ပဲခူးတိုင်းဒေသကြီးတွင်  မိုးရွာသွန်းမှု များသည့်အတွက် မိုးစပါးခင်း အချို့  ရေနစ်မြုပ်မှုများ ဖြစ်ပွား

စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီးတွင်  မိုးရွာသွန်းမှုများသည့်အတွက်    မိုးစပါးခင်းအချို့  ရေနစ်မြုပ်မှုများ ဖြစ်ပွားနေကြောင်း စပါးစိုက်တောင်သူများထံမှသိရသည်။

ရေနစ်မြုပ်သည့် စပါးစိုက်ခင်းအများစုမှာ မကြာခင် ရိတ်သိမ်းရတော့မည့် စပါးခင်းများနှင့် ရိတ်သိမ်းချိန်ရောက်နေသည့် စပါးခင်းများဖြစ်သဖြင့် လက်ရှိတွင်  ရိတ်သိမ်း၍မရဘဲ အခက်အခဲဖြစ်နေရဟု သိရသည်။

” စားရခါနီး ပါးစပ်နားရောက်မှ ဒုက္ခရောက်နေရတာ၊ ရေတွေက တအားကိုများနေတော့ဘာမှလုပ်မရဘူး။အပင်တွေလည်း အကုန်လဲကျပြီးရေနစ်၊ မလဲတဲ့အပင်တွေလည်း ရေနစ်၊စပါးတွေက အကုန်အထွက်စုံပြီ၊ သိပ်မကြာခင်ရိတ်ရတော့မှာ၊ဒါကိုအခုရေနစ်တော့ ဒုက္ခရောက်နေပြီ၊ရေမြန်မြန်ကျပါစေ၊မိုးမရွာပါစေနဲ့တော့ဆိုပြီးဆုတောင်းနေရတယ် ” ဟု ပဲခူးတိုင်းအနောက်ပိုင်း မင်းလှမြို့မှ ရေနစ်မြုတ်စပါးခင်းပိုင်ရှင် တောင်သူ ကိုတင်ထွေးမှပြောသည်။

ပဲခူးတိုင်းအတွင်း  ပြီးခဲ့သည့် ဩဂုတ်လ ကတည်းကနေ လက်ရှိစက်တင်ဘာလအထိ ဆက်တိုက်ဆိုသလို မိုးရွာသွန်းနေသည့်အတွက် စပါးစိုက်ခင်းများရေဝင်ရောက်မှုများပြီး နစ်မြုတ်နေရခြင်းဖြစ်ဟုသိရသည်။

စပါးခင်း ရေနစ်မြုတ်မှု အချိန်ကြာသည်နှင့်အမျှ ပျက်စီးမှုလည်း ပိုမိုများနိုင်ကြောင်း ၊ စပါးအထွက်နူန်းလည်း လျော့နိုင်သဖြင့် နောက်ထပ်မိုးရွာသွန်းမည်ကို တောင်သူများက စိုးရိမ်နေကြသည်။

” အခုနှစ် ကစိုက်စရိတ်ကြီးတယ်၊စပါးစျေးကောင်းလို့ တောင်သူတွေ အဆင်ပြေမလားမှတ်တယ် အခုရာသီဥတုကဖောက်တယ်၊ရေနစ်တာကြာရင် ပျက်စီးမှာပဲ၊ စျေးကလည်း ပွဲစား၊စက်တွေက လျှော့ဝယ်မှာဆိုတော့  အရင်းရရင် တော်အုံးမယ်။ ” ဟု ပဲခူးအရှေ့ခြမ်းမှစပါးစိုက်တောင်သူ ဦးမောင်လေးမှပြောသည်။

ရေထဲတွင် အချိန်ကြာကြာ နစ်မြုပ်ခံခဲ့ရသည့် စပါးများသည် ဆန်ကြိတ်ခွဲသည့်အခါ ဆန်သား အကောင်းရရှိမှုနည်းပြီး အ ဝါဖောက်များသဖြင့် လက်ရှိစပါးပေါက်စျေးထက် စျေးနည်းဝယ်ယူကြကြောင်းသိရသည်။

လက်ရှိ မိုးစပါးရာသီအစတွင် စပါးအသစ်စျေးသည် ၁၀၀ ကို ၁၆ သိန်းကျပ်စျေးပေါက်ပြီး စပါးအမျိုးအစားနှင့် စပါး အစိုဓာတ် ၊အခြောက် အပေါ်လိုက်ပြီးလည်း စျေးနူန်းအပြောင်းအလဲရှိကြောင်းသိရသည်။

ယခုနှစ် ပဲခူးတိုင်းတွင် လယ်ယာစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် လယ်ထွန်စက်မောင်းခမှာ တစ်ဧကကို ၅၀၀၀၀ မှ ၁၀၀၀၀၀ ကျပ်၊ ရိတ်ခြွေစက်ငှားခ တစ်ဧကကို ၉၀၀၀၀ ကျပ်ရှိပြီး မြေဩဇာ ၊ပိုးသတ်ဆေး များသည်လည်း ယခင်နှစ်ထက် စျေးမြင့်နေကာ အလုပ်သမားဌားရမ်းခ များသည်လည်း မြင့်တက်လာကြောင်းသိရသည်။

မိုးစပါးစိုက်ပျိုးခြင်းကို ဇွန်လမှ စပြီး နောက်အကျဆုံး စက်တင်ဘာလဆန်းအထိ စိုက်ပျိုးမှုရှိပြီး မိုးစပါး စတင်ရိတ်သိမ်းခြင်းကိုတော့ ယခု စက်တင်ဘာလ ဒုတိယပတ်လောက်မှစတင်ရိတ်သိမ်းပြီး ဒီဇင်ဘာလ နောက်ဆုံး ရိတ်သိမ်းကြရခြင်းဖြစ်သည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *