မည်သည့် စပါးမျိုးကို ’မျိုးကောင်း’ဟု ခေါ်ဆိုမည်နည်း?

စမ်းသပ်မှု အဆင့်ဆင့် ဆောင်ရွက်၊ သုတေသနပြုပြီး အမျိုးသားမျိုးစေ့ ကော်မီတီ (National Seed Committee) မှ အတည်ပြု ထုတ်ဝေထားသည့် စပါးမျိုး အားလုံးသည် သက်ဆိုင်ရာ ရေမြေ အခြေအနေတွင် ’မျိုးကောင်း‘ များချည်း ဖြစ်သည်။

“မျိုးကောင်း တစ်စေ့ကို ကျောက်ကောင်း တစ်လုံးနှင့် မလဲနိုင်” “မျိုးစေ့ မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်း” “Better seed means better srops” သီးနှံ စိုက်ပျိုးထုတ်လုပ် (Crop Production) ရာတွင် ဂရုတစိုက် ထွန်ရေး တမန်း ကောင်းရန် မြေပြုပြင်၊ မြေသြဇာ စနစ်တကျကျွေး၊ ပိုးသတ်ဆေး၊ ရောဂါ ကာကွယ်ဆေး၊  ပေါင်းသတ်ဆေး၊ သွင်းအားစု အကုန်သုံး၊  ရေသွင်း ရေထုတ် မှန်ကန်စသည်ဖြင့် အစွမ်းကုန် ဆောင်ရွက် စေကာမူ စိုက်ပျိုးရာတွင် အသုံးပြုသော မျိုးစေ့များက (ဒေသမျိုး၊ အထွက် ကောင်းမျိုး၊ စပ်မျိုး၊ မည်သည့်မျိုးဖြစ်ပါစေ) မျိုးမစစ် မျိုးမသန့်အပင်ပေါက် ညံ့ဖျင်းလျင် အချိန်ကုန် ငွေကုန် စက်အား လူအား အပင်ပန်းခံ၍ ကြိုးပမ်းသမျှ သည် မျှော်မှန်းသလို မဖြစ် အချည်းအနှီးသာ ဖြစ်သွားမည်ကို သတိမူသင့်ပါသည်။

သို့သော် မိမိရေမြေ၊ မိမိလယ်မြေ၊ မိမိအကြိုက်ကို ဆုံးဖြတ်မည့်သူမှာ စိုက်ပျိုးသူ လယ်သမားသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ စပါးစိုက်ပျိုးရာ ရေမြေ သဘာဝ ဒေသ အမျိုးမျိုး ကွဲပြားခြားနားလျက် ရှိသည်။

မိမိ လယ်မြေဒေသ၊ စိုက်ချိန်၊ ရာသီနှင့် ကိုက်ညီခြင်း၊ အထွက်ကောင်းခြင်း၊ အထွက် တည်ညိမ်ခြင်း၊ ဝမ်းစာအဖြစ် စားသုံးနိုင်ခြင်း စသည့် အရည်အချင်းများကို စိုက်ပျိုးသူ လယ်သမားသာ သိပါသည်။

ထိုမျှမက စပါးစိုက်ခင်းများ၌ ကျရောက်လေ့ ရှိသော ဘက်တီးရီးယား ရွက်ခြောက်ရောဂါ၊ ဘက်တီးရီးယား ရွက်စင်းရောဂါ၊ စပါးဆစ်ပိုး၊ စပါးအညိုရောင် ဖြုတ်ပိုးစသည့် ပိုးမွှားရောဂါဒဏ်များကို ခံနိုင်မခံနိုင် တို့ကို စိုက်ပျိုးသူ လယ်သမားသာ သိပါသည်။

၎င်းပြင် မိမိရပ်ရွာ၌ ရောင်းဝယ် ဖေါက်ကားသူ၊ ကြိတ်ခွဲသူ၊ ဝယ်ယူ စားသုံးသူ၊ နှစ်သက်သည့် အရည်အသွေးရှိမရှိ၊ စိုက်ပျိုးသူ လယ်သမားသာ သိပါသည်။

မိမိလယ်မြေ၌ စိုက်ပျိုးစဉ်၊ စပါးမျိုးအလိုက် သင့်တော်သည့် ကောက်ကွက်၊ စိုက်ချိန်၊ စိုက်စနစ်၊ မြေသြဇာ ထည့်သွင်းမှု စသည့် ပုံမှန်ပြုစုသည့် အခြေအနေတွင် ယိုင်လဲမှုကိုခံနိုင်သော၊ ယိုင်လဲခြင်းမရှိသော စပါးမျိုးဖြစ်မဖြစ် စိုက်ပျိုးသူ လယ်သမားသာ သိပါသည်။

သက်တမ်းအလိုက် သီးပွင့်ရင့်မှည့်သည့် စပါးမျိုးများကို မိုး၊ နွေ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးသည့် ရာသီ၊ သီးနှံပုံစံတို့ အလိုက် စပါးအပြီး ယာသီးနှံ၊ ယာသီးနှံအပြီး စပါး၊ စပါးအပြီး စပါး စသည် တစ်သီးပြီး တစ်သီး စိုက်ပျိုးနိုင်ရန် သင့်တော်သည့် သက်တမ်း ရှိမရှိကိုလည်း စိုက်ပျိုးသူ လယ်သမားသာ သိပါသည်။

စိုက်ပျိုးသူ လယ်သမားများသည် သူ့ရေမြေ၊ သူ့လိုအပ်ချက်နှင့် ကိုက်ညီသည့် မျိုးကိုသာ  ရွေးချယ်ပြီး စပါးမျိုးကောင်း အဖြစ် ဆက်လက် စိုက်ပျိုးလေ့ ရှိပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *