိဿာလျှင် ၂၃၀၀ ကျပ် ၊ ရန်ကုန်မြို့ ဈေးကွက်တွင် တရုတ် အာလူး တစ်ပိဿာလျှင် ၂၄၀၀ ကျပ်ပေါက်ဈေး ရှိနေကြောင်းသိရှိရသည်။

“ကျွန်တော်တို့ မန္တလေးမှာတော့ တရုတ်က အာလူးပဲ ဝင်တယ်။ ပြည်တွင်း အာလူး မဝင်ဘူး။ မထွက်သေးလို့ နေမယ်။ တရုတ်အာလူးကတော့ တစ်ပိဿာ ၂၃၀၀ ကျပ်ရှိတယ်။ ဈေးကတော့ မတက်ဘူး။ ကျလည်းမကျဘူး။ ငြိမ်နေတယ်။” ဟု မန္တလေးမြို့ ဝေယံအာလူးပွဲရုံမှ ကိုဝေယံကပြောသည်။

ရန်ကုန်မြို့ ကုန်စည်ဈေးကွက်တွင် တရုတ်အာလူးများသာ ဝင်ရောက်ပြီး တစ်ပိဿာလျှင် ၂၄၀၀ ကျပ်ရှိကာ ပြီး ခဲ့သည့် ခုနှစ်ရက်က ပေါက်ဈေးနှင့်နှိုင်းယှဉ်ပါက ငွေကျပ် ၃၅၀ ခန့်ဈေးတက်လာခြင်းဖြစ်သည်။ ဘုရင်နောင့် ပွဲရုံတွင် တရုတ်မှ အာလူး ခြောက်စီးမှ ရှစ်စီးအထိ ဝင်ရောက်မူရှိကြောင်းသိရှိရသည်။

“ပြည်တွင်းဈေးကွက်က ဝင်တဲ့ အာလူးမရှိလို့ အဲဈေးကွက်ပေါက်ဈေးတော့ မရှိပါဘူး။ အခု တရုတ်ကပဲ ဝင် နေပါတယ်။ တစ်နေ့ကို အာလူးကား ခြောက်စီး ၊ ခုနှစ်စီးလောက်ဝင်တယ်။ ဈေးကတော့ ၂၀၀ တက် ၊ ၃၀၀ တက်နဲ့ တက်နေပါတယ်။” ဟု ဘုရ့နောင်ကုန်စည်ဒိုင်မှ မသန္တာက ပြောသည်။

လွန်ခဲ့သည့် လေးလ နှင့် နှိုင်းယှဉ်ပါက အာလူးဈေးမှာ တစ်ပိဿာလျှင် ၃၀၀ကျပ် တက်လာခြင်းသည်။ လွန်ခဲ့ သည့် လေး လခန့်က အရည်သွေးကောင်းသည့် အာလူးတစ်ပိဿာလျှင် ၂၀၀၀  ကျပ်မှ  ယခုအခါ ၂၃၀၀ ကျပ်အထိ ဈေးတက်လာခြင်းဖြစ်သည်။  

ယခုနှစ်အာလူးစိုက်ရာသီတွင် စိုက်ပျိုးစရိတ်ကြီးမြင့်လာသောကြောင့် တောင်သူတိုင်း အာလူးမစိုက်ပျိုးနိုင်သည့် အတွက် အာလူးထွက်နှုန်းလည်း လျော့ကျကြောင်း ၊ထို့ အပြင်မေလ ၁၄ ရက်တွင်ဝင်ရောက်ခဲ့သောမိုခါမုန်တိုင်း ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးရွာခဲ့သဖြင့် အာလူးများတူးဖော်ရာသီတွင် အာလူးများ ပုတ်၍ ပျက်စီးခဲ့ ကြောင်း ရှမ်းပြည်နယ် အောင်ပန်းဈေးကွက်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် အာလူးစိုက်ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်သည် ရှမ်းပြည်နယ်တွင် စိုက်ပျိုးပြီး  ကျန်ဒေသများ ဖြစ်သည့် ရခိုင်ပြည်နယ် ၊ မကွေးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် လည်း စိုက်ပျိုးကြသည်။

ရှမ်းပြည်နယ်တွင် မိုးအာလူး ကိုမတ်လ ၊ ဧပြီလတွင် စိုက်ပျိုးကြပြီး သြဂုတ် ၊ စက်တင်ဘာလ တူးဖော်ကြသည်။  မြေပြန်ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီးတို့တွင်အောက်တိုဘာ လ၊ နိုဝင်ဘာ လတို့တွင် စိုက်ပျိုးကြပြီး ဇန်နဝါရီလ ၊ ဖေဖော်ဝါရီလများတွင် တူးဖော်ကြသည်။

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *