အုန်းသီးကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်ပြီး ပြည်တွင်း ပြည်ပကို စျေးကွက်ချဲ့ထွင်မည်

အုန်းသီးကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြည်တွင်း၌သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှစီစဉ်နေကြောင်း သိရသည်။

သို့အတွက်ကြောင့် လက်ရှိတွင် အုန်းသီးအခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် အုန်းသီးရေခဲမုန့်၊ အုန်းစိမ်းဂျယ်လီ၊ အုန်းဆီ၊ အုန်းနို့မှုန့်၊ အုန်းသီးချိုချဉ်  ပြုလုပ်ခြင်းနှင့် အုန်း ရေချိုးဆပ်ပြာ၊ အုန်းမီးသွေးကဲ့သို့သော တန်ဖိုးမြင့် အုန်းထုတ်ကုန်များ ပြုလုပ်ခြင်း စသည့်နည်းပညာများကို  ပြည်တွင်းကျွမ်းကျင်ပညာရှင်များက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးနေကြောင်းသိရသည်။

အုန်းသီးကို ကုန်ကြမ်းအဖြစ် အလုံးလိုက် ပြည်ပကိုတင်ပို့ခြင်းထက် တန်ဖိုးမြင့်ထုတ် ကုန်အဖြစ် ကုန်ချောထုတ်လုပ်နိုင်ပါက အုန်းစိုက်တောင်သူများအတွက် ၊ ရောင်းဝယ်လုပ်ကိုင်သူများပိုပြီးအဆင်ပြေလာနိုင်ကြောင်း သိရသည်။

” အကိုတို့အခေါ်တော့ အုန်းသီးအလုံးလိုက်ဆိုကုန်ကြမ်းပေါ့ ၊အဲ့ဒါကိုမှ ကုန်ချောဖြစ်အောင်ထပ်ထုတ်လုပ်မယ်ဆိုတော့ ပိုအဆင်ပြေတာပေါ့၊ခြံသမားတွေအဆင်ပြေသွားမယ်၊အရောင်းအဝယ်သမားတွေလည်းအဆင်ပြေမယ်၊လုပ်ငန်းတစ်ခုပိုတွင်သွားတာပေါ့။ မြန်မြန်အကောင်ထည်ဖော်နိုင်ရင်အကောင်ဆုံးပါ၊ အုန်းစိမ်းဂျယ်လီကတော့ အရေသောက်ပုံစံ နည်းနည်းနုတာကိုသုံးတယ်၊ ကျန်တဲ့မုန့်လုပ်တာတွေအတွက်က အုန်းအရင့်စွဲကိုပဲသုံးတာပေါ့ ” ဟု ဧရာဝတီတိုင်း၊ဖျာပုံခရိုင်မှ အုန်းသီး ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုဝင်းမှပြောသည်။

လက်ရှိတွင် အုန်းသီးအရင့် ကို ပြည်တွင်းတွင် မုန့်လုပ်ငန်းများတွင် အဓိကအသုံးပြုပြီး အုန်းသီးအနုကို ဆွဲအုန်းများကို အခမ်းအနားများနှင့် ပွဲတင်သည့်အခါမျိုးတွင် အသုံးပြုကာ အနာပါသည့် အုန်းသီးအနုများကို အရည်သောက်အုန်းသီးအဖြစ် ရောင်းချကြကြောင်းသိရသည်။

အုန်းသီးကို ပြည်ပတင်ပို့မှုအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသာ အဓိကတင်ပို့ရပြီး  ပြည်ပကိုတင်ပို့မှုအနေဖြင့်  ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ဝ . ဝ၈၂ သန်းတန်ဖိုးရှိ အုန်းသီး ၂၀၆ တန် တင်ပို့ခဲ့ပြီး   ၂၀၂၂ -၂၀၂၃ ဘဏ္ဏာ နှစ်တွင်   အမေရိကန်ဒေါ်လာ ဝ ဒသမ ၁၂၈ သန်းကျော် တန်ဖိုးရှိ အုန်းသီး တန် ၃၀၀ ကျော်ကို  တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် အုန်းသီးအရင့်စွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဝယ်မရှိတာကြောင့် တင်ပို့မှုမရှိတာကြောင့် မန္တလေးစျေးကွက် နှင် ရန်ကုန် စျေးကွက်၊ တာချီလိတ်ကို တင်ပို့ရောင်းချနေရပြီး အုန်းသီးအရင့် တစ်လုံးကို ၉၅၀ ကျပ်ရောင်းချနေရ ကြောင်းသိရသည်။

ပြည်တွင်း၌ အုန်းပင်ကို ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊ တနင်္သာ ရီတိုင်းတို့တွင်  အများ ဆုံး စိုက်ပျိုးပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တစ်နှစ်လျှင် အုန်းသီး အလုံးရေ သန်း ၄၀ဝ ကျော်ထွက်ရှိကာ ပြည်တွင်းစားသုံးမှုမှာတော့ အထွက် နှုန်း၏ ၈၃ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

အုန်းပင်သည် သဘာဝအတိုင်း စိုက်ပျိုးထားကြသည့်  နှစ်ရှည်သီးနှံပင်ဖြစ်ပြီး ယခုမိုးရာသီတွင် သီးသည့် အုန်းသီးများသည် လာမည့် ဇန်နဝါရီ မှစပြီး နေရာစုံတွင် ခူးစွတ်ကြမည်ဖြစ်ကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

(သတင်းများကို တိုက်ရိုက်ကူးယူဖော်ပြခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)
..

Leave a Reply

Your email address will not be published. Required fields are marked *