အသားတိုးဝက် ခြံဖမ်းစျေး ဆက်တိုက်ကျဆင်း

အသားတိုး ဝက်မွေးမြူရေးလုပ်ငန်းတွင် ဝက် ခြံဖမ်းစျေးဆက်တိုက်ကျဆင်းလာနေသဖြင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အရှုံးပေါ်နေကြောင်းသိရသည်။

အသားတိုးဝက် ခြံဖမ်းစျေးသည်  မေလကုန်ပိုင်းအထိ အနိမ့်ဆုံး တစ်ပိဿာကို ၁၀၀၀၀ ကျပ်အထိရှိခဲ့ရာမှာ  စျေးနူန်းဆက် တိုက်ကျဆင်းလာခဲ့သည့်အတွက် လက်ရှိတွင် အသားတိုးဝက် တစ်ပိဿာကို ခြံဖမ်းစျေး ၈၀၀၀ ကျပ်အောက် အထိပင် ကျဆင်းနေကြောင်းသိရသည်။

” ဝက်နာတွေစျေးကွက်ကို ဝင်နေလို့ဆိုပြီး ဝက်စျေးက ဆက်တိုက်ကိုကျလာတာခုထိပဲ ၊ စျေးကျတဲ့လတွက်ကြည့်ရင် ၄ လကျော်ပြီ ဆက်တိုက်ကျလာတာ၊ ၅ လပိုင်းမှာ ပြည်မြို့ဝက်စျေး ၁၀၇၀၀ အထိတက်ပြီး ၅လပိုင်းအကုန်မှာ ၁၀၂၀၀ ထိကျတယ်၊အဲ့ကနေကျလာလိုက်တာ ၉၀၀၀ ကျော်၊၉၀၀၀ နဲ့ အခုဒီနေ့ မေးကြည့်တော့ ၈၄၀၀ စျေးပဲရှိတော့တယ်။ပွဲစားတွေက အဝယ်တောင်သိပ်မရှိဘူး၊ အခု အစာစျေးတွေက အတက်နဲ့ဆိုတော့ ရှုံးနေပါပြီ၊” ဟု ပြည်မြို့နယ် ဝက်မွေးမြူရေးလုပ်ကိုင်သူ ကိုစိုးမြင့် မှ ပြောသည်။

အသားတိုးဝက် ခြံဖမ်းစျေးသည် နေရာ ဒေသတစ်နေရာနှင့်တစ်နေရာ စျေးနူန်းကွာခြားမှုရှိရာ ပဲခူးတိုင်းတွင် အသားတိုးခြံ ဖမ်းစျေးက တစ်ပိဿာကို ၈၀၀၀ မှ ၈၇၀၀ အထိရှိပြီး မွန်ပြည်နယ် နှင့် ဧရာဝတီတိုင်းတွင် ခြံဖမ်းစျေးသည် တစ်ပိဿာကို အနိမ့်ဆုံး ၇၆၀၀ စျေးတန်းအထိကျဆင်းနေကြောင်းသိရသည်။

Animal Health Care – Myanmar မှ အောက်တိုဘာ  ၄ ရက်နေ့ ထုတ်ပြန်သည့် ဝက်ခြံဖမ်းစျေးများ၌ ရန်ကုန်တွင် ဝက်ခြံဖမ်းစျေး တစ်ပိဿာ  ၉၆၀၀ ကျပ် ၊ မန္တလေးတွင်  ၉၈၀၀ကျပ်၊ပြည်မြို့တွင်  ၉၂၀၀ ကျပ်၊မြစ်ကြီးနားတွင် ၉၂၀၀ ကျပ်၊မကွေး တွင် ၉၈၀၀ ကျပ် ၊လားရှိုးတွင် ၁၀၇၀၀ ကျပ်၊တောင်ကြီး ၁၀၂၀၀၊ဧရာဝတီ၊ပြင်ဦးလွင် ၁၀၀၀၀ကျပ်၊ကျောက်မဲ ၁၀၂၀၀၊ပဲခူး ၉၅၀၀ ကျပ်၊နေပြည်တော် ၉၃၀၀ ကျပ်၊ပုသိမ် ၉၀၀၀၊မုံရွာ ၉၈၀၀၊မိတ်တ္တီလာ ၉၈၀၀ ကျပ်နှင့် မော်လမြိုင်တွင် တစ်ပိဿာ ၈၃၀၀ ကျပ်တို့ဖြစ်ကြောင်းသိရသည်။

” ဝက်စျေးက အရမ်းကိုကျနေတာပါ၊စိတ်ဓာတ်တွေတောင်ကျတယ်။မနှစ်ကဒီအချိန်မှာတောင် ဝက်စျေး ၉၀၀၀ လောက်ပေါက်ပါတယ်။ခုဖြစ်နေတဲ့စျေးက မနှစ်ကထက်ကိုထိုးကျနေတာ။ဝက်ခြံတွေမှာလည်း ရောဂါတွေဖြစ်ကြတော့ စိုးရိမ်ပြီးရတဲ့စျေးနဲ့ပဲ  ရောင်းလိုက်ရတယ်။ရှုံးပါတယ်။အချိန်တွေ၊နေ့စဥ် လုပ်အားတွေ ရင်းနှီးမြုတ်နှံမှု တွေပါ။ ဝက်စျေးသာကျတာ ဝက်စာစျေးကတော့ခုထိတက်လို့ကောင်းဆဲပါ ” ဟု မွန်ပြည်နယ် မှဝက်မွေးမြူရေးလုပ်ကိုင်သူ မဇင်မာဌေးမှပြောပြသည်။

မွေမြူရေးအစာများဖြစ်သည့် ကုမ္ပဏီမှ အသင့်အစာစျေးနူန်းသည်လည်း မြင့်တက်လာခြင်း၊ ဖွဲနု၊ဇကွဲစျေး မြင့်တက်နေခြင်း၊ ဝက်ရောဂါဖြစ်ပွားမည်ကို စိုးရိမ်ရသော ကြောင့် ဝက်မွေးမြူရေးသမားများအနေဖြင့် ဝက်များကိုအရှုံးခံပြီး ရောင်းချနေရကြောင်းသိရသည်။

ဝက်တစ်ကောင်ကို စတင်မွေးဖွားသည့်အချိန်မှ ရောင်းတန်းဝင်အထိဆိုရင် အနည်းဆုံး အချိန် ၅ လခွဲထိမွေးမြူရပြီး ပိဿာချိန်အနေဖြင့် ဝိတ်တန်း ၆၀ ဝန်းကျင် ရရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် လက်ရှိတွင် တစ်ကောင်ကို ၅ သိန်းဝန်းကျင် ကုန်ကျမှုရှိနေကြောင်းသိရသည်။

ဝက် ဝယ်ယူသည့် ကြားခံ ဝက်ဝယ်ပွဲစားများကမူ ဝက်စျေးသည် သတင်းကျွတ်ကျော်မှသာ ပြန်လည်ကောင်းမွန်နိုင်ကြောင်း ၊ ယခုရက်ပိုင်းတွင်မူ စျေးထက်မံကျဆင်းနိုင်ဟုပြောဆိုနေကြသည်။

လက်ရှိတွင် ဝက်ခြံဖမ်းစျေးကသာကျဆင်းနေပြီး ဝက်သားစျေးက ကျဆင်းခြင်းမရှိဘဲ ဝက်သား အသား ၁ပိဿာကို ၁၈၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်အထိပင် ရှိကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *