စပါးထွက်ရှိရာ ဒေသကြီးနှစ်ခုတွင် စပါးအရောင်းအဝယ်မရှိသောကြောင့် စပါးဈေးများ စတင်ကျဆင်းနေ

မိုးစပါးပေါ်ချိန်တွင် စပါးဈေးများကျဆင်းလာမည်ဖြစ်သောကြောင့် ဆန်စပါး အဓိကထွက်သည့် ဧရာ၀ တီတိုင်း ဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စပါး အရောင်းအဝယ်ပါးနေပြီး စပါးဈေးများ စတင် ကျဆင်းလာကြောင်း တောင်သူများနှင့် ဆန်စက်ပိုင်ရှင်များထံမှ သတင်းရရှိသည်။

ဆန်ချောထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ကောက်ချောစပါး အရောင်းအ ဝယ်မဖြစ်သည့်မှာ ၁၅ ရက်ခန့်ရှိပြီဖြစ်ကြောင်း၊ဝယ်ယူသူမရှိသောကြောင့် ကောက်ချောစပါးအရောင်း ဝယ်ရပ်တန့်နေကြောင်း၊ရန်ကုန်ဝယ်လက်အေးနေသောကြောင့်တောင်သူများ ၊ ပွဲစားများနှင့်ဆန်စက် ပိုင်ရှင်များ လုပ်ငန်းများရပ်တန့်ထားကြောင်း လပွတ္တာမြို့နယ်မှ တောင်သူ ဦးတင်ထွန်းကပြောသည်။

ရွှေဘိုပေါ်ဆန်းစပါး နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးမှာ စပါးတစ်တင်း ၁၀၀ လျှင် ငွေကျပ် ၃၁ သိန်း မှ ၃၂ သိန်းကြားပေါက်ဈေးရှိခဲ့ပြီး ယင်းဈေးနှင့် မဝယ်ယူသော်လည်း ဈေးပြောင်းလဲမှုမရှိ ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းပန်းတနော်မြို့နယ်တွင် ပြည်ပပို့ကုန်တန်းဝင် ဆန်ကြမ်းစာရင်းဝင် ကောက်ကြမ်း စပါး အတင်း ၁၀၀ လျှင် မိုးစပါးပေါ်စက ၁၃၂၀၀၀၀ ကျပ်ရှိခဲ့ရာမှ တစ်ပတ်အတွင်း ၁၂၈၀၀၀၀ ကျပ်သို့ ဈေး ကျဆင်းလာကြောင်း ၊ ယင်းဈေးထက် ထပ်ကျမည်ဆိုပါက တောင်သူများအတွက် တွတ်ခြေမ ကိုက်ကြောင်း တောင်သူများ ကပြောသည်။

စပါးအတင်း ၁၀၀ လျှင် ၁၃ သိန်းကျပ်ရရှိမည်ဆိုပါက လယ်သမားများအတွက် တွက်ခြေကိုက်သော် လည်း ယင်းပမာဏသည် တစ်ဧကလျှင် စပါး အတင်း ၁၀၀ ထွက်ရှိခြင်းကိုအခြေခံတွတ်ချက်ထားခြင်း ဖြစ်ပြီး စပါးအထွက်နှုန်းလျော့ပါက အလုပ်သမားစရိတ် ၊ သွင်းအားစု စရိတ် ၊သယ်ယူစရိတ် ၊ရိတ်သိမ်း ချွေလှေ့စရိတ်များဖြင့် မကိုက်ကြောင်း တောင်သူ ကိုမြင့်ဇော်ကပြောသည်။

“ စပါးဈေးက မငြိမ်ဘူး။ အဝယ်ကတော့ရှိနေတယ်။ အရောင်းအဝယ်ကတော့ ကျွန်တော်တို့ဘက်မှာ တော့ ပုံမှန်ပဲ။ စပါးသစ်တွေလည်း ပေါ်နေပြီ။ ဒါပေမယ့်စပါးဈေးက ၁၃ သိန်းအောက်ကို ကျနေတယ်။  ထပ်ကျရင်တော့ ကျွန်တော်တို့မကိုက်တော့ဘူး။” ဟု တောင်သူ ကိုမြင့်ဇော်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ကောက်ကြမ်းစပါးအစိုဈေးမှာ တင်း ၁၀၀ လျှင် ၁၄ သိန်းကျပ် ၊ အခြောက်ခံစပါးဈေး ၁၇ သိန်းခြောက်သောင်း ကျပ်ကျော်ရှိပြီး ယခင် စပါး အတင်း ၁၀၀ လျှင် ၁၉ သိန်းကျပ်ဈေးမှ ကျဆင်းလာခြင်းဖြစ်သည်ဟု ဆန်စက်ပိုင်ရှင်များထံမှ သတင်းရရှိသည်။

ယင်းဒေသတွင် ဆန်ကြမ်း စပါးများသာ ထွက်ရှိကြပြီး မိုးရာသီကာလတွင် ဆင်းသုခ စပါးအတင်းတစ် ရာလျှင် ၂၂ သိန်းကျပ်အထိ ဈေးပေါက်ခဲ့ရာမှ ၁၉ သိန်းကျပ်၊ ယင်းမှတစ်ဆင့် ၁၄ သိန်းကျပ်သို့ကျ ဆင်းလာခြင်းဖြစ်သည်။

“ကျွန်တော်တို့ နယ်ဘက်မှာတော့ စပါးဟောင်းက မရှိတော့တာ တစ်လလောက်ရှိပြီ။ စပါးသစ်ပေါ် ချိန်ပဲ ရှိတော့တယ်။ အခု ၁၄ သိန်းပေါက်နေတယ်။ အရင်ကထက်တော့ အများကြီးကျသွားပါတယ်။” ဟု ဆန်စက်ပိုင်ရှင် ဦးဖြိုးမောက်ကပြောသည်။

ပဲခူးတိုင်းဒေသကြီးတွင် ပြည်ပပို့ကုန်ဖြစ်သည့် ဆန်ကြမ်း စပါးကိုသာ အများဆုံးစိုက်ပျိုးကြပြီး စပါး တင်းတစ်ရာလျှင် ၂၂ သိန်းအထိ ဈေးရှိခဲ့သော်လည်း ယခုအခါ ၁၆ သိန်းဝန်းကျင်သာ ဈေးပေါက် တော့ကြောင်း ၊ ယင်းဈေးပေါက်နေသော်လည်း စပါးဝယ်ယူမူမရှိကြောင်း ဆန်စက်ပိုင်ရှင်များထံမှ သတင်းရရှိသည်။

“ဆန်စက်သမားတွေက ဈေးကျမယ်ဆိုတော့ စောင့်နေကြတယ်။ မဝယ်ကြတော့ဘူး။ အခု ရန်ကုန်မှာ လည်း ဆန်ဈေးကျတယ်လေ။ ဒါကြောင့် စပါးဝယ်ပြီး မကြိတ်ကြတော့ဘူး။ ကျရိပ်မြင်လို့ စောင့်နေကြ တဲ့သဘောပါ။” တောင်ငူမြို့နယ် ၊ အုတ်တွင်းမြို့မှ ဆန်စက်ပိုင်ရှင် ဦးကျော်စိုးမိုးကပြောသည်။

ရန်ကုန်မြို့ ဘုရင်နောင်ကုန်စည်ဈေးကွက်တွင် ဆန်ကြမ်း တစ်တင်းလျှင် ယခင်က ၇၇၀၀၀ ကျော်ရှိခဲ့ သော်လည်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချူပ်က စပါးဈေးဝယ်ယူရန် ဈေးနှုန်းသတ်မှတ် လိုက်ခြင်းကြောင့် ဆန်ကြမ်းဈေးမှာ တစ်အိတ်လျှင် ၆၂၀၀၀ကျပ်အထိ ဈေးကျဆင်းလာခြင်းဖြစ်သည်။

စိုက်ပျိုးရေး ၊ မွေးမြူးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းအရ တစ်နိုင်ငံလုံး၏ နှစ်စဉ် မိုးစပါး စိုက်ဧကသည် ၁၇ဒသမ ၉ သန်းခန့်စိုက်ပျိုးပြီး ပျမ်းမျှ ဆန်တန်ချိန် ၂၅ ဒသမ ၆ သန်းခန့်ထွက်ရှိ သည်ဟု စာရင်းထုတ်ပြန်ထားသည်။

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *