ပြည်တွင်း ဝဥ ရာသီချိန် ရောက်ရှိနေသော်လည်း စက်ရုံများမှ စျေးဖွင့်ဝယ်ယူခြင်းမရှိသေး

ပြည်တွင်း ဝဥ ရာသီချိန် ရောက်ရှိနေသော်လည်း စက်ရုံများမှ စျေးဖွင့်ဝယ်ယူခြင်းမရှိသေးသဖြင့် ဝဥစျေး ကျဆင်းနေဟု ကရင်ပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှသိရသည်။

လက်ရှိကရင်ပြည်နယ်တွင်   ဝဥ အစိုတစ်ပိဿာကို ၇၀၀ ကျပ်မှ ၈၀၀ ကျပ်စျေးဖြင့်သာ ဝယ်ယူမှုရှိနေကြောင်း ၊ ယင်း စျေးနူန်းသည် တောင်သူများအတွက် အဆင်မပြေဟု သိရသည်။

“စက်ရုံတွေက အရင်ဆိုအပြိုင်အဆိုင်ဖွင့်ပြီး အပြိုင်အဆိုင်လုဝယ်ကြတာ၊အခုကျတော့စက်ရုံတစ်ရုံမှမဖွင့်သေးဘူး။အရင်ကဆို ခုလ ၁ ရက်နေ့ဆိုစဖွင့်ကြတယ်၊အဝယ်တော်တွေကဝယ်ကြတယ်၊အဝယ်တော်တွေကိုစက်ရုံတွေကအပြိုင်အဆိုင်ငွေ ချတယ်၊ ဝယ်ကြတာပေါ့ ၊အခုစက်ရုံကစျေးမဖွင့်တော့ သိပ်မဝယ်ကြဘူးပေါ့။ဒီလကုန်လောက်မှစဖွင့်မယ်လို့လည်းပြောသံ ကြားတယ်၊အခုကတော့ ဒေသအဝယ်စုဆောင်းသူတွေကတော့ ၇၀၀ ၈၀၀နဲ့ဝယ်ကြတယ်၊လှောင်တဲ့သဘောပဲ ” ဟု ကရင် ပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ အတွင်းရေးမှူး  ဦးမင်းသူမှပြောသည်။

ဝဥ စက်ရုံများက ဝဥအစိုများကိုဝယ်ယူပြီး အခြောက်လှန်းက အမှုန့်ကြိတ်ပြီး တရုတ်ကို အဓိကတင်ပို့ပြီး ဂျပန်ကိုလည်း တင်ပို့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ် ဝဥရာသီချိန်တွင် ဝဥတစ်ပိဿာကို ၁၅၀၀ ကျပ်ဝန်းကျင် အထိအမြင့်ဆုံးစျေးရှိခဲ့ကြောင်းသိရသည်။

ဝဥ တူးဖော်ခြင်းကို ရာသီဥတုအပေါ်မူတည်လုပ်ကိုင်ရခြင်းဖြစ်ပြီး ကရင်ပြည်နယ် ၊မွန်ပြည်နယ်၊ တနင်္သါရီတိုင်း တို့တွင် ယခုစက်တင်ဘာလမှ နိုဝင်ဘာလအထိ ဝဥများစျေးကွက်တွင်းဝင်ရောက်ပြီး ၊ ရခိုင်ပြည်နယ် နှင်ဧရာဝတီတိုင်းတို့က ဩဂုတ်ကတည်းက ဝဥရာသီစတင် ပြီး ချင်းပြည်နယ်ကတော့ နိုဝင်ဘာလ ကုန် ဒီဇင်ဘာလ မှသာ ဝဥများစတင်တူးဖော်ရကြောင်းသိရသည်။

ဝဥ ကိုခြံဖြင့် စနစ်တကျ စိုက်ပျိုးသည့်တောင်သူများရှိသလို တောထဲတွင် အလေ့ကျပေါက်သည့် ဝဥပင်ကိုရှာဖွေပြီး တူးဖော်ကာ စျေးကွက်ထဲရောင်းချနေသူများလည်းရှိကြောင်းသိရသည်။

” အလေ့ကျကိုလိုက်တူးသူကပိုများပါတယ်။ခြံသမားကနည်းတယ်။ အလေ့ကျတောထဲလိုက်တူးသူက ကုန်းတတန်ရေတတန် သယ်ရတယ်။ဝဥတစ်ပိဿာ ၈၀၀ ရတယ်ထားအုံး သယ်ယူစရိတ်ဘာညာနူတ်ရင် ၅၀၀ လောက်ပဲအများဆုံးရတယ်။ ပြည်ပပို့တဲ့လုပ်ငန်းရှင်ကျတော့လည်း အခွန်ဆောင်ရတာတွေ၊သယ်ယူစရိတ်က မြင့်တာတွေ၊တရုတ်ဘက်ကစျေးကျတာတွေကြောင့် အောက်ခြေရောက်တော့ဘာမှမကျန်တော့တာမျိုးပေါ့ ” ဟု ဝဥ စိုက်ပျိုးသူတစ်ဦးမှပြောပြသည်။

ဝဥ စျေးသည် ၂၀၂၀ ခုနှစ်မတိုင်ခင်က ၂၀၀၀ ကျော်အထိ စျေးတန်းရှိခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ၂၀၀၀ အောက်သို့စျေးကျခဲ့ရာ ယခုနှစ်တွင် ၁၀၀၀ အောက်သို့ ထပ်မံ ကျဆင်းသွားခြင်းဖြစ်ဟုသိရသည်။

ဝဥ ကို ကရင်ပြည်နယ်၊ တနင်္သါရီတိုင်း ၊မွန်ပြည်နယ်၊ ဧရာဝတီ၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ရှမ်းပြည်နယ် တို့တွင် အဓိကစိုက်ပျိုးထွက်ရှိကြောင်း ၊ တနိုင်ငံလုံးတွင် ဝဥစိုက်ပျိုးသည့်ဧကပေါင်း ၁၃၀၀၀ ကျော်ရှိဟု သိရသည်။

ညိုပြာဝိုင် (AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *