သီးနှံအာမခံစနစ် ဆောင်းသီးနှံမှာစတင်မည်

ရာသီဥတုပြောင်းလဲမှုများ ကြောင့် ဖြစ်ပေါ်လေ့ရှိသည့် သီးနှံဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး တောင်သူများနစ်နာမှုမရှိစေရန် သီးနှံ  အာမခံစနစ် ထားရှိနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှသိရသည်။

အဆိုပါ သီးနှံအာမခံစနစ်သည်  မိုးရေချိန်ကို အခြေခံသည့် အာမခံစနစ်၊ ရာသီဥတု ညွှန်းကိန်းကို အခြေပြုသည့်  Weather Index Insurance ဖြစ်ပြီး ယင်းစနစ်ကို လာမည့်ဆောင်းသီးနှံရာသီတွင် စတင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ထားကြောင်းသိရသည်။

” ရာီဥတု ပြောင်းလဲမှု၊ မိုးများခြင်း၊ မိုးနည်းခြင်း စတဲ့ အခြေအနေများကြောင့် ဆုံးရှုံးမှု တွေ အတွက် အာမခံထားတာပါ။ အာမခံထားရင် မိုးများလွန်း၊ မိုးနည်းလွန်း လို့ သတ်မှတ်မိုးရေချိန် ကျော်လွန် / လျော့နည်း ရရှိမှုတွေ အပေါ် အာမခံပေးတာပါ၊ ပဲတီစိမ်းနဲ့နေကြာကို စတင်ဆောင်ရွက်ဖို့စဉ်းစားပါတယ်စိုက်ပျိုးရေးလုပ်ငန်းကစွန့်စားရမှုများပါတယ်။တောင်သူတွေအတွက်ရာသီဥတုဖောက်ပြန်တာတွေ၊သီးနှံဆုံးရှုံးတာတွေ၊ ပိုးမွှားရောဂါကျတာတွေ ဒီလိုဆုံးရှုံးတာတွေကိုအာမခံထားတာ နိုင်ငံတကာမှာလုပ်ကြပါတယ်။တချို့နိုင်ငံမှာဆိုမိုးခေါင်ရရှားတာကိုအာမခံထားကြတယ်။ ” ဟု ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်မှ ပြောသည်။

အဆိုပါအာမခံစနစ်သည် ဆောင်းသီးနှံ ချေးငွေအပေါ်တွင် အာမခံထားခြင်းဖြစ်ကြောင်း၊ ရာသီဥတုဖောက်ပြန်မှု နှင့် ပိုးမွှားကျရောက်မှုကြောင့်သီးနှံပျက်စီးဆုံးရှုံးမှုဖြစ်ပါက အာမခံထားသည့်တောင်သူအနေဖြင့် ဆောင်းသီးနှံ ချေးငွေကိုပြန်လည်ပေးဆပ်စရာမလိုကြောင်း သိရသည်။

“မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်းသီးနှံအတွက်ထုတ်ပေးတာ တစ်ဧက ၁ သိန်းမှာ အာမခံထားလိုက်မယ်ဆိုရင် သီးနှံပျက်စီးဆုံးရှုံးသွားတယ်ဆိုရင် ချေးငွေအပေါ်မှာ တောင်သူက ချေးငွေပြန်ဆပ်စရာမလိုပါဘူး။အာမခံကနေ  စိုက်ဘဏ်ကို ဆပ်ပေးမှာပါ၊ ” ဟု ဦးရဲမင်းအောင် မှထပ်မံပြောပြသည်။

တောင်သူများ၏ သီးနှံအာမခံစနစ်အပေါ် ဝန်ဆောင်ခနူန်းထားအနေဖြင့် ချေးငွေ၏ ၁ ရာခိုင်း သို့မဟုတ် ၂ ရာခိုင်နူန်း သာကောက်ရန်ဆွေးနွေးနေသလို အဆိုပါအာမခံစနစ်သည် တောင်သူများအတွက်အကျိုးရှိပြီး ထိရောက်သည့် စနစ်ဖြစ်ရန်အတွက်လည်း ဆွေးနွေးမှုများလုပ်နေကြောင်းသိရသည်။

အဆိုပါသီးနှံ အာမခံစနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက်  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ MRF အပါအဝင် ပုဂ္ဂလိကအသင်းအဖွဲ့များ၊ တောင်သူများ စုပေါင်းပြီးလုပ်ဆောင်နေခြင်းဖြစ်ဟု သိရသည်။

စိုက်ပျိုးရေးကို ဦးစားပေးဆောင်ရွက်သည့် ပြည်ပ နိုင်ငံများတွင် ယင်းအာမခံစနစ်ကို  ဆောင်ရွက်နေသဖြင့်   မြန်မာနိုင်ငံ ၌လည်း  စတင်ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ဟုသိရသည်။

ထို့ကြောင့်စက်တင်ဘာလ ၂၂ ရက်တွင် အဆိုပါ သီးနှံအာမခံစနစ်ကို ယခုနှစ်ဆောင်းသီးနှံရာသီမှာ တောင်သူလယ်သမားများ ပူးပေါင်းပါဝင်သည့် (Farmer Participatory Approach) ကို အခြေခံဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးမှု များပြုလုပ်ခဲ့ကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *