သကြားစက်ရုံများ ကြံကိုစျေးတန်းတစ်ခုသတ်မှတ်ပြီး ဝယ်ယူပေးရန်‌ တောင်းဆို

ယခုနှစ်ကြံရာသီတွင်   သကြားစက်ရုံများအနေဖြင့် တောင်သူများထံမှ ကြံဝယ်ယူသည့်အခါ  စျေးတန်းတစ်ခုသတ်မှတ်ပြီးဝယ်ယူပေးရန် ကြံစိုက်တောင်သူများမှ ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် သကြားစက်ရုံ ၂၃ ရုံရှိပြီး နှစ်စဉ် ကြံကြိတ်ဝါးရာသီတိုင်းတွင် သကြားစက်များမှကြံဝယ်ယူသည့်ကြံစျေးနူန်းသည် စက်ရုံတစ်ရုံနှင့်တရုံ တူညီမှုမရှိဘဲ စျေးနှိမ်ဝယ်ယူသည့်စက်ရုံများရှိသောကြောင့် ကြံစိုက်တောင်သူများမှ ထိုကဲ့သို့တောင်းဆိုခြင်းဖြစ်ဟုသိရသည်။

ကြံကိုစျေးတန်တစ်ခုသတ်မှတ်ပြီး ဝယ်ယူမှသာ  တည်ငြိမ်သည့် ကြံစျေးကွက်တစ်ခုကို အကောင်ထည်ဖော်နိုင်မည်ဖြစ်သည့်အပြင်  ကြံစိုက်တောင်သူများလည်း အဆင်ပြေနိုင်မည်ဖြစ်ကြောင်း တောင်သူများမှပြောသည်။

” သကြားစက်ရုံတွေကညှိပြီးလုပ်ကြ တာ၊ အခုနောင်ချိုဘက်ကစက်ရုံက ကြံတစ်တန်ကို   ၁၁၀၀၀၀ စျေးစဖွင့်တာတောင် ကျနော်တို့ ရေတာရှည်ကစက်ရုံကအဲ့ဒီ စျေးပေးမှာမဟုတ် ဘူး၊အဲ့ဒီစျေးအောက်ပဲ ရမှာ၊ မနှစ်ကလည်း ကြံတစ်တန် ၈၅၀၀၀ မှာ သကြားစျေးက ၂၂၀၀ ဖြစ်တယ်၊ အခု ၁၁၀၀၀၀ မှာ သကြားစျေးက ၃၆၀၀ ဆိုတော့ ၁၂၀၀၀၀ လောက်ဖြစ်မလားမျှော်လင့်မိပါ တယ်၊ ဒါပေမယ့်  ကြံက စျေးကွက်မရှိဘူး၊သကြားစက်ရုံတွေကပဲအဝယ်ရှိတာဆိုတော့ကျနော်တို့ စောဒကမတက်ရဲဘူး၊ ကြံဆိုတာ ကုန်စိမ်းသီးနှံလိုပါပဲ၊ ဒီနေ့ခုတ် မနက်ဖန်ချ၊ ၄ ရက် ၅ ရက်လောက် ကြာသွားရင် နောက်ကျတာတောင်မှ အစိုဓာတ် လျော့ပါတယ်၊အချိုဓာတ်လျော့ပါတယ်၊ သကြားဖြစ်မှုစွမ်းအားလျော့သွားတဲ့အတွက် ကုန်ချိန်လည်းလျော့ပါတယ်။ဒါကြောင့် စောဒကမတက်ရဲဘူး ” လို့ ရေတာရှည်မြို့နယ်၊ ကြံစိုက်တောင်သူ ဦးမြင့်အေး မှ ပြောသည်။

လက်ရှိတွင်  လာမည့်ကြံကြိတ်ဝါးရာသီ၌      ကြံ (၁)တန်ကို   ၁၁၀၀၀၀ ကျပ်ဖြင့် ဝယ်ယူသွားမည့်အကြောင်းကို ရှမ်းပြည် နယ် ၊နောင်ချိုတွင်ရှိသည့် ငွေရည်ပုလဲ သကြားစက်ရုံမှသာကြေငြာထားသည်။

သကြားစက်ရုံ များအနေဖြင့် ဝယ်ယူမည့်စျေးနူန်းကို  သကြားစက်ရုံ နှင့်  တောင်သူများအတွက်  နှစ်ဦးနှစ်ဘက်အဆင်ပြေနိုင်မည့် နူန်းထားတစ်ခုကို လက်ရှိသကြားစျေးအပေါ်လိုက်ပြီးတွက်ချက်ကာ သတ်မှတ်ပေးစေလိုကြောင်းဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်းဒုတိယဥက္ကဖြစ်သူဦးဝင်းဌေးမှ ” တောင်သူတွေကိုအားရှိအောင်စျေးစဖွင့်တယ်၊စျေးတခုပေးတဲ့သဘောပေါ့၊သကြားစက်ရုံတွေပေးတဲ့နူန်းမတူတာကတော့ သူတို့သကြားကြိတ်ဝါးစွမ်းအားက တစ်ရက်ကိုတန် ၂၀၀၀နဲ့၂၅၀၀ ထွက်တဲ့စက်ရုံအသေးလေးတွေကျထုတ်လုပ်မှုကုန်ကျ စရိတ် များတော့ပေးတဲ့နူန်းနည်းတယ်။တန်၈၀၀၀နဲ့၁၀၀၀၀ ထွက်တဲ့စက်ရုံကြီးတွေကျထုတ်လုပ်မှုကုန်ကျစရိတ်နည်းတော့ ပိုပေးနိုင်တယ်၊ဒီတော့စက်ရုံဧရိယာခြင်းမတူလို့စျေးနူန်းကလည်းမတူဘူးဖြစ်နေတာပေါ့ ” ဟု ပြောပြသည်။

သို့သော်လည်း ယခုနှစ်တွင် သကြားစျေးသည် တစ်ပိဿာကို ၃၆၀၀ ကျပ်အထိ အမြင့်စျေးတန်းကိုရောက်ရှိနေသည့်အတွက် ကြံစျေးနူန်းလည်း ကောင်းနိုင်ကြောင်း ယင်းမှဆက်လက်ပြောဆိုသည်။

ယခုစျေးစဖွင့်ထားသည့် ကြံတစ်တန် ၁၁၀၀၀၀ ဆိုသည့်စျေးနူန်းသည် တောင်သူဘက်မှ စက်ရုံကို အရောက်ပို့ရသည့်စျေးဖြစ်သောကြောင့် ယင်း ၁၁၀၀၀၀ ကျပ်ထဲမှ   သယ်ယူစရိတ်ကားခ၊အလုပ်သမားခ နူတ်ပါက တောင်သူအတွက် ကြံတစ်တန်ကို ၁ သိန်းကျပ်အောက်သာရရှိမည်ဖြစ်ဟုသိရသည်။

ကြံစိုက်တောင်သူများအတွက် ခုနှစ်ကြံစိုက်ပျိုးမှုစရိတ်ကုန်ကျမှုသည်  ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးဆေး ၊ အလုပ်သမားငှား ရမ်းခ၊ စက်သုံးဆီစျေး၊ လယ်ယာမြေအသုံးပြုသည့်  စက်များ ငှားရမ်းခ စသဖြင့်  အားလုံး ကိုအမြင့်စျေးနူန်းဖြင့် ဝယ်ယူသုံးစွဲ ခဲ့ရကြောင်းသိရသည်။

ကြံတစ်ဧကအတွက် စိုက်ပျိုးစရိတ်ကုန်ကျမှုသည်  ထွန်ယက်စိုက်ပျိုးမှု အပေါ်မူတည်ပြီး အနည်းဆုံး   ငွေကျပ် ၁၅ သိန်းမှ  သိန်း ၂၀ အထက်ကုန်ကျမှုရှိဟုသိရသည်။

လာမည့်ဒီဇင်ဘာလတွင် ကြံများစတင်ရိတ်သိမ်းကြမည်ဖြစ်ပြီး ကြံတစ်ဧကကို ကြံတန်ချိန် ၃၀ဝန်းကျင် ထွက်လေ့ရှိပြီး စိုက်ခင်းကောင်းပါက ယင်းနူန်းထက်လည်းပိုမိုထွက်နိုင်ကြောင်း သိရသည်။

ကြံကို  ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် တောင်ပိုင်း  ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ မန္တလေးတိုင်း၊မကွေးတိုင်း၊ ရန်ကုန်းတိုင်းရှိ ဥက္ကံမြို့တွင်  စိုက်ပျိုးမှုရှိပြီး တစ်နိုင်ငံလုံးအနေဖြင့်  ကြံစိုက်ဧက ၄ သိန်း ခွဲနီးပါးရှိဟု သိရသည်။

ပြီးခဲ့သည့်   ကြံစိုက်ရာသီတွင် ကြံတစ်တန်ကို ၈၀၀၀၀ ကျပ်ဖြင့် စျေးစဖွင့်ခဲ့ပြီး  စက်ရုံအနည်းစုက ကြံတစ်တန်ကို ၁၀၀၀၀၀ သိန်းကျပ်အထိ တိုးပေးကာဝယ်ယူခဲ့ကြပြီး  သကြားစက်ရုံအများစုကတော့    ကြံတစ်တန်ကို ၈၅၀၀၀ ကျပ်က ကနေ ၉၅၀၀၀ ကျပ် အထိ အများဆုံးပေးကာ ဝယ်ယူခဲ့ကြကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *