မြန်မာရေပိုင်နက်မှာ တူနာငါးဖမ်းခွင့်ပြုမယ်

မြန်မာ့ ပင်လယ်ပြင်၊ မြန်မာ့ရေပိုင်နက်မျဉ်း အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း နိုင်ငံခြား တူနာငါးမျှားတန်း ငါးဖမ်းရေယာဉ်များကိုငါးဖမ်း  ခွင့်ပြုသွားမည်ဖြစ်ကြောင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ငါးလုပ်ငန်းဦးစီးဌာန  မှသိရသည်။

 ထိုသို့ ခွင့်ပြုရာတွင်  မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ၏ တာဝန်ယူမှုဖြင့် သတ်မှတ်ထားသော တူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခွင့်ပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်စာချုပ်နှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

” လုပ်ကိုင်ခွင့်ကတော့ နိုင်ငံခြားသင်္ဘောတွေဆိုပေမယ့် မြန်မာနိုင်ငံကကုမ္ပဏီတွေကနေတာဝန်ယူပြီး လုပ်ပေးရမှာပါ၊လုပ်ငန်းရှင်တွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့လိုပါတယ်။လုပ်ကိုင်ခွင့်ပြုဖို့လည်းပုဂ္ဂလိက ကုမ္ပဏီ တွေကတင်ပြလာတာဖြစ်တယ်၊  အဏ္ဍဝါဂေဟစနစ်ကိုမပျက်စီးအောင်နဲ့ ခေတ်ကာလနဲ့ညီတဲ့စနစ်တွေနဲ့ ငါးဖမ်းဖို့လည်းလိုပါတယ်။” ဟု ငါးလုပ်ငန်းဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တူနာငါးများသည် နေရာရွှေ့ပြောင်းပြီး ကျင်လည်ကျက်စားတတ်သော ငါးများဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်တွင် ဒီဇင်ဘာလမှ ဧပြီလအထိ ရွှေ့ပြောင်းကျက်စားလေ့ရှိသောကြောင့် ယင်းကာလတွင်းငါးဖမ်းခွင့်ပြုခြင်းဖြစ်ဟုသိရသည်။

အဆိုပါ ငါးဖမ်းခွင့်တွင်    တူ နာငါးတစ်မျိုးတည်းကိုသာ ငါးမျှားတန်းစနစ်ဖြင့် ဖမ်းခွင့်ပြုပြီး ကျန်သည့် ငါးမျိုစိတ်များကို ဖမ်းဆီးခွင့်မရှိကြောင်း ၊ အကယ်၍  မြန်မာနိုင်ငံ၏ ရှားပါးငါးမျိုးစိတ်များဖမ်းမိပါကလည်း ပြန်လွှတ်ပေးရမည့်အပြင် ငါးမန်းများဖမ်းမိပါကလည်း လွှတ်ပေးရမှာဖြစ်ကြောင်းသိရသည်။

အကယ်၍ သတ်မှတ်စည်းကမ်းချက်များကို ဖောက်ဖျက်ပါက ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့ရေပိုင်နက်သီးသန့်စီးပွားရေးဇုန်အတွင်း နိုင်ငံခြား ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းခြင်းလုပ်ကိုင်လိုသည့်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်အဆိုပြုလွှာကို ယခုလ စက်တင်ဘာလ ၂၈ ရက်နေ့နောက်ဆုံး လာရောက်လျှောက် ထားနိုင် ကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *