မြေပဲဆံဈေး ဆက်တိုက်ကျဆင်းနေပြီး ရက်ပိုင်းအတွင်း မြေပဲဆံတစ်အိတ်လျှင် ၇၅၀၀ ကျဆင်းနေ

စက်တင်ဘာ ၂၁၊ရန်ကုန်

ယခုလအတွင်း ဝယ်လက်မရှိဘဲ မြေပဲဆံ ဆက်တိုက်ဈေးကျဆင်းနေသည့်မှာ အဆိုးဆုံးအခြေအနေသို့ရောက် ရှိနေပြီး မြေပဲဆံတစ်အိတ်လျှင်၇၅၀၀ ကျပ်အထိ ဈေးကျဆင်းနေကြောင်း မန္တလေးပဲအမျိုးမျိုးဈေးကွက်မှစုံစမ်း သိရှိရသည်။

“ပြီးခဲ့တဲ့ ရက်က မြေပဲဆံ တစ်ပိဿဈေး ကျနေတာ တစ်ဆစ်ချိုးပဲ ဒီတစ်လအတွင်း ဆိုးဆိုးရွားရွားကျတာပဲ။ ၂၅ ပိဿ တစ်တင်းအိတ်ကို ၇၅၀၀ ကျပ်လောက်ကျတယ်။ ဝယ်လက်လည်း ရှာမရဘူး။ ပြည်တွင်းဈေးကွက် ကိုက ရပ်လိုက် ၊ ဝယ်လိုက်ဖြစ်နေတာ။” ဟု မန္တလေးမြို့ ဝင်းဝင်းပဲပွဲရုံမှ ပဲကုန်သည် ဦးရဲမိုးကပြောသည်။

မန္တလေးမြို့ ပဲမျိုးစုံဈေးကွက်တွင် မြေပဲဆံ ( အဖြူ) တစ်ပိဿလျှင် ၆၅၀၀ ကျပ်ရှိပြီး တစ်ပိဿ ၆၈၀၀ ကျပ်မှ ကျဆင်းလာခြင်းဖြစ်သည်။ မြေပဲဆံ (အနီ) တစ်ပိဿလျှင် ၇၈၀၀ ကျပ်ရှိပြီး တစ်ပိဿလျှင် ၈၃၀၀ ကျပ်မှ ဈေး ကျဆင်းလာခြင်းဖြစ်သည်။

မြေပဲဆံ အဖြူကို ပြည်တွင်းရှိ မြေပဲဆီ ရောင်းသော ကုန်သည်များက အများဆုံးဝယ်ယူပြီး မြေပဲဆံအနီကို တရုတ်နိုင်ငံက အဓိကဝယ်ယူအပြင် ပြည်တွင်းရှိ မြေပဲဆံကြော်လုပ်ငန်းများလည်း ဝယ်ယူကြကြောင်း သိရရှိသည်။

မြေပဲဆံဈေးများ ဆက်တိုက်ကျဆင်းလာခြင်းမှာ ပြည်တွင်းဈေးကွက်တွင် မြေပဲဆီကြိတ်သည့် တွတ်ချေမကိုက် ၍ ကုန်သည်များ အဝယ်မလိုက်လာခြင်း ၊ ပြည်ပ ဆွဲအား နည်းခြင်း ၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကုန်သည်များ အစိုး ရ၏ အစစ်အဆေး အမေးမြန်းခံရပြီး ကုန်သည်များ စိုးရိမ်ပူပန်မူများနေခြင်းကြောင့်ဖြစ် ကြောင်း မန္တလေးမြို့ပဲကုန်သည်များက ပြောသည်။

“ပြည်ပကလည်း ထင်သလောက်မဝယ်ယူတော့ဘူး။ ပြည်တွင်းကလည်း အဝယ်မရှိဘူး။ အကြောင်းအမျိုးမျိုး ကြောင့်ပေါ့လေ။ ဈေးကွက်က ပျက်နေတယ်။”ဟု ကိုရဲမိုးကပြောသည်။

ပဲမျိုးစုံထွက်ရှိသည့် မကွေးမြို့ ဈေးကွက်တွင်  မြေပဲဆံ အဖြူ တစ်ပိဿလျှင် ၆၅၀၀ ကျပ်ရှိပြီး တစ်ပိဿ ၇၀၀၀ ကျပ်မှ တစ်ဖြည်းဖြည်း ကျဆင်းလာခြင်းဖြစ်ကြောင်း ၊ မြေပဲဆံ အနီဈေးမှာ တစ်ပိဿလျှင် ၇၅၀၀ ကျပ်ရှိပြီး တစ်ပိဿလျှင် ၈၅၀၀ ကျပ်မှ ဈေးကျဆင်းလာခြင်းဖြစ်ကြောင်း မကွေးမြို့ ပဲမျိုးစုံဈေးကွက်မှစုံစမ်း သိရှိရသည်။

“အရင်က အဖြူဆံကို ထိုင်းက ဝယ်တယ်။ အနီဆံကတော့ တရုတ် ဝယ်တယ်။ အခု အဝယ်ရပ်နေတယ်။ ပြည် တွင်းကလည်း မိုးပဲ တွေကို ဝယ်လိုက် ၊ ရပ်လိုက်ဖြစ်နေတော့ မြေပဲဈေးက မကောင်းဘူး။ ဆက်တိုက်ကို ဈေး ကျနေတယ်။” ဟု မြင့်မြတ်တော်ဝင် ပွဲရုံမှ ကိုမြင့်အောင်ကပြောသည်။

ယခုရက်ပိုင်း မိုးများသဖြင့် ပြည်ပသို့ ပို့ဆောင်ရန် အရည်အသွေးမမှီသည့် မြေပဲဆံများမှာ တစ်ပိဿလျှင် ၅၃၀၀ ကျပ်မှ ၅၅၀၀ ကျပ်ရှိပြီး ဈေးငြိမ်ကာ အရောင်းအဝယ်လိုက်သည့်မှကလွဲ၍ ကျန်အရည်သွေးမြင့် မြေ ပဲဆံများမှာ အရောင်းအဝယ်မရှိဖြစ်နေကြောင်း မကွေးမြို့ ပဲမျိုးစုံဈေးကွက်မှ သတင်းရရှိသည်။

မြေပဲ အဓိက စိုက်ပျိုးသည့် ဒေသများမှာ မကွေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင်မြေပဲကိုမိုးရာသီ နှင့်ဆောင်း ရာသီတို့တွင် အများဆုံးစိုက်ပျိုးကြသည်။

မြန်မာနိုင်ငံတွင် မြေပဲစိုက်ဧက စုစုပေါင်းမှာ နှစ်စဉ်ပျမ်းမျှ ၂ ဒသမ၃၅ သန်းရှိပြီး မိုးမြေပဲ စိုက်ဧကမှာ ၁ဒသမ ၁၄ဧက သန်းရှိသည်။ ဆောင်းမြေပဲ ဧက ၁ ဒသမ၂၁ ဧက သန်းရှိစိုက်ပျိုးပြီး ပင်ထောင်မြေပဲ ၂ဒသမ ၂၂ ဧက သန်း စိုက်ပျိုးကြသည်။ ပင်ပြန့်မြေပဲ စိုက်ပျိုးမှုမှာ ဝဒသမ ၁၃ ဧက ရှိပြီး မြေပဲတောင့်ထွက်ရှိမှုမှာ စုစုပေါင်း တန်ချိန် ၁ဒသမ ၅၂ သန်းထွက်ရှိသည်။

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *