မနက်ဖန်မှ စပြီး တနိုင်ငံလုံးတွင် မိုးရွာသွန်းနိုင်သဖြင့် တောင်သူများ သီးနှံပျက်စီးမရှိရန် ဂရုစိုက်ရန်လိုအပ်

မြန်မာတစ်နိုင်ငံလုံး မနက်ဖန် အောက်တိုဘာလ ၇ ရက်နေ့မှစပြီး မိုးရွာသွန်းခြင်း၊ လေတိုက်ခြင်း၊လျှပ်စီးမိုးကြိုး အန္တရာယ်များဖြစ်ပွားလာနိုင်ကြောင်း လေကြောင်းမိုးလေဝသပညာရှင် ဦးဝေဖြိုးဟန်မှပြော သည်။

အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ညနေပိုင်းအချိန်မှစပြီး အရှေ့ဘက်မှလာသောလေပွေလှိုင်းနှင့် အိန္ဒိယမုတ်သုံလေတို့ စုဆုံမှုကြောင့် မြန်မာတစ်ပြည်လုံးတွင် မိုးရွာသွန်းမှုကို ကြုံတွေ့ရနိုင်ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် မိုးနည်းရပ်ဝန်းဖြစ်သည့်  မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတို့တွင် အောက်တိုဘာလ ၁၃ ရက်နေ့ဝန်းကျင်အထိ မိုးရွာသွန်းနိုင်ကြောင်းသိရသည်။

” မကွေး၊စစ်ကိုင်း၊မန္တလေး၊ပဲခူးအနောက်မှာ မိုးရွာရက်က  ၁ပတ်လောက်ကြာအောင်ကို ရွာနိုင်တယ်။နောက်ပြီး မိုးရော၊ လေရော၊လျှက်စီးမိုးကြိုးရောအစုံလာနိုင်တယ်လို့ခန့်မှန်းတွက်ချက် ရရှိထားပါတယ် ” ဟု လေကြောင်းမိုးလေဝသပညာရှင် ဦးဝေဖြိုးဟန်မှပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးကယားပြည်နယ် ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကချင်ပြည်နယ်၊ နှင့် မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင်လည်း လာမည့် အောက်တိုဘာလ ၇ ရက်နေ့မှစပြီး အောက်တိုဘာလ ၂၀ ရက်နေ့အထိ မိုးများစွာရွာသွန်းနိုင်ကြောင်းခန့်မှန်းထားသည်။

ထို့ကြောင့် နေသာချိန်သည် ယနေ့ အောက်တိုဘာလ ၆ ရက်နေ့တစ်ရက်သာ ကျန်ရှိတော့သဖြင့် သီးနှံရိတ်သိမ်းကြမည့် တောင်သူများအနေဖြင့် ရာသီဥတုကို ခန့်မှန်းတွက်ချက်ကာလုပ်ဆောင်ကြရန်လည်း  ပြောဆိုထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်  ၁၄ ရက်နေ့နောက်ပိုင်းမှစပြီး မိုးရွာသွန်းမှု နည်းကာ ကွက်ကျားမိုးအဆင့်သာ ရွာနိုင်ဖွယ်ရှိကြောင်း သတိပေးထား သည်။

မိုးဘေဝသနှင့်ဇလဗေဒညွှ်ကြားမှုဦးစီးဌာနကလည်း  တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာ နိုင်ပြီးနေပြည်တော်နှင့် ရန်ကုန် ၊မန္တလေးမြို့ အနီးတစ်ဝိုက်မှာလည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း အောက်တို ဘာလ ၅ ရက်နေ့ညပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အယ်လ်နီညိုရာသီဥတု စတင်ကြုံတွေ့နေရပြီဖြစ်ကြောင်းကိုလည်း မိုးဇလမှ သတိပေး ထားသည်။

ညိုပြာဝိုင် (AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *