ယခုနှစ် မိုးစပါး ရည်ညွှန်စျေးသည်  ပြင်ပပေါက်စျေးထက်နည်းနေသဖြင့်  တောင်သူများအတွက်တွက်ချေမကိုက်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှသတ်မှတ်လိုက်သည့် ယခုနှစ် မိုးစပါး ရည်ညွှန်းစျေးသည်  ပြင်ပပေါက်စျေးထက်နည်းနေသဖြင့်  တောင်သူများအတွက်တွက်ချေမကိုက်ဟုသိရသည်။

ဆန်စပါးအသင်းက ဆန်ကြမ်းအုပ်စုဝင် စပါးဖြစ်သည့် ဧည့်မထ၊ ငစိန်စပါးများကို  တင်း ၁၀၀ စျေးလျှင်  ၁၃ သိန်းမှ ၁၅ သိန်းအတွင်းသာဝယ်ယူရန် သတ်မှတ်ကြောင်း စက်တက်ဘာလ ၁၉ ရက်နေ့တွင် စာထုတ်ပြီးအသိပေးထားသည်။

လက်ရှိမိုးစပါးများစတင်ရိတ်သိမ်းနေသည့်ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းတို့တွင် ဆန်ကြမ်းအုပ်စုဝင် စပါးစျေးက အနည်းဆုံး ၁၆ သိန်းဝန်းကျင်စျေးပေါက်နေသည်ဟုသိရသည်။

” အပြင်မှာ အခုGW 11 စပါးတွေ ရိတ်နေတာ ၁၅ သိန်း ၈ သောင်းကနေစရာင်းရတယ်၊သူက စပါးထဲမှာအနိမ့်ဆုံးပဲဒါတောင်အဲ့စျေးရတယ်။တခြားစပါးတွေဆို ၁၆ နဲ့၁၆ အကျော်ပဲရှိတယ်၊ ၁၆ သိန်းပေါက်နေတာ ၁၅ သိန်းနဲ့ဝယ်ရင်လည်းဘယ်သူမှမရောင်းဘူး ၊တောင်သူတွေမပါဘဲသူတို့ဘာသာသတ်မှတ်နေတာ ” ဟု ပဲခူးအနောက်ပိုင်းမှ တောင်သူဦးထွန်းထွန်းမှပြောသည်။

ဧရာမင်း စပါး၊  ဧရာပဒေသာစပါးနှင့်  ဧရာဝတီပေါ်ဆန်း စပါး တင်း ၁၀၀ ကိုကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း သတ်မှတ်ထားသလို ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ ကို ၁၈ သိန်းမှ သိန်း ၂၀ အထိ ဈေးသတ်မှတ်ဝယ်ယူရန် ပြောဆိုထားသည်။

အဆိုပါ ရည်ညွှန်းစျေး စျေးဖြင့် စပါးဝယ်ယူ၍မရရရှိပါက ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များသို့ ဆက်သွယ်နိုင်ကြောင်း လည်း သိရသည်။

” အသင်းကိုဆက်သွယ်လာရင် ကျနော်တို့က စပါးဝယ်လို့ရအောင်ချိတ်ဆက်ပေးမယ်၊အခုစျေးသတ်မှတ်တာက ဒီနူန်းအတွင်းရောင်းချဖို့အသိပေးတဲ့သဘောပါ၊ သတ်မှတ်စျေးထက်ပိုရောင်းတယ်ဆိုရင် ကျနော်တို့ကခေါ်ပြီးညှိုနှိုင်းပေးရမှာပေါ့။ “ဟု မြန်မာနိုင်ငံ ဆတ်စပါးအဖွဲ့ချုပ်မှ ဦးနေလင်းဇင်မှပြောသည်။

တောင်သူများ နှင့်  ကြိတ်ခွဲထုတ်လုပ်ရောင်းဝယ်သူများအတွက် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိရန် နှင့်  စားသုံးသူပြည်သူလူထုအတွက်လည်း  ဝန်ထုပ်ဝန်ပိုးမဖြစ်သည့် ဆန်ဈေးနှုန်းဖြစ်စေရန်  နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက်သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.”စပါးထွက်ဖို့သုံးရတဲ့ကုန်ကျစရိတ်တွေ၊မြေဩဇာက ပုလဲဆိုရင် ၉၅၀၀၀ ၊ ၁၅ ပတ်လည်က ၁၃၀၀၀၀ ကျော်တယ်၊ ပိုးသတ်ဆေးဆိုလည်း ထေ၊ာင်ဂဏန်းမရှိဘူး၊ ရွက်ဖြန်းအားဆေး အကုန်လုံးကစျေးတက်နေတာ၊လုပ်အားခတောင်တရာသီနဲ့တရာသီမတူဘူး တက်နေတာ၊ကိုယ်ရင်းရတာတွေအကူန်တက်ပြီး စပါးထွက်မှ စျေးကိုလျှော့သတ်မှတ်တာက တော်တော်ဆိုးတယ်၊တောင်သူတွေကို မစာနာကြဘူး ” ဟု စပါးစိုက်တောင်သူ ကိုမင်းဇော်က ပြောသည်။

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် အလုပ်သမား ငှားရမ်းခအပါမဝင် သွင်းအာစု စျေးနူန်း၊ဓာတ်မြေဩဇာစျေးနူန်း ၊ မျိုးစပါးစျေး၊လယ်ထွန်စက်မောင်းခနှုန်းထား၊ စပါးရိတ်စက်နှုန်းထား စသဖြင့် အားလုံးသည် ယခင်နှစ်ကထက် စျေးနူန်းပိုကြီးမြင့်သည့်အတွက် စိုက်ပျိုးစရိတ်ကုန်ကျမှုပိုမိုများကြောင်းသိရသည်။

မိုးစပါးစိုက်ပျိုးမှုတွင် လယ်တစ်ဧကကို အများဆုံး တင်း၈၀ မှ  ၁၀၀ နူန်းထွက်သည့်လယ်မြေအမျိုးအစားရှိသလို တစ်ဧကကို ၃၀ မှ ၆၀ နူန်းထွက်သည့်လယ်များလည်းရှိကြောင်းသိရသည်။

စပါးစိုက်ခင်းအတွက် လိုအပ်သည့် မြေဩဇာ ၊ ပိုးသတ်ဆေး၊ ရွက်ဖြန်းဆေး အလုံအလောက်မထည့်နိုင်ပါက စပါးအထွက်နူန်းသည်လျော့ကျကြောင်းသိရသည်။

လက်ရှိတွင် ပဲခူးတိုင်း၊ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့တွင် ရိတ်သိမ်းခါနီးပြီ ဖြစ်သည့် စပါးစိုက်ခင်းအချို့ ရေနစ်မြုပ်နေသဖြင့် သီးနှံများပျက်စီးဆုံးရှုံးမည်ကို တောင်သူများစိုးရိ်နေကြကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *