မူဆယ် ကျင်စန်းကျော့ကနေ ဝမ်တိန်ကို ယာဉ်မောင်းတွေ ဝင်ရောက်ခွင့် အတွက် TBP ကဒ် ထုတ်ပေးမည်

မူဆယ် ကျင် စန်းကျော့ဂိတ်မှ ဝမ်တိန်ကို ပစ္စည်းသယ်ယူပို့ဆောင်နေသည့်  ကုန်ကားသမားများကို ဝမ်တိန်ထဲကို  တိုက်ရိုက်ဝင်ရောက်နိုင်မည့်  Temporary Border pass – TBP တစ်ခါသုံးကဒ်များကို အောက်တိုဘာလ ၆ ရက်နေ့တွင်စတင် ထုတ် ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတစ်ခါသုံးကဒ် လျှောက်ထားရန်အတွက် အမည်၊ မှတ်ပုံတင်မိတ္တူ (A4)စာရွက်ပေါ်တွင် မှတ်ပုံတင်(ရှေ့/နောက်) တစ်မျက်နှာ၊ (၃) အိမ်ထောင်စုဇယားပါလိပ်စာ၊ အိမ်ထောင်စုဇယားတွင်ပါရှိသော (EID)နံပါတ်၊ ကားနံပါတ်၊ဆယ်သွယ်ရမည့် ဖုန်းနံပါတ် အပါအဝင် ပွဲရုံအမည်တို့လိုအပ်ကြောင်းသိရသည်။

ထို့ကြောင့်သစ်သီး ပွဲရုံများအနေဖြင့် မိမိတို့ပွဲရုံမှသစ်သီးတင်ဆောင်လာသောယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များ၏ ကိုယ်ရေးအချက်အလက်များအားကုန်စည်ဒိုင်သို့ ၁ ရက်ကြိုတင်ပြီး စာရင်းပို့ပေးရမည်ဖြစ်ကြောင်းသိရသည်။

” လောလောဆယ် တော့ TBP ကဒ်တွေလုပ်ပေးမယ်လို့သိရတယ်၊ဒီကတ်နဲ့ဆိုရင် ဝမ်တိန်ကို တိုက်ရိုက်မောင်းပြီးသွားနိုင်ပြီ၊မဟုတ်ရင် တရုတ်ယာဉ် မောင်းငှားတဲ့ရှန်တိမ်စနစ်နဲ့ သွားနေရတာပေါ့။ အခုတော့ ရှန်တိန်စနစ် မရှိရင် ကုန်ကျစရိတ်တွေသက်သာသွားပါမယ်။မနက်ဖြန်စထုတ်ပေးမယ်လို့တော့သိရပေမယ့် ဘယ်အချိန်ဘယ်လိုထုတ်ပေးမယ်ဆိုတာတော့ သေချာမသိရသေးဘူး ” ဟု မူဆယ် နယ်စပ်ကုန်သည်တစ်ဦးမှပြောပြသည်။

ဝမ်တိန်ကို ကုန်ပစ္စည်းတင်ပို့ရာတွင်  မြန်မာယာဉ်မောင်းများကို ဝင်ရောက်ခွင့်ပိတ်ထားသည်မှာ.ကိုဗစ် ကပ်ရောဂါကာလ တည်းကဖြစ်ကြောင်း ၊ ယင်းနောက် ၂၀၂၂ ခုနှစ်ကုန်ပိုင်းထဲတွင် တရုတ်ယာဉ်မောင်းအစားထိုးရှန်တိန်စနစ် ဖြင့် ကုန်စည်ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ တွင် မူဆယ်အိမ်ထောင်စုရှိသည့်  မြန်မာယာဉ်မောင်းအချို့ကို စာအုပ်အနီပြုလုပ်ပြီး တရုတ်ဘက်ကို ဝင်ရောက်ကာ ပစ္စည်းပို့ခွင့် စတင်ခွင့်ပြုခဲ့ပြီး လက်ရှိတွင်မူ တစ်ခါသုံး TBP ကဒ်များဖြင့် မြန်မာယာဉ်မောင်း၊ယာဉ်နောက်လိုက်များပါ အားလုံးဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

” တရုတ်ယာဉ်မောင်းတွေငှားရတာက တာဝန်ယူမှုတာဝန်ခံမှု မရှိဘူး၊ဒီတော့ ကုန်တွေကို ထည့်မပေးချင်ကြဘူး၊ခု မြန်မာယာဉ်မောင်းတွေကို တရုတ်ဘက်ဝင်ထွက်ခွင့်ပေးလိုက်ပြီဆိုတော့ တရုတ်ယာဉ်မောင်းငှားရမ်းခနူန်း ကုန်ကျမှုမရှိတော့သလို ကုန်ပစ္စည်းအတွက်လည်းစိတ်ချရမှုရှိသွားတာပေါ့  ” လို့ မူဆယ်နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးမှပြောသည် ။

မြန်မာယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်အားလုံး ကျင်စန်းကျော့ဂိတ်ကနေ ဝမ်တိန်အထိ တိုက်ရိုက်မောင်းနှင်နိုင်ပါက တရုတ်ယာဉ်မောင်းငှားရမ်းခငွေကြေး၊ တရုတ်ဘက်ခြမ်းမှာညအိပ်စောင့်ဆိုင်းရသည့် နေထိုင်စားသောက်စရိတ်၊စသဖြင့် အထေထွေကုန်ကျမှုစရိတ်များ သက်သာသွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ အရှေ့မြောက်တံခါးပေါက်ဖြစ်သည့် မူဆယ် နယ်စပ်ဂိတ်သည်   မြန်မာ့နယ်စပ် ပို့ကုန်၏  ၇၀ ရာခိုင်နှုန်း ကျော်ခန့် တင်ပို့အများဆုံးဖြစ်ကြောင်းသိရသည်။

ကျင်စန်းကျော့ဂိတ်ကနေ တရုတ်ပြည် ဝမ်တိန်ကို အဓိကတင်ပို့နေသည်မှာ လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ဆန်ကွဲ၊ပဲ နှင့် ဖရဲ သီး သရက်သီး စသဖြင့် တင်ပို့နေခြင်းဖြစ်ဟုသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *