ပြည်ပဝယ်လိုအားမရှိ၍ ငရုတ်သီးဈေးများ ထက်ဝက်ခန့် ကျဆင်းနေ

ပြည်ပမှဝယ်လိုအား မရှိသောကြောင့် ပြည်တွင်းဒေသထွက် ငရုတ်သီးစိမ်း နှင့် ငရုတ်သီးအခြောက်ဈေးများ ထက်ဝက်ခန့်ကျဆင်းလာပြီး တောင်သူများအခက်တွေ့နေကြောင်း ငရုတ်စိုက်ပျိုးထုတ်လုပ်သူများထံမှ သတင်းရရှိသည်။

ပြည်တွင်းဒေသထွက် ငရုတ်သီး ပေါ်စတွင် တစ်ပိဿာလျှင် ၂၁၀၀ ကျပ်အထိ ဈေးရရှိခဲ့သော်လည်း ယခုအခါ တစ်ပိဿာလျှင် ၁၁၀၀ ကျပ်အထိကျဆင်းလာကြောင်း ၊ ငရုတ်သီးအမှည့်စို တစ်ပိဿာလျှင် ယခင်က ၅၀၀၀ ကျပ်ရှိရာမှ ယခုအခါ တစ်ပိဿာ ၂၃၀၀ ကျပ်ထိ ကျဆင်းလာကြောင်း ငရုတ်စိုက်တောင်သူများကပြောသည်။

အလုပ်သမားစရိတ် ၊ သယ်ယူပို့ဆောင်ရေးစရိတ်၊သွင်းအားစု စရိတ်များကြောင့် ငရုတ်သီးအထွက်နှုန်းကောင်း သော်လည်းဈေးကောင်းမရရှိသဖြင့်တွတ်ခြေမကိုက်ကြောင်းပျော်ဘွယ်မြို့နယ် ယင်းမာပင်ကျေးရွာမှငရုတ်စိုက် တောင်သူ ဦးတင်မြင့်ကပြောသည်။

“ကျွန်တော်တို့စိုက်တဲ့ ၆၉၂ တွေက အမှည့်ထားလို့ မရဘူး။ ပိုးကျလို့ ၊ အဲဒါကြောင့် အစိမ်းကို စွတ်ရောင်းရ တာ ၊ အစိမ်းက အခု တစ်ပိဿာ ၁၁၀၀ လောက်ပဲရတော့တယ်။ အလုပ်သမားခက တစ်ဦးကို ၆၀၀၀ ပေးရ တယ်။ ငရုတ်စွတ်ချိန်ကနေ ငရုတ် မြို့ပို့တဲ့အချိန်ထိ အလုပ်သမား ၂၀ လောက်သုံးရတယ်။ ငရုတ်သီးတစ်ခါ ခူးပြီးတိုင်း သွင်းအားစုက ထပ်ထည့်ရတယ်။ သယ်ယူပို့ဆောင်ခနဲ့ တွတ်ရင် ကျွန်တော်တို့မှာ တစ်သိန်းကျော် လောက်ပဲကျန်တယ်။ ဘယ်လိုမှမကိုက်ဘူး။ ဘယ်လိုလုပ်ကြမလဲဗျာ” တောင်သူ ဦးတင်မြင့်ကပြောသည်။

ငရုတ်သီးထွက်နှုန်းကောင်း၍ တစ်လလျှင် တစ်ဧက ကုန်ချိန် ၈၀၀ ၊ ၉၀၀ နှင့် ၁၀၀၀ အကြား ရကြသော်လည်း အလုပ်သမားငှားရမ်းခ ၊ သွင်းအားစု စရိတ် ၊ သယ်ယူပို့ဆောင်ရေးစရိတ်များကြောင့် ငရုတ်သီးဈေးထပ်မတက် လာပါက တောင့်ခံနိုင်ဖွယ်မရှိကြောင်း တောင်သူများကပြောသည်။

“ဝယ်လိုအားက မရှိဘူး။ အစိမ်းဆိုရင် ဈေးကွက်ပျက်သလောက်ဖြစ်နေတာ။ အမှည့်အစိုလောက်သာ ဝယ်ကြ တယ်။ ဒါတောင် ဝယ်မယ့်သူက မရှိဘူး။ ပစ္စည်းများပြီး ဝယ်မယ့်သူမရှိတာ။ မြဝတီ ၊ မူဆယ်ကလည်း နားထား တယ်။ ကျွန်တော်တို့ နယ်တွေကတော့ မန္တလေးကို ပို့တာပေါ့။ မန္တလေးကလည်း နည်းနည်းပဲ ပြည်တွင်းဖြုန်း အားအတွက်ပဲ မှာနိုင်တယ်။” ရမည်းသင်းမြို့နယ်မှ ငရုတ်စိုက်တောင်သူ ကိုချစ်ထူးကပြောသည်။

ငရုတ်သီးအစိမ်း 692 မှာ တစ်ပိဿာလျှင် ၁၁၀၀ ကျပ် ၊ ငရုတ်သီးအခြောက်မှာ တစ်ပိဿာ ၁၃၁၀၀ကျပ်မှ ၁၄၀၀၀ကျပ် အကြား ၊ အမှည့်အစိုမှာ တစ်ပိဿာ ၃၀၀၀ ကျပ် ၊ သာမို တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၇၀၀ ကျပ် အကြား ၊ ကုလားပီနံ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အကြား ဈေးပေါက်နေခြင်းဖြစ်သည်။

ယင်းငရုတ်သီးဈေးနှုန်းများသည် ယခင်ကထက် ထက်ဝက်ခန့်ကျဆင်းသွားခြင်းဖြစ်သည်။ ယခင်က မြန်မာ ပြည်မှ ငရုတ်သီး အမှည်အစိုကို မြဝတီ ၊ တာချီလိတ် မှ တစ်ဆင့် ထိုင်းနယ်စပ် ၊ မန္တလေး မြို့နှင့် မူဆယ်မြို့ မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြသည်ဟု သတင်းရရှိသည်။

“အခုက မြဝတီကလည်း ရပ်ထားတယ်။ မူဆယ်ကလည်း ရပ်ထားတယ်။ မန္တလေးအမှာကလည်း အရင်နှစ်တွေ ကလောက်မကောင်းဘူး။ ပြည်တွင်းဖြုန်းအားလောက်ပဲ ဝယ်တယ်။” ဟု ငရုတ်စိုက်တောင်သူကိုချစ်ထူးကပြော သည်။

့အပြင် ငရုတ်သီးထွက်ရှိမူများသည့် မိတ္တီလာ မြို့တွင်လည်း ငရုတ်သီး 692 တစ်ပိဿာလျှင် အခြောက် ၁၄၀၀၀ ကျပ် ၊ အမှည့်အစို တစ်ပိဿာလျှင် ၂၈၀၀ ကျပ်မှ ၂၉၀၀ ကျပ် ရှိပြီး ငရုတ်သီးစိမ်းမှာ ဈေးကွက်မ ကောင်းသောကြောင့် ကုန်သည်များအရောင်းအဝယ်မလုပ်ကြကြောင်း ၊ အမှည့်အစိုမှ တစ်ပိဿာလျှင် ၃၆၀၀ ကျပ် ရှိရာမှ ကျဆင်းသွားခြင်းဖြစ်ကြောင်း မိတ္တီလာမြို့ ရွှေအင်းအား ငရုတ်ပွဲရုံမှ ကုန်သည်တစ်ဦးကပြောသည်။

“နယ်စပ်ကမဝယ်တော့ ကျွန်တော်တို့လည်း ဘာမှမတက်နိုင်ဘူး။ အခုက ပြည်တွင်း ရောင်းဝယ်လောက်ပဲရှိ တယ်။ မန္တလေး ၊ မော်လမြိုင် ၊ ပဲခူး လောက်ကပဲ ဝယ်တယ်။ လက်လီတောင် ပိဿာချိန် ရာဂဏန်းလောက်မ ထွက်ဘူး။” ရွှေအင်အား ငရုတ်ပွဲမှ ကုန်သည်တစ်ဦးကပြောသည်။

ငရုတ်သီးကို မြန်မာလ နယုန်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြပြီး ရက်ပေါင်း ၆၀ ၊ နှစ်လအကြာတွင် အသီးသီး ၍ ၁၅ ရက်တစ်ခါ ခူးဆွတ်ကြသည်။ တစ်လလျှင် နှစ်ကြိမ် ခူးဆွတ်နိုင်ပြီး အသီးသီးချိန်မှစ၍ ခြောက်လအထိ ခူးဆွတ်ရောင်းချကြသည်ဟု သိရှိရသည်။

သင်္ကြန်မတိုင်ခင်က ကျောက်စိမ်းသီး တစ်ပိဿာလျှင် ၂၀၀၀ ကျပ် ၊ အစိမ်းသီးတစ်ပိဿာလျှင် ၁၈၀၀ ကျပ်ရှိရာ မှ သင်္ကြန် လွန် မေလတွင် ကျောက်စိမ်းသီးတစ်ပိဿာလျှင် ၄၅၀၀ ကျပ် ၊ အစိမ်းသီး တစ်ပိဿာလျှင် ၃၅၀၀ ကျပ်သို့ ဈေးပြန်တက်ခဲ့ကြောင်း ၊ ယင်းဈေးအတိုင်း ၁၅ ရက်ခန့် ပုံမှန်ရှိရာမှ ကုန်အဝင်နည်းသောကြောင့် ကျောက်စိမ်း သီးတစ်ပိဿာလျှင် ၆၀၀၀ ကျပ် ၊ အစိမ်းသီးတစ်ပိဿာလျှင် ၄၅၀၀ကျပ်အထိဈေးမြှင့်တက်ခဲ့သည်။

ထိုမှတစ်ဆင့် ဈေးပြန်ကျလာပြီး သြဂုတ်လတွင် ငရုတ်သီးစိမ်းအမျိုးအစားပေါ်မူတည်၍ တစ်ပိဿာလျှင် ၂၁၀၀ ကျပ်မှ ၅၀၀၀ ကျော်အထိ ဈေးတက်လာကာ စက်တင်ဘာလဆန်းပိုင်းတွင် ဈေးပြန်လည် ကျဆင်းလာခြင်းဖြစ် သည်။

ငရုတ်သီး ကို မြန်မာပြည်အနှံအပြား တွင် စိုက်ပျိုးကြသည်။ ငရုတ်သီး အစိမ်းဈေးကွက်တွင် ပီနံသီး ၊ အစိမ်းသီး ၊ ကျောက်စိမ်းသီး ၊မိုးထောင်သီး ၊ သာမို ၊ အာမိုတို့မှာလူ သုံးအများဆုံးအသီးများဖြစ်ပြီး အောင်ပန်း၊အင်းလေး ၊ ရွှေဘို ၊ ပျဉ်မနား ၊ နေပြည်တော် ၊ တပ်ကုန်း ၊ ညောင်တုန်း ၊ မန္တလေး မြို့မှ အသီးများသာ အရောင်းအဝယ် ဖြစ်လျှက်ရှိသည်။

ရန်ကုန် မြို့ သီရိမင်္ဂလာဈေးတွင် ကျောက်စိမ်းသီး ၊ ပီနံ သီး ၊ ကျောက်စိမ်းသီးတို့သာ အစားများပြီးမန္တလေးမြို့ ဈေးကွက်တွင် သာမို ၊ အာမို ငရုတ်သီးစိမ်းက အစားများကြသည်။

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *