ပြောင်းဈေးများ ဆက်တိုက်ကျဆင်းပြီး ယခုအခါ ပြောင်းတစ်ပိဿလျှင် ၉၅၀ ကျပ်သာရှိ

မိုးတွင်းကာလက ပြောင်း တစ်ပိဿလျှင် ၁၀၀၀ ကျပ်အထက်ရှိခဲ့သော ပြောင်းဈေးနှုန်း သည် ယခု စက်တင်ဘာ ကာလအတွင်း  ပြောင်း တစ်ပိဿလျှင် ၉၅၀ ကျပ်သို့ ဈေးကျဆင်းလာကြောင်း ပြောင်း ကုန်သည်များ ထံမှ သတင်းရရှိသည်။

ပြောင်းအများဆုံးစိုက်ပျိုးသည့်ရှမ်းပြည် တောင်ပိုင်း/မြောက်ပိုင်းအတွင်းရှိ တောင်ကြီးမြို့ နှင့် လာရှိုး မြို့အတွင်းရှိ ပြောင်းတစ်ပိဿပေါက်ဈေးသည် ၁၀၁၀ ကျပ် နှင့် ၁၀၃၀ ကျပ်အကြားရှိသော်လည်း  ကားလမ်းများနှင့်ဝေးသော ကျေးရွာများတွင် ပြောင်းတစ်ပိဿလျှင် ၈၀၀ ကျပ်အကြားနှင့် ၉၀၀ ကျပ် အကြားပေါက်ဈေးရှိကြောင်း ပြောင်းစိုက်တောင်သူများမှ သတင်းရရှိသည်။

“သူများတွေက တစ်ထောင်ပေါက်တယ်ပြောကြပေမယ့် ကျွန်တော်တို့ ဆိုက်ခေါင်မှာ တစ်ပိဿမှ ၈၈၀ ပဲရှိတယ်။ အရမ်းဈေးကျတယ်။” ဟု ဆိုက်ခေါင် မှ ပြောင်းစိုက်တောင်သူကိုကျော်ကပြောသည်။

ပြောင်း မျိုးစေ့များ ဈေးတက်လာခြင်း ၊ ပြောင်းတွင် သုံးရသည့် ဆေးဖြန်းဆေး ၊ မြေဆီသြဇာဈေး ၊ အ လုပ်သမားခ ဈေးများတက်လာခြင်းကြောင့် ယခုနှစ် ပြောင်းတစ်ဧကစိုက်ပျိုးစရိတ်သည် ပြောင်းတစ်ပိ ဿလျှင် ၈၀၀ အရင်းရှိသောကြောင့် တွတ်ခြေမကိုက်ကြောင်း တောင်သူများကပြောသည်။

၂၀၁၈ခုနှစ်က ပြောင်းဆံတစ်ပိဿလျှင် ၆၇၀ ကျပ်မှ ၂၈၀ကျပ်အထိ ထက်ဝက်ခန့်ဈေးကျဆင်းခဲ့ဖူး သော်လည်း ပြောင်း တစ်ပိဿလျှင် အရင်း ၁၅၀ ကျပ်သာရှိသောကြောင့် တောင်သူများ ဆုံးရှုံးနစ်နာ မှု မကြီးမားသော်လည်း ယခု ပြုတ်ကျသည့် ဈေးနှုန်းသည့် စိုက်ပျိုးစရိတ်ကြီးမားသောကြောင့် တောင် သူများ ဆုံးရှုံးနစ်နာမူများကြောင်း တောင်သူများထံမှ သတင်းရရှိသည်။

“ ပြောင်းဈေးက တိုးဝယ်လို့မရဘူး။ ဘာလို့လဲဆိုတော့ ငွေလဲနှုန်းကြောင့်ပါ။ အရင်က ၃၅ ရာခိုင်နှုန်း ၊ ၆၅ ရာခိုင်နှုန်းမှာ ပြောင်းတစ်တန်ကို ၁၇၀၀၀၀ လောက်ကွာဟပေမဲ့ အခု ၅၀ ရာခိုင်နှုန်း ၊ ၅၀ ရာခိုင် နှုန်းမှာ ကွာဟနှုန်း ကျရမှာပေါ့။ ဒါပေမယ့် ငွေလဲဈေးနှုန်းက အပြင်ပေါက်ဈေးက တက်နေတော့ နှစ် သိန်းသုံးသောင်းလောက် ကွာဟနေတယ်။ အဲဒါကြောင့် ပြောင်းက တိုးဝယ်လို့မရတာ။” ဟု တောင် ကြီးမြို့မှ ပြောင်းကုန်သည် ကိုတိုးတက်နိုင်ကပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြောင်းပေါက်ဈေးကို ငွေလဲနှုန်း ၊ FOB ဈေးနှုန်း နှင့်ပြည်ပဝယ်ယူမှုများကိုအခြေ ခံ၍ တွက်ချက်ရခြင်းဖြစ်ပြီး ယခုကာလအတွင်း FOB ပြောင်းတစ်တန်ပေါက်ဈေး ကျလာခြင်း ၊ ငွေလဲ နှုန်းများသည့် တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ် နှင့် ရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းကို လဲလှယ်ရခြင်း ၊ ကျန် ၅၀ ရာခိုင်နှုန်းကို ငွေကျပ် ၂၈၀၀ ကျပ်ဖြင့်လဲလှယ်ရခြင်းတို့ကြောင့် ပြောင်းလဲဈေးမှာတက်မ လာခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။

နိုင်ငံခြားမှ ဝယ်ယူသည့် ပြောင်းတစ်တန် ပေါက်ဈေးသည် ယခင်က တစ်တန်လျှင် ၃၂၅ ဒေါ်လာရှိသော် လည်း ယခုအခါ တစ်တန်လျှင် ၂၆၅ ဒေါ်လာ မှ ၂၈၅ ဒေါ်လာ အကြားတွင်ရှိပြီး ကမ္ဘာပြောင်းဈေးမှာ လည်း ဈေးကျဆင်းနေကြောင်း ပြောင်းကုန်သည်များမှသတင်းရရှိသည်။

“ကမ္ဘာပြောင်းဈေးကလည်းကျနေတယ်။ ထိုင်းက မဝယ်ရင်တော့ အရင်က ပြောင်းဈေးမကျဘူး။ အခု က ကမ္ဘာဈေးကလည်း ကျနေတာရယ်။ ငွေလဲနှုန်း သတ်မှတ်တာရယ်ကြောင့် ဒီဈေးဖြစ်နေတာပေါ့။ ပုံ မှန်နှုန်းဆိုရင်တော့ပြောင်းဈေးကတစ်ပိဿ ၁၇၁၄ ကျပ်ဖြစ်နေရမှာ။” ဟု ကိုတိုးတက်နိုင်ကပြောသည်။

ရန်ကုန်မြို့ ဘုရနောင်ကုန်စည်အတွင်း ပြောင်းတစ်ပိဿ ပေါက်ဈေးသည် စက်တင်ဘာလ ၂၈ ရက် နေ့က တစ်ပိဿ ၁၀၈၀ ကျပ်မှ ၁၁၀၀ ကျပ်အကြားရှိသော်လည်း ယနေ့ စက်တင်ဘာလ ၂၉ ရက် ပေါက်ဈေးမှာ ၂၀၅၀ ကျပ်သို့ ကျဆင်းလာခြင်းဖြစ်သည်။

မန္တလေးမြို့ ပေါက်ဈေးမှာ စက်တင်ဘာလ ၂၈ ရက်တွင် တစ်ပိဿ ၉၆၀ ကျပ် ပေါက်ဈေးရှိရာမှ စက် တင်ဘာလ ၂၉ ရက်တွင် တစ်ပိဿလျှင် ၉၅၀ ကျပ်သို့ ဈေးကျဆင်းလာခြင်းဖြစ်သည်။

“အမှန်က ဒီနှစ်က ပြောင်းစိုက်တဲ့သူနည်းတယ်။ အထွက်လည်း နည်းတယ်။ ဈေးတက်ရမှာ ၊ အခုကျ နေတယ်။ တစ်ပိဿ ၈၅၀ ကျပ်အထိ ကျမယ်လို့ မှန်းထားတယ်။ အစားစက်ရုံတွေကလည်း ပြောင်း ဈေး ကျနေတော့ ဈေးကို တမင်လျော့ပြီး ဝယ်ကြတယ်။ အခုက ပြောင်းဈေးကို ဝိုင်းချနေတဲ့သဘော ဖြစ်နေတယ်။ အရင်က တန်တစ်ထောင်လောက်ဝယ်တယ်။အခု တစ်ရာလောက်ပဲ ဝယ်ကြတယ်။”ဟု မန္တလေးမြို့ Nilar Pwint Shan state trading ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးမြို့ ပြောင်းဈေးကွက်တွင် နောင်ချို – မူဆယ် လမ်းပိုင်းတွင် ပေးဆောင်ရသည့် မျောကြေး သည် ဆယ်ဘီးကားတစ်စီးလျှင် သိန်း ၂၀၀ ကျပ်ရှိသောကြောင့် တရုတ် နယ်စပ်သို့ တင်ပို့မှုများရပ် နားထားကြောင်း ၊ ပြည်တွင်းအစာစက်ရုံများကိုသာအားကိုးနေရပြီး ယင်းအစာစက်ရုံများကလည်း လျော့ချဝယ်ယူမူများ ပြုလုပ်နေကြောင်း အထက်ပါပုဂိုလ်ကပြောသည်။

ပြည်တွင်းရှိ တိရစ္ဆာန်အစာစက်ရုံများကဝယ်ယူသည့် ပြောင်းဆံဈေးနှုန်းသည် ယခင်က ၁ ကေဂျီ(Kg) လျှင် ၇၂၅ ကျပ် ပေးသော်လည်း ယခုအခါ ၁ ကေဂျီ (Kg) လျှင်၆၉၀ ကျပ်သာ ဈေးပေးပြီး တန်ချိန်များလျော့ဝယ် ယူနေသည့်ဟု သတင်းရရှိသည်။

ဇွန်လအတွင်း ပြည်တွင်းပြောင်းပေါက်ဈေးသည် ရန်ကုန်မြို့တွင် ပြောင်းတစ်ပိဿလျှင် ၁၂၀၀ကျပ် ၊ မြဝတီမြို့ ပြောင်းပေါက်ဈေးမှာ တစ်ပိဿလျှင် ၁၂၂၀ ကျပ် ၊ လာရှိုးမြို့ နှင့် တောင်ကြီးမြို့ပေါက်ဈေး မှာ တစ်ပိဿလျှင် ၁၁၀၀ ကျပ်၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပြောင်းတစ်ပိဿပေါက်ဈေးသည် ၁၀၈၅ ကျပ် ရှိခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းကို ထိုင်းနယ်စပ် ၊ တရုတ်နယ်စပ်တို့မှ ဝယ်ယူသည့်အပြင် ပင် လယ်ရေကြောင်းမှတစ်ဆင့်ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ ၊ တရုတ်နိုင်ငံသို့လည်း တင်ပို့ကြ ကြောင်းသိရှိရသည်။

ပြောင်းသီးနှံသည် ရှမ်းပြည်နယ် တောင်ပိုင်း ၊ မြောက်ပိုင်းတို့၏အဓိက သီးနှံအဖြစ် စိုက်ပျိုးကြပြီး  ပြောင်းစိုက်ဧက အများဆုံးရှိသည့် ပြည်နယ်လည်းဖြစ်သည်။ ထိုအပြင် ကချင်ပြည်နယ် ၊ကယား ပြည်နယ် ၊ ဧရာဝတီတိုင်းဒေသကြီး ၊မန္တလေးတိုင်းဒေသကြီး ဧရာဝတီမြစ်ဖျားခံရာဒေသများတွင် စိုက်ပျိုးကြပြီး စိုက်ဧကပေါင်း ၂၈သိန်းခန့်ရှိသည်။

ဖြူနွေဦး(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *