ဆိတ်အရှင်စျေးကွက်ကျနေ

ပြည်ပကို ဆိတ်အရှင်တင်ပို့မှု မရှိသလောက်နည်းနေသည့်အတွက် ပြည်တွင်းစျေးကွက်မှာသာ အဓိကထား ရောင်းချနေရကြောင်း ဆိတ်မွေးမြူရေးလုပ်ကိုင်သူများထံမှသိရသည်။

ဆိတ်အရှင်ကို ယခင်က ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးမှတဆင့်တင်ပို့နိုင်ခဲ့သော်လည်း လက်ရှိတွင် တင်ပို့နိုင် ခြင်း မရှိသည့်အတွက် ပြည်တွင်းစျေးကွက်ကိုသာ အားကိုးနေရသောကြောင့် ဆိတ်အရှင်စျေးကွက်က ကျဆင်းနေဟုသိရသည်။

“လက်ရှိကပြည်ပတင်ပို့မှုမရှိသေးဘူး။လမ်းပန်းဆက်သွယ်ရေးအဓိကပေါ့။တင်ပို့တာက မြဝတီ၊မူဆယ် ၊တာချီလိတ် ဘက်ကနေပို့ရတာပါ။အသားတိုးရောင်းတာက လွန်ခဲ့တဲ့ ၄ လ ၅ လလောက်က တစ်ပေါင်ကို ၃၀၀၀ ကျော်ထိရတယ်၊ တစ်ပိဿာ ကို ၁၁၀၀၀ လောက်ထိရဘူးတယ်။ အခုလောလောဆယ်ကတော့ကျနေတာပေါ့။ ” ဟု မိတ္တီလာမြို့ရှိ ဆိတ်အကောင်ရေ ရာချီမွေးမြူရေးလုပ်ကိုင်နေသူ ကိုထူးမှပြောပြသည်။

လက်ရှိဆိတ် အရှင်စျေးကွက်တွင် သားသတ်ဆိုအတွက်ကို ပေါင်ချိန်၊ ပိဿာ ၂ မျိုးဖြင့်ဝယ်ယူမှုရှိပြီး တစ်ပေါင်ကို ၂၂၀၀ ဝန်းကျင်ကာ ပိဿာအနေနဲ့ဆိုရင် တစ်ပိဿာ ကို ၇၉၀၀ ဝန်းကျင် စျေးရှိကြောင်းသိရသည်။

မွေးမြူရေးလုပ်နိုင်မည့် ဆိတ်အရွယ်စျေးအနေဖြင့် ဆိတ်တစ်ကောင် သက်တမ်း ၇ လမှ ၈ လကြား မဒန်းအရွယ်ဆိတ်တစ်ကောင်ကို ၈၀၀၀၀ ကျပ်မှ ၁ သိန်းဝန်းကျင် ရှိပြီး ဆိတ်အသက်တစ်နှစ်ကျော် သားပေါက်ပြီး ဆိတ်မများအနေဖြင့်မူ ၁၂၀၀၀၀ မှ ၁၄၀၀၀၀ ကျပ်အထိရှိကြောင်းသိရသည်။

” သားသတ်ဖို့ကျတော့ အကြီးတန်းမှာမှ အချိန် ၃၀ အပေါ် တန်းကိုအဓိကထားဝယ်တယ်၊တစ်ကောင်ကိုမှ တစ်ပေါင်ကို ၂၂၀၀ စျေးပေါ့။ဒီဘက်က ပေါင်နဲ့သွားတယ်။ပိဿာဆိုရင် ၃.၆ နဲ့မြှောက်ရမှာပေါ့။အထီးတွေရောင်းတာများတယ်၊အမဆိုရင် သားမမွေးတဲ့အမြုံအဖိုပေါ့ဒါမျိုးတွေကိုရောင်းတယ်။ပွဲစားတွေကနေပဲရောင်းရတာများတယ်။ဒိုင်တိုက်ရိုက်ကသိပ်မရှိဘူး။ပြီးခဲ့တဲ့ လလောက်ကဆိုပိုဆိုးတယ်၊စျေး ကျတာက တစ်ပေါင် ၁၄၀၀ ၁၅၀၀ လောက်ဖြစ်သွားသေးတယ်ခုကနည်းနည်းလေး ပြန်တက်လာတာပေါ့ ” ဟု နောက်ထပ်ဆိတ်မွေးမြူရေးလုပ်ကိုင်သူတစ်ဦးမှပြောသည်။

ဆိတ်စျေးကွက်သည် နှစ်သစ်ကူး ၊ ပျော်ပွဲရွှင်ပဲများ ၊ မတူညီတဲ့ဘာသာဝင်တွေရဲ အထိမ်းအမှတ်ပွဲကျင်းပတဲ့ရာသီတွေနှင့် ပွင့်လင်းရာသီမျိုးမှာ စျေးနူန်းကောင်းလေ့ရှိပြီး မိုးတွင်းကာလတွင် ဆိတ်အရှင်စျေးကွက် ကျဆင်းတတ်ကြောင်းသိရသည်။

ဆိတ်များသည် ပူပြင်းသောရာသီဥတုမျိုးတွေကြီးထွားမှုနူန်းကောင်းပြီး မိုးရာသီတွင် ကြီးထွားမှုနှေးသည့်အပြင် ရောဂါဖြစ်ပွားကာ သေဆုံးမှုများလည်းရှိတတ်ကြောင်းသိရသည်။

” ဆိတ်တွေသေလို့ အရမ်းဂရုစိုက်နေရတယ်၊တနေကုန် လွှစာမီးဖိုပေးထားရတယ်၊ခြင် ယင်မရှိအောင်ပေါ့။သန့်ရှင်းရေးလဲနေ့တိုင်းလုပ်ရတယ်။ကျမတို့ဘက်ကတော့ ပိဿာနဲ့ပဲရောင်းရတယ်။ဆိတ်အကြီးဆုံးမှ အချိန် ၂၅ လောက်ပဲရှိတယ်၊အဲ့ဒါအထီးပါ ” ဟု ပဲခူးအနောက်ပိုင်းမှ ဆိတ်မွေးမြူသူ မရွှေစင်မှပြောသည်။

ဆိတ်တစ်ကောင်သည် တစ်နှစ်လျှင် နှစ်ကြိမ် သားပေါက်ပြီး တစ်ကြိမ်လျှင် အများဆုံး ဆိတ်တစ်ကောင်မှ ၂ကောင်ပေါက်လေ့ရှိပြီး တစ်ခါတစ်ရံ ၃ ကောင်ပေါက်ဖွားမှုလည်းရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်ဆိတ်အမျိုးအစားသုံးမျိုးရှိရာ ယင်းတို့မှာ ထိန်စမ်းမျိုး၊ ဂျိတ်နီမျိုး နှင့် ဝေသာလီဆိတ်မျိုးတို့ဖြစ်ပြီး ဆိတ်မွေးမြူရေးကို အညာဒေသတွင်ပိုမိုလုပ်ကိုင်ကြကြောင်းသိရသည်။

ဆိတ်မွေးမြူရေးလုပ်ငန်းသည် အခြားသော မွေးမြူရေးလုပ်ငန်းများထက် အစာစရိတ်ကုန်ကျမှု နည်းသော လုပ်ငန်းဖြစ်ကြောင်း၊ ဆိတ်အစာအတွက် မြက်ခင်းပြင်လွှတ်ကြောင်းသည့်စနစ်နှင့် ဖြည့်စွက်စာအဖြစ် ပဲဖတ်၊ပဲမှော်၊ဝါစေ့ဖတ် ၊နေ ဗီယာမြက် စသဖြင့် ကျွေးမွေးကြကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *