တရုတ်နယ်စပ်မှ သွင်းကုန်လိုင်စင်အတွက် Credit Advice နှင့် Bank Statement မူရင်းတင်ပြရန်မလိုတော့

ရန်ကုန် ၊ စက်တင်ဘာ ၁၄

တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်လျှောက်ထားရာတွင်   Credit Advice နှင့် Bank Statement မူရင်းတင်ပြရန် မလိုအပ်တော့ဘဲ  လိုင်စင်ကိုခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှသိရသည်။

ထို့ကြောင့် တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း ၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း ၊ ကံပိုင်တည် ကုန်သွယ်ရေးစခန်းမှတဆင့် တရုတ်ထုတ်ကုန်ပစ္စည်းများ မြန်မာဘက်ကိုတင်သွင်းသည့်အခါ လိုင်စင်အရယူရန် Credit Advice နှင့် Bank Statement မူရင်း မလိုအပ်တော့ဟုသိရသည်။

 ” အရင်ကတော့   ပို့ကုန်ရငွေ  နဲ့ အခြားဝင်ငွေဝင်ရောက်ကြောင်း အထောက်အထား၊ ပြည်တွင်းဘဏ်ကနေ ဝယ်ယူထားကြောင်း ဘဏ်ကထုတ်ပေးတဲ့ အထောက်အထား နဲ့ဘဏ်ငွေစာရင်းရှင်းတမ်းမူရင်း တွေကို တင်ပြရတယ်၊တင်ပြနိုင်မှ လိုင်စင်ကိုချပေးတာပေါ့၊အခုကတော့အဲ့ဒါကို ပယ်ဖျက်လိုက်တဲ့သဘောပါ။သွင်းကုန်ကို အရင်က ငွေရောင်းပေးပေမယ့် နောက်တော့ ၇ မျိုးကိုပဲရောင်းပေးတော့မယ်လို့ ကြေငြာပြီးနောက် အခုလိုဖြေလျှော့လိုက်တာပဲ ” ဟု နယ်စပ်ကုန်သည်တစ်ဦးမှပြောသည်။

တရုတ်နယ်စပ်မှ  သွင်းကုန်လိုင်စင်လျှောက်ထားမှုများအား   ဗဟိုဘဏ်၏ Online Trading အစီအစဉ်မှ နိုင်ငံခြားငွေ ဝယ်ယူလျှောက်ထားခြင်းအား ခွင့်မပြုသဖြင့်  Credit Advice နှင့် Bank Statement မူရင်းတင်ပြရန်မလိုအပ်တော့ သွင်းကုန်လိုင်စင်ခွင့်ပြုပေးရန်  ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားခဲ့ခြင်းဖြစ်ဟုသိရသည်။

ယခင်က သွင်းကုန်ပစ္စည်းအားလုံးအတွက် လိုအပ်တဲ့ နိုင်ငံခြားငွေပမာဏကို ဗဟိုဘဏ်၏ Online Trading အစီအစဉ်မှ နိုင်ငံခြားငွေရောင်းချပေးခဲ့သော်လည်း စက်တင်ဘာလပထမပတ်ကစပြီးဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ဆိုလာ၊ ယာဉ်ယန္တယားများ၊ သံ ၊ သံမဏိ ပစ္စည်းအပါအဝင်  ကော်စေ့ သွင်းကုန်ပစ္စည်း များကိုသာ  နိုင်ငံခြားငွေရောင်းချပေးနေကြောင်းသိရသည်။

 သွင်းကုန်လိုင်စင်လျှောက်ထားမှုအတွက်  ကုမ္ပဏီအနေဖြင့် မိမိ၏ ဘဏ်ငွေစာရင်း( သို့မဟုတ်)  ပို့ကုန်တင်ပို့ ခြင်းမှ ရရှိသည့်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေဝင်ရောက်ကြောင်း (သို့မဟုတ်) ပြည်တွင်းဘဏ်မှ ဝယ်ယူထားကြောင်း၊ သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးသည့် အထောက်အထား (Credit Advice) နှင့် ဘဏ်ငွေစာရင်းရှင်းတမ်း (Bank Statement) မူရင်း တင်ပြရမည့် စနစ်ကို ဩဂုတ်လ ၁ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ပြီးနောက်  လက်ရှိတွင် ဖျက်သိမ်းလိုက်ခြင်းဖြစ် ဟုသိရသည်။

လက်ရှိ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုလုပ်ငန်းများအတွက် ငွေပေးချေမှုကိုဒေါ်လာ  အပြင်  တရုတ်ယွမ်ငွေ ကိုပါ အသုံးပြုခွင့်ပေးထားကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *