ဖရဲစျေးကွက်ကျဆင်း ဝယ်လိုအားမရှိဖြစ်နေ

မြန်မာ့ဖရဲသီး တရုတ်စျေးကွက်ကိုတင်ပို့ရောင်းချမှု တွက်ချေမကိုက်သည့်အတွက် တင်ပို့မှုရပ်နားကာ ရန်ကုန်စျေးကွက်ကိုသာ ပြောင်းလဲတင်ပို့ရောင်းချနေရကြောင်းကုန်သည်များထံမှသိရသည်။

တရုတ်စျေးကို ဖရဲသီးတင်ပို့ရောင်းချရာတွင် ၁၂ ဘီးကားတစ်စီး ဖရဲသီးကုန်ပစ္စည်းဖိုးနှင် အထွေထွေကုန်ကျသရိတ်အပါ ၇၅ သိန်း ဝန်းကျင်ကုန်ကျမှုရှိပြီး ဖရဲသီးပြန်လည်ရောင်းချရသည်ငွေက သိန်း ၆၀ ဝန်းကျင်သာရှိသဖြင့် ကားတစ်စီးကို ၁၅ သိန်း လောက်ဆုံးရှုံးမှုရှိနေခြင်းဖြစ်ဟုဆိုသည်။

သို့အတွက်ကြောင်း ဖရဲကားများသည် ရန်ကုန်စျေးကွက်သို့ တင်ပို့ရောင်းချနေသဖြင့် ရန်ကုန်စျေကွက်တွင်လည်း ဖရဲကားများ ဝင်ရောက်မှုများပြီး ဝယ်လိုအားက မရှိသလောက်နည်းနေသည့်အတွက် စျေးနူန်းက ကျဆင်းနေဟုသိရသည်။

“မူဆယ်နယ်စပ်ကလည်းဘယ်လိုမှမကိုက်ဘူး၊တရုတ်ကလည်းဖရဲသီးပေါ်နေတယ်ဆိုတော့ အဝယ်မလိုက်ဘူး။ ဒီကနေ မူဆယ်ကို ကားတစ်စီးတက်သွားရင် သိန်း ၇၅ ကနေ ၈၀ ကြားကုန်တယ်၊ကားခတို့ အထွေ ထွေစရိတ်အပါပေါ့ဟိုမှာရောင်းရတာက တစ်တန်က ၁၂၀၀ ၁၀၀၀ ပဲရောင်းသရတော့ဘယ်လိုမှမကိုက်တော့ဘူး၊ဒီတော့ ထွက်ပေါက် ဖြစ်တဲ့ရန်ကုန်ကို မနေ့ကနဲ့ဒီနေ့(30,1)မှာ ဒညင်းကုန်းနဲ့သီရိမင်္ဂလာစျေးကို အစီး၁၀၀ လောက်ဝင်တယ်၊အဲ့တော့လက်ရှိက အဝယ်မရှိဘူး အပျက်အစီးများပြီးဝယ်သူပေးတဲ့စျေးနဲ့ပဲရောင်းနေရတယ်။ဖရဲသီးက ရာသီဥတုနဲ့လည်းဆိုင်တယ်၊ရောင်းလိုအားနဲ့ဝယ်လိုအားမမျှတာလည်းပါတယ်။ ” ဟု ဒညင်းကုန်းစျေးတွင် ဖရဲသီးပွဲရုံဖွင့်လှစ်ထားသည့် ကိုသစ္စာ မှပြောပြသည်။

ရန်ကုန်စျေးကွက်ကို မိတ္တီလာ ၊ချောင်းဦး၊ကျောက်ဆည်၊မြင်းခြံ ၊ တပ်ကုန်း စသည့် နယ်ဒေသအစုံမှ ဖရဲသီးများဆက်တိုက်ဝင်ရောက်နေပြီး ချောင်းဦးမှ ရန်ကုန်ကို ကားငှားစရိတ်သည် ၁၈ သိန်းခွဲ မှ ၁၉ သိန်းအထိကုန်ကျပြီး ဖရဲသီးကုန်ပစ္စည်းဖိုးနှင့်အထွေထွေစရိတ်အပါအဝင်ဆိုရင် သိန်း၅၀ မှ သိန်း ၆၀ အထိကုန်ကျမှုရှိကြောင်း ၊ လက်ရှိပြန်လည်ရောင်းချရာ၌ သိန်း ၅၀ အောက်သာရောင်းချနေ ရဟုသိရသည်။

လက်ရှိတွင် တရုတ်ဘက်ကို ဖရဲသီးတင်ပို့ရန် အော်ဒါရရှိသည့်ကုန်သည်အချို့သာ တင်ပို့မှုရှိနေကြောင်းသိရသည်။

” ဖရဲကား အနည်းငယ်တော့သွားတာတွေ့ရတယ်၊အော်ဒါရတဲ့သူတွေပေါ့။စျေးကွက်ကတော့မတည်ငြိမ်တော့ပြောရခက်တယ် ” ဟုမူဆယ်နယ်စပ်ကုန်သည်တစ်ဦးမှမှတ်ချက်ပြုသည်။

ယခင်ကမြန်မာ့ ဖရဲသီးသည် တရုတ်စျေးကွက်တွင် ၁၆ ဘီးကားတစ်စီးကို တရုတ်ယွမ်ငွေ ၁၁၀၀၀၀ အထိအမြင့်စျေးနူန်းရရှိခဲ့သော်လည်း လက်ရှိတွင် ကားအစီးပြတ်ကို တရုတ်ယွမ်ငွေ ၈၀၀၀ မှ ၁၂၀၀၀ အထိသာရရှိနေကြောင်းသိရသည်။

ဖရဲသီး စျေးကွက်ကျဆင်းသည့်အတွက် ဖရဲစိုက်တောင်သူများ အကျိုးအမြတ်ရရှိမှုနည်းသလို ကုန်သည်များ၊ပွဲရုံများလည်း အကျိုးအမြတ်ရရှိမှုနည်းကာ အရှုံးနှင့်ပင်ရင်ဆိုင်ရမှုများရှိကြာင်းသိရသည်။

“စိုက်တဲ့အပေါ်မူတည်ပြီး ထွက်နူန်းမတူဘူး။တစ်ဧက ၈ တန်၉ တန်ထွက်သူလည်းရှိတယ်၊ဒါက တနိုင်တပိုင်စိုက်သူတွေပေါ့၊စီးပွားဖြစ်စိုက်တဲ့သူတွေကျ ၁၅ တန်ကနေ ၁၇ တန်ထိထွက်တယ်။ဖရဲတစ်ဧကကို သေချာစနစ်တကျ ၊ မြေဩဇာသုံးမယ်ဆိုရင် ၄၅ သိန်းလောက်ကုန်တယ်။ဒါက ၁၅ တန်ကနေ ၁၇ တန်ထွက်တယ်။ ဒါတွေက ပြည်တွင်းစျေးကွက်ကို ရောင်းချမယ်ဆိုရင်အကိုက်ဘူး ရှုံးတယ်။သွင်းအားစုစျေးတွေကလည်း ၃ ဆလောက်တက်သွားတယ်၊စက်သုံးဆီကလည်းတစ်ဂါလံ ၁၀၀၀၀ ကျော်နေပြီ၊လုပ်သားတစ်ယောက်ကလည်း တစ်ရက် ၉၀၀၀ ရှိတယ်။မိုးရာသီက ကုန်ကျစရိတ်တော့နည်းတယ်၊တပိုင်တနိုင်၄ဧက ၅ ဧကသမားလေးတွေစိုက်ကြတာ၊ သဘာဝနည်းနဲ့စိုက်ကြတာများတယ်”ဟု ဖရဲစိုက် တောင်သူတစ်ဦးမှပြောသည်။

ယခုမိုးရာသီကာလတွင် ဖရဲစိုက်ပျိုးခြင်းကို စီးပွားဖြစ်လုပ်ကိုင်သည့်လုပ်ငန်းရှင်များက စိုက်ပျိုးမှုရပ်နားထားကြပြီး တနိုင်တပိုင် လုပ်ကိုင်ကြသည့် တောင်သူများကသာစိုက်ပျိုးကြကြောင်းသိရသည်။

ဖရဲသီးကို ပြည်ပတင်ပို့မှုအနေဖြင့် ယခု၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ဖရဲတန်ချိန် ၁၁၃၀၀၀ ကျော်  တရုတ်နိုင်ငံကို တင်ပို့နိင်ခဲ့ကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *